(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများ၏ စကားသံများ

 

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်  မြန်မာ့ တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများ၏ စကားသံများ

 

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC-2 ၌ကျင်းပရာ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများ၏ စကားသံများကိုလည်း အောက်ပါအတိုင်း ကြားသိခဲ့ရသည်-

ဒေါက်တာစုစုဒွေး၊ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန

    မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနဲ့  မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကျင်းပလာတာဟာ ယခုဆိုရင် (၂၂)ကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်။ အခုဒီညီလာခံကို ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်တွင်းပြည်ပ နှီးနွှယ်ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊  အစွမ်းထက်မြက်ပြီး ဘေးအန္တရာယ်ကင်းသည့် တိုင်းရင်းဆေးအသစ်တွေ ပေါ်ထွန်းလာစေရန်၊ တိုင်းရင်းဆေးပညာရှင်များမှ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်ရာတွင် ပိုမိုပြီးထိရောက်စွာ စောင့်ရှောက်နိုင်ရန်၊ သူတို့ရဲ့အရည်အသွေး မြင့်မားအောင် ပြုစုလေ့ကျင့် ပျိုးထောင်ပေးနိုင်ရန်၊ ပြည်သူလူထုကို   တိုင်းရင်းဆေးနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးတာတွေ၊ အသိပညာပေးတာတွေကို   ပိုမိုပြီး  ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ ဒီညီလာခံ မှာတင်သွင်းသွားမယ့် အဆိုပြုချက်တွေ ကတော့ ကျွန်မတို့ရဲ့ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ယခင်ကလည်း နှီးနွှယ်တဲ့ ပြည်တွင်း၊ ပြည်ပတွေနဲ့ ဆက်သွယ်

ပြီးဆောင်ရွက်နေပါတယ်။ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ တောရောမြို့ပါ ကျေးလက်အောက်ခြေအထိ ရောက်အောင် ပြည်သူလူထုကို စောင့်ရှောက်ပေးဖို့ဖြစ်ပါ တယ်။ တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ်  ပိုမိုတိုးတက်နေအောင် နိုင်ငံတော်အကြီးအကဲရဲ့  လမ်းညွှန်မှု၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့  လမ်းညွှန်မှု အတိုင်း ကျွန်မတို့ဦးစီးဌာနနဲ့ တိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးအကြံပေးအဖွဲ့၊ တိုင်းရင်းဆေး လုပ်ငန်းရှင်များအသင်း၊ တိုင်းရင်းဆေး တက္ကသိုလ်အားလုံး ပူးပေါင်းပြီး တိုင်းရင်းဆေးပညာ   ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားလုံးကဝိုင်းဝန်းပြီး ကြိုးပမ်းနေပါတယ်။

ဒေါ်ကေသီမာ၊ဒုတိယပါမောက္ခ/ဌာနမှူး၊ မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် (စာတမ်းရှင်)

    ကျွန်မတင်သွင်းမယ့် ခေါင်းစဉ်ကတော့ “သတ္တုအကြောင်း သိကောင်းစရာ” ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ သတ္တုလို့ပြောလို့ ကြေးသတ္တု၊ သံသတ္တုအကြောင်း ပြောမှာတော့ မဟုတ်ပါဘူးရှင့်။ ကျွန်မရဲ့စာတမ်းထဲက အပင်ထွက်သတ္တုတွေရဲ့ အကြောင်းကို ပြောပြမှာပဲဖြစ်ပါတယ်ရှင်။ သစ်ပင်တွေမှာရှိတဲ့ အဆီ၊ အစေး၊ အနှစ်တွေကို ထုတ်ယူတာကို   သတ္တုလို့ခေါ်ပါတယ်။

အဲဒီသတ္တုမှာ သတ္တုလေးမျိုးရှိပါတယ်။ အရည်သတ္တု၊   အဖတ်သတ္တု၊  ဆားသတ္တုနဲ့ ဓာတ်သတ္တုတို့ပဲဖြစ်ပါတယ်ရှင်။ အပင်ထဲမှာ  အဲဒီသတ္တုတွေပါပါတယ်။ အရည်သတ္တုကိုတော့ သစ်ပင်ရဲ့ ပဉ္စငါးပါးကို ထောင်းပြီး အရည်ညှစ်လိုက်တာကို အရည်သတ္တုရပါတယ်။ သစ်ပင်တွေရဲ့ အရည်တွေကို နည်းအမျိုးမျိုးနဲ့ထုတ်။ အဲဒီလိုထုတ်ပြီး အခဲဖြစ်အောင်ချက်တာကို အဖတ်သတ္တု လို့ခေါ်ပါတယ်။ ဆားသတ္တုကတော့ သစ်ပင် အထဲမှာ ကိန်းနေတဲ့ ကျောက်ချဉ်၊ ဆား၊ ဇဝက်သာတို့လို ဆားအုပ်စုတွေလို့ခေါ်ပါတယ်။ ဓာတ်သတ္တုဆိုတာကတော့ သစ်ပင်ထဲမှာကိန်းနေတဲ့ ရုပ်ဒြပ်ကိုးပါး၊ နာမ်ဒြပ်ကိုးပါးကို သစ်ပင်အထဲမှာ ကိန်းနေတာကို ထုတ်မှာဖြစ်ပါတယ်ရှင်။ အဲဒီဟာကို ဒြပ်သတ္တုလို့ ခေါ်ပါတယ်ရှင်။ ကျွန်မရဲ့စာတမ်းကတော့ အဓိကအားဖြင့် အစာအိမ်အချဉ် ပေါက်တဲ့ရောဂါကို ကုသဖို့အတွက်ပါ။ တိုင်း ရင်းဆေးရဲ့ အခြေခံဖြစ်တဲ့ အပင်ထွက်ပစ္စည်းတွေကိုသတ္တုချပြီး အစာအိမ် အချဉ်ပေါက်ရောဂါအပေါ် အာနိသင်ရှိကြောင်းကို တိုင်းရင်းဆေးပညာအမြင်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ ကျွန်မစာတမ်းမှာပါတဲ့ ဆေးကိုနံနက်၊ နေ့၊ ည ကြွေဇွန်းတစ်ဇွန်းခန့် သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်ရှင်။ ဆေးမှာပါဝင်တဲ့ အချိုးအစားတွေကတော့ တောကြက်မောက် ဆူးပြန်ဆား ၄ ပဲ၊ ထန်းနို့ဆား ၄ ပဲ၊ ဟင်းနုနယ် ဆူးပေါက်ဆား ၄ ပဲ၊ ကန့်ကလာ ဆား ၄ ပဲ၊  သံပရာရည် ၅ ကျပ်သား၊ ပျားရည် ၁၀ ကျပ်သားနှင့်ရောပြီး မွှေရပါမယ်။ ဆူတက်လာပါလိမ့်မယ်။ အဆူရပ်တဲ့အခါ ကြွေဇွန်းနှင့်နံနက်၊ နေ့၊ ည ေ<ကဇွန်း တစ်ဇွန်းစီသောက်ပါက အစာအိမ်အချဉ်နာကို ပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။ အဲဒီ ရုက္ခမူဆားသတ္တုကို ကိုယ်ဝန်ဆောင်မိခင်များ၊ နှလုံးရောဂါဝေဒနာရှင်တွေကို မတိုက်ကျွေးမိရန် အထူးရှောင်ကြဉ်ရမယ် ဆိုတာကို သတိချပ်စေချင်ပါတယ်ရှင်။

ဦးစိန်လွင်၊ ရွှေရောင်စဉ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး

    ကျွန်တော့်အနေနဲ့ အခုကျင်းပတဲ့ ညီလာခံကို တိုင်းရင်းဆေး ထုတ်လုပ်သူများအနေနဲ့တက်တာဖြစ်ပါတယ်။ ဒီနှစ်က ဒုတိယ အကြိမ်မြောက် ခင်းကျင်းပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှေရောင်စဉ်ဆေးတိုက်မှ ဆေးငါးမျိုး ထုတ်လုပ်ပါတယ်။ အဲဒါတွေကတော့ အပူငြိမ်းသွေးဆေး၊ ဝမ်းမှန်ဆေး၊ ရှူလိမ်းဆေး၊ ပရုတ်ဆီနဲ့ဆေးမြစ်စုံဒဏ်ကြေလိမ်းဆေး စတဲ့ဆေးငါးမျိုး ထုတ်လုပ်ပါတယ်။ အဲဒီဆေးတွေအထဲမှာ ဆေးမြစ်စုံ ဒဏ်ကြေလိမ်းဆေးဆိုရင် ဆေးဖက်ဝင်တဲ့ တောင်တန်ကြီး၊ နလင်ကျော်၊ တောရှောက်မြစ်၊ ပရုတ်စတဲ့ဆေးတွေကို အချိုးကျကျ သေချာဖော်စပ်ထားပြီးမှ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အာနိသင်လည်း ကောင်းတယ်။ အနံ့ကလည်း  နံ့သာနံ့လေးလို အနံ့ရှိတဲ့အတွက် လိမ်းရတဲ့သူများအတွက် ရောဂါလည်း ပျောက်ကင်းတဲ့အပြင် ခံစားမှုလည်း ကောင်းစေပါတယ်။ အခုလောလောဆယ်တော့  တော်တော်လေးရောင်းနေရတဲ့ ထုတ်ကုန်လို့ ပြောချင်ပါတယ်။ တိုင်းရင်းဆေး ကအရေးကြီးပါတယ်။ ပြည်သူလူထု ကျန်းမာရေးမှာ တိုင်းရင်းဆေးက အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ တိုင်းရင်းဆေးက လူတွေ ၈၅ ရာခိုင်နှုန်းခန့် အသုံးပြုတယ်လို့မှတ်တမ်းများအရ သိရပါတယ်။ အခုလို ညီလာခံတွေကျင်းပတယ်၊ စာတမ်းတွေဖတ်တယ်ဆိုတာ ရှေးရိုးသမားစဉ် ဆေးနည်းတွေနဲ့ နောက်ထပ်တိုးတက်လာမယ့် စာတမ်းတွေကိုကြည့်ပြီး နောက်ထပ်တိုးတက်လာမယ့် အလားအလာကောင်းတွေကို ရမှာဖြစ်ပါတယ်လို့မြင်မိပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ Video Message မှာ ပြောသွားတဲ့ ဝိသမဆေးဆိုရင်လည်း ခေတ်ကာလအရဖြစ်လာတဲ့ ကိုဗစ်ရောဂါကို ကျွန်တော်တို့တိုင်းရင်းဆေးနဲ့ ပျောက်ကင်းအောင် ကုသတယ်ဆိုတာ ပြောသွားတာ ကြားသိရပါတယ်။ ဒါဟာကျွန်တော်တို့ တိုင်းရင်းဆေးအတွက် ဂုဏ်ယူစရာဖြစ်သလို  သမိုင်းမှာလည်း တွင်ကျန်နေမှာဖြစ်ပါတယ်။

ဦးခင်မောင်ရင်၊ ဆေးမှူး၊ တိုင်းရင်းဆေးရုံ (ခုတင်-၁၀၀)၊ (နေပြည်တော်)

    အခုတိုင်းရင်းဆေးညီလာခံမှာ နယကြီး လေးပါးကို ပြသတဲ့အပိုင်းကို တာဝန်ယူ ဆောင်ရွက်ရတာပါ။ ကျွန်တော်ကတော့ မြန်မာအကြောပြင် ကုသခန်း အပိုင်းကို တာဝန်ယူ ဆောင်ရွက်ရပါတယ်။ နယကြီး လေးပါးဆိုတာ ဝိဇ္ဇာဓရနယဆိုရင် မိုးကြိုးသွားနဲ့ ကုသပေးတာပါ။ မိုးကြိုးသွားနဲ့ ဖြည့်စွက်ကုထုံးအနေနဲ့ ပိဏ္ဍသွေဒရာထုံး (ကြပ်ထုပ်ထိုးကုသခြင်း)၊  ဥပနဟသွေဒ (ဆေးစည်း၊ ဆေးကပ်ကုသခြင်း)၊ ကဋိဝတ္တိ ကုထုံး(ခါးနာရောဂါတွင် ဂျုံဆီလောင်းကုသခြင်း)၊ အဘယန္ဂကုထုံး (ဆေးအဆီလိမ်း၍ကုသခြင်း)ဆိုတဲ့ ကုသခြင်းလေးမျိုးကို ကုသပေးပါတယ်။ တိုင်းရင်းဆေးနဲ့ ကုသပေးရာမှာလည်း မနေ့ကဆိုရင် လူဦးရေ  ၇၀  ကျော်လောက် လာရောက်ကုသခဲ့ပါတယ်။ ယခင်နှစ်တွေကလည်း အခုလိုကုသဆောင်ရွက်ပေးပါတယ်။ နိုင်ငံတော် အနေနဲ့လည်းတိုင်းရင်းဆေးကို   တိုးတက်ဖို့အတွက် အမြဲတမ်းကူညီ ဆောင်ရွက်ပေးတယ်ဆိုတာကို အခုတိုင်းရင်းဆေးညီလာခံမှာ နိုင်ငံတော် ဝန်ကြီးချုပ်ရဲ့Video Message မှာ တိုင်းရင်းဆေးကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နိုင်ဖို့ကြိုးစားပြီး ဆောင်ရွက်နေတယ်ဆိုတာကို ပြောကြားသွားတာ တွေ့ရပါတယ်။ အခုလို ညီလာခံတွေ ကျင်းပပေးတဲ့အတွက် တိုင်းရင်းဆေးပညာရပ်တွေ တိုးတက်မြင့်မားလာစေပြီး  ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုးတွေကလည်း ကျန်းမာရေး အသိတွေ  တိုးတက်လာစေပါတယ်။ ဒါ့အပြင်  မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းဆေး ဆရာတွေလည်း ပြန်လည် တွေ့ဆုံရတဲ့အပြင်  ဆေးပညာရပ်တွေလည်း   နှီးနှောဖလှယ်ခွင့်ရတဲ့ အတွက် အများကြီးကောင်းပါတယ်။ အာဆီယံနိုင်ငံတွေမှာလည်း တိုင်းရင်းဆေး ပညာရပ်တွေကို သွားရောက်ပြသတာတွေလည်း ရှိပါတယ်။ မြန်မာ့တိုင်းရင်းဆေးကိုလည်း တန်ဖိုးထား

ပြီး သုံးစွဲမှုတွေရှိတာကိုလည်း တွေ့မြင်ရပါတယ်။ နေပြည်တော်  တိုင်းရင်းဆေးရုံ (ခုတင်-၁၀၀)အနေနဲ့ လူနာတွေကို ဆေးရုံတက် ကုသနိုင်တဲ့အပြင်  နေ့စဉ်ပြင်ပလူနာတွေကိုလည်း ကုသမှုတွေ ဆောင်ရွက်ပေးပါတယ်။ တိုင်းရင်းဆေးဆိုတော့လည်း ဘေးထွက် ဆိုးကျိုးနည်းတဲ့အပြင် ကုန်ကျ မှုလည်း သက်သာပါတယ်။ ရောဂါလည်း အမြစ်ပြတ်ပျောက်ကင်းပါတယ်။ တိုင်းရင်း ဆေးဆိုတာ   ကိုယ့်နိုင်ငံ၊  ကိုယ့်လူမျိုးတွေက ကိုယ့်ရာသီဥတုမှာ ပေါက်တဲ့ ဆေးပင်တွေနဲ့၊  ဆေးတွေနဲ့ကုသခြင်းပဲ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်။

နော်ဟေဇလ်ညီညီထွန်း၊ဒုတိယနှစ်ကျောင်းသူ၊မြန်မာတိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)

    မန္တလေးတိုင်းဒေသကြီး မြန်မာတိုင်းရင်း ဆေးတက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတာပါ။ တိုင်းရင်းဆေးညီလာခံကို လေ့လာသူအနေနဲ့ တက်ရောက်တာပါ။ အခုဆိုရင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ပုံတွေ၊ ရှေးသုံး ရှေးနည်းအစဉ်လာတွေကို လေ့လာဖို့အတွက်ရောက်လာတာပါ။ ရှေးထုံးအစဉ်လာကို မပယ်ကောင်းဆိုတဲ့အတိုင်း တိုင်းရင်းဆေးပညာကို ဟိုအရင်ခေတ်ကတည်းက သုံးစွဲလာတယ်ဆိုတဲ့အတိုင်း၊ ရှေးအစဉ်အလာမပျက် ဆက်လက်သုံးစွဲဖို့အတွက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားပေးတဲ့ အတွက် အားလုံးကို အသိဉာဏ်တိုးပွားစေတဲ့အပြင်   မြန်မာဆေးနည်းတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အသိပေး၊ သတိပေး ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   ။