နျူကလီးယားဖြင့် ရန်စလာလျှင် နျူကလီးယားဖြင့် လက်တုံ့ပြန်မည်ဟု ကင်ဂျုံအွန်ကတိပြု

 

နျူကလီးယားဖြင့် ရန်စလာလျှင် နျူကလီးယားဖြင့် လက်တုံ့ပြန်မည်ဟု ကင်ဂျုံအွန်ကတိပြု

 

    နျူကလီးယားဖြင့်  ရန်စလာမှုများကို  နျူကလီးယားဖြင့်  လက်တုံ့ပြန်တိုက်ခိုက်မှု များပြုလုပ်သွားမည် ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က  ပြောသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားသည်။

ကင်ဂျုံအွန်သည် ဒီဇင်ဘာလ ၂၀ ရက်တွင်   စစ်ဘက်ထိပ်တန်း အရာရှိများနှင့် အစည်းအဝေးပြုလုပ်စဉ်    ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ပါဝင်သူများသည် Hwasong-18 အမြင့်ပျံဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတွင်  ပါဝင်ခဲ့သူများ ဖြစ်ပြီး ကင်ဂျုံအွန်က ဒုံးတပ်ဖွဲ့၏ တိုက်ပွဲဝင် စွမ်းဆောင်ရည်က အမြင့်ဆုံးသော လှုပ်ရှားမှုနှင့် အမြန်ဆုံးသော တိုက်ခိုက်မှု အထိဖြစ်ပေါ်လာနေပြီကို တွေ့ရကြောင်း ကင်ဂျုံအွန်က ပြောသည်။

မြောက်ကိုရီးယားသည် Hwasong-18  အမြင့်ပျံဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ဒီဇင်ဘာလ ၁၈ ရက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒုံးကျည်သည် ဂျပန်အထူး စီးပွားရေးဇုန် အပြင်ဘက်ရှိ ဂျပန်ပင်လယ်ပြင်အတွင်းသို့   ကျရောက်သွားကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားအနေဖြင့် ယခုကဲ့သို့ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်ဒေသ၌ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လုပ်ဆောင်ချက်များအပေါ်   လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟုKCNA သတင်းဌာနက ဖော်ပြထားကြောင်း သိရသည်။