တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ၏ စကားသံများ

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ မွေးထုတ်ပေးလိုက်သည့် သင်တန်းဆင်း အမျိုးသမီးအရာရှိများ၏ စကားသံများ

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရာတွင် အမျိုးသမီးစစ်မှုထမ်းများကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်ဟူသည့် ရည်ရွယ်ချက်နှင့်အညီ နှစ်စဉ် မွေးထုတ်ပေးလျက်ရှိရာ ယခုဆိုလျှင် အမှတ်စဉ်(၁၀) တိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ဒီဇင်ဘာလ ၂၂ ရက်တွင်ကျင်းပရာ အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းနည်းပြအရာရှိများနှင့် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီးကျော်ထိန်

(ဒုတိယကျောင်းအုပ်ကြီးနှင့်

နည်းပြမှူးချုပ်)

ကျွန်တော်တို့ ဒီသင်တန်းဖွင့်လှစ်ရခြင်း ရဲ့ရည်ရွယ်ချက်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ အမျိုး သမီးစစ်မှုထမ်းတွေ ပါဝင်နိုင်စေဖို့အတွက် အမျိုးသမီးစစ်မှုထမ်းအရာရှိတွေကို လေ့ ကျင့်သင်ကြားမွေးထုတ်ပေးဖို့ဖြစ်ပါတယ်။ ယခုကျောင်းဆင်းတဲ့  ဘွဲ့ရအမျိုးသမီး ဗိုလ် လောင်းသင်တန်းအမှတ်စဉ်(၁၀) မှာဆိုရင် မဟာဘွဲ့ရရှိသူ၊ အင်ဂျင်နီယာဘွဲ့ရရှိသူ၊  တခြားဝိဇ္ဇာဘွဲ့/သိပ္ပံဘွဲ့ရရှိသူတွေ ပါဝင်ပါတယ်။    သင်တန်းကာလအနေနဲ့ ရက်သတ္တ  ၃၆  ပတ်ဖြစ်ပြီး  သင်ကြားပေးတဲ့သင်ခန်းစာတွေအနေနဲ့ စစ်ရေးပြ၊ ကြံ့ခိုင်ရေး၊ ခြေလျင်လက်နက်သင်၊ စစ်နည်းဗျူဟာ၊ အထူးစစ်နည်းဗျူဟာ၊ ဦးစီးတာဝန်၊  လက်ရုံးဝန်ထမ်းနဲ့  တိုက်ပွဲဝင်စည်းရုံးရေးဘာသာရပ်တွေကို လေ့ကျင့်သင်ကြားပေးပါတယ်။

သင်တန်းပြီးသွားရင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရရှိသူတွေက   ဒုတိယဗိုလ်အဆင့်ရရှိမှာဖြစ်ပြီး မဟာဘွဲ့နဲ့အထက် ရရှိထားတဲ့သူတွေက ဗိုလ်အဆင့်နဲ့စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အခုကျောင်းဆင်းပြီးလို့တပ်/ဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်ကြမယ့် တပည့်တွေနဲ့ ရှေ့ကကျောင်းဆင်းပြီးသွားတဲ့ တပည့်တွေအနေနဲ့    အမျိုးဘာသာ၊   သာသနာကိုစောင့်ရှောက်နိုင်တဲ့၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျရာနေရာက တာဝန်ထမ်းဆောင်ပြီး တပ်မတော်ရဲ့ ဂုဏ်ကိုမြှင့်တင်နိုင်တဲ့ အမျိုးသမီးအရာရှိကောင်းတွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။

ဗိုလ်ကြီးမျိုးသန္တာအောင်

(ဗိုလ်လောင်းတပ်ခွဲမှူး)

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းတွေကို စီနီယာတစ်ဦးအနေနဲ့  ဗိုလ်လောင်းတွေ သင်တန်းကျောင်းကို   စတင်ရောက်ရှိသတင်းပို့စဉ်ကစပြီး သူတို့နဲ့ပတ်သက်တဲ့ အိပ်ဆောင်တွင်း၊ အိပ်ဆောင်ပြင်နေထိုင်မှုစည်းကမ်း၊ ဝတ်စားဆင်ယင်မှုစည်းကမ်း၊ ဗိုလ်လောင်းတစ်ဦးအနေနဲ့ ဘယ်လိုသွားလာ စားသောက်ရမယ်ဆိုတဲ့ စည်းကမ်းတွေကို    လေ့ကျင့်သင်ကြားပေးရပါတယ်။

တာဝန်အနေနဲ့ကလည်း ဗိုလ်လောင်းတပ်ခွဲမှူးဖြစ်တဲ့အတွက် ဗိုလ်လောင်းတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေမှာပါ ကြပ်မတ်ဆောင်ရွက်ပေးရပါတယ်။    မြန်မာအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် တပ်မတော်အရာရှိဖြစ်လာမယ့်   ဗိုလ်လောင်းတွေကို   ဝတ်စားဆင်ယင်မှုကအစ   သပ်ရပ်အောင်  ဝတ်စားတတ်ဖို့၊  နေမှုထိုင်မှုမှာလည်း   ဣန္ဒြေရရနေတတ်အောင်၊  စားသောက်တဲ့အခါမှာလည်း စည်းစနစ်တကျ စားတတ်အောင် စတာတွေကို ကျွန်မတို့ကိုယ်တိုင်သင်တန်းတက်ခဲ့စဉ်က ဖြတ်သန်းခဲ့ရတဲ့  စာတွေ့၊ လက်တွေ့အတွေ့အကြုံတွေနဲ့   နှိုင်းယှဉ်ပြီးသင်ကြားပေးတယ်။

တပ်တွင်း၊    တပ်ပြင်သင်ခန်းစာတွေကို ဗိုလ်လောင်းတွေနဲ့အတူ အမြဲလိုက်ပါရတဲ့အတွက် ဘယ်အတားအဆီး ဘယ်နေရာကတော့ အခက်အခဲရှိတယ်၊ ဘယ်လိုဖြတ်ကျော်ရမယ်ဆိုတာတွေလည်း သင်ကြားပေးတယ်။    သင်ထောက်ကူ ပစ္စည်းပိုင်းမှာ တိုးတက်ကောင်းမွန်လာတဲ့အတွက် အရည်အချင်းလည်း ပိုမိုကောင်းမွန်လာပါတယ်။

သူတို့တွေရဲ့စိတ်ဓာတ်ပိုင်းကတော့ ဘွဲ့ရပြီးသားဖြစ်တယ်။    ပြင်ပအတွေ့အကြုံလည်းရှိတယ်။   ပြင်ပလောကကိုလည်း ဖြတ်သန်းခဲ့ကြတဲ့အတွက် လိမ္မာပါးနပ်မှုရှိသလို   ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြတယ်။ စိတ်ဓာတ်တက်ကြွနေပြီးတော့  သင်ကြားသမျှကို တတ်မြောက်လွယ်ကြတယ်။    မတူညီတဲ့အရပ်ဒေသအသီးသီးကလာကြတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း မတူကြပါဘူး။ ဒါပေမဲ့တစ်သွေး၊   တစ်သံ၊  တစ်မိန့်ဆိုတဲ့တပ်မတော်ရဲ့မူဝါဒကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်တဲ့အတွက်   အခုချိန်မှာတော့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေကြပါပြီ။   ကိုးလတာကာလ ပတ်လုံး  စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာဘာသာရပ်တွေနဲ့    စစ်ရေးပြ၊  လက်နက်ငယ်၊ စစ်ကဏ္ဍကြီး(၄)ရပ် အစရှိ

တဲ့ သင်ခန်းစာတွေကို ဇွဲလုံ့လရှိရှိသင်ကြားခဲ့ပြီး ဘာသာရပ်တိုင်းကို စာတွေ့၊ လက်တွေ့အောင်မြင်ခဲ့ပြီး ဖြစ်တဲ့အတွက် ကျောင်းဆင်းပြီးချိန်မှာလည်း   ကျရာတာဝန်ကို  ကျေပွန်စွာထမ်းဆောင်နိုင်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ အခုလို မျိုးဆက်သစ်တွေကို လေ့ကျင့်သင်ကြားခွင့်ရလို့လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဗိုလ်လောင်းယုယုနိုင်

(အကောင်းဆုံးဗိုလ်လောင်းဆု)

အမျိုးသမီးဗိုလ်သင်တန်းကျောင်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မတတ်ထားတဲ့အတတ်ပညာတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ချင်လို့ပါ။   စိတ်ဓာတ်၊စည်းကမ်းပိုင်းကအစ စာတွေ့၊ လက်တွေ့အားလုံးကို  တက်တက်ကြွကြွနဲ့ ကြိုးစားပြီး   အကောင်းဆုံးလိုက်နာဆောင်ရွက်ခဲ့ပါတယ်။    နည်းပြတွေရဲ့   လေ့ကျင့်သင်ကြားပေးမှု အားလုံးကို စိတ်ဝင်တစားကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။     ဒီလိုဆောင်ရွက် နိုင်ခဲ့တဲ့အတွက် အကောင်းဆုံးဗိုလ်လောင်းဆုကို ရရှိခဲ့ပါတယ်။

သင်တန်းတက်နေစဉ် အတွင်းမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းခက်ခဲပင်ပန်းကြမ်းတမ်းတဲ့ ကာလတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။  ဒါပေမဲ့  နည်းပြဆရာတွေရဲ့ အနီးကပ်သင်ကြား လေ့ကျင့်ပေးတာတွေကြောင့် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အမျိုးသမီးဗိုလ်သင်တန်းက အမျိုးသားဗိုလ်လောင်း သင်ရိုးညွှန်းတမ်းတွေအတိုင်းပဲ လေ့ကျင့်ပေးတာ ဖြစ်တဲ့အတွက်  ပင်ပန်းမယ်၊ ခက်ခဲမယ်၊ လွယ်လွယ်နဲ့ပြီးသွားမယ်လို့တော့    မတွေးစေချင်ဘူး။   ဒါပေမဲ့ ကျောင်းကနည်းပြဆရာတွေရဲ့ သင်ကြားပြသပေးတဲ့ နည်းစနစ်တွေ၊ တိုက်တွန်းချက်တွေ၊ တားမြစ်ချက်တွေအတိုင်း လိုက်ပါလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ အောင်မြင်စွာဖြတ်ကျော်နိုင်မှာပါ။ အမျိုးသမီးအရာရှိတစ်ယောက်အနေနဲ့    မိမိတာဝန်ကျရာ အခန်းကဏ္ဍကနေ အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားမှာပါ။

ဗိုလ်လောင်းရွှေရည်ဝင်း

(စစ်ရေးပြအကောင်းဆုံးဆု)

အမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်  ထမ်းဆောင်ချင်တဲ့ရည်ရွယ်ချက်နဲ့     ဒီသင်တန်းကို  တက်ရောက်တာဖြစ်ပါတယ်။ သင်တန်းကို မန္တလေးတိုင်းဒေသကြီးကနေ လာရောက် တက်ဖြစ်တာပါ။   သင်တန်းကရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့    မိမိတာဝန်ကျရာအခန်းကဏ္ဍကနေ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိသွားမှာပါ။ သင်တန်းမှာ နည်းပြ ဆရာတွေရဲ့ အနီးကပ်လေ့ကျင့်သင်ကြားပေးတာတွေကြောင့်    အကောင်းဆုံးကြိုးစားပြီး  လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် စစ်ရေးပြအကောင်းဆုံးဆုကို   ရရှိခဲ့ပါတယ်။

ဗိုလ်လောင်းကြည်ဗဟိုစိမ့်

(သေနတ်ပစ်အကောင်းဆုံးဆု)

အမျိုးသမီးဗိုလ်သင်တန်းကျောင်းကို  ဧရာဝတီတိုင်းဒေသကြီးကနေ   လာပြီး   တက်ရောက်တာဖြစ်ပါတယ်။  သင်တန်းတက်ရောက်တဲ့အချိန်မှာ အခက်အခဲတွေတော့ရှိပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ အရမ်းခက်ခဲပင်ပန်းကြမ်းတမ်းတဲ့ ကာလတွေမှာ    နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို  တစ်ထောင့် တစ်နေရာကနေ   ပါဝင်ထမ်းဆောင်ချင်တဲ့စိတ်နဲ့ ဖြတ်ကျော်ခဲ့ပါတယ်။ စိတ်ဓာတ်၊ စည်းကမ်းပိုင်းကအစ   စာတွေ့၊ လက်တွေ့အားလုံးကို အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။   နည်းပြတွေ လေ့ကျင့်သင်ကြား ပေးတာအားလုံးကို စိတ်ဝင်တစား ကြိုးစားသင်ယူခဲ့ပါတယ်။

အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် သေနတ်ပစ်အကောင်းဆုံးဆုကို   ရရှိခဲ့ပါတယ်။   ကျောင်းတော်ကြီးက လေ့ကျင့်သင်ကြားပေးလိုက်တဲ့စိတ်ဓာတ်၊ စည်းကမ်းတွေနဲ့   ပေးအပ်တဲ့  ဘယ်လိုတာဝန်မျိုးကိုမဆို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားမှာပါ။

ဗိုလ်လောင်းရွှေဝတ်မှုန်ဦး

(ကြံ့ခိုင်ရေးအကောင်းဆုံးဆု)

အမျိုးသမီးဗိုလ်သင်တန်းကျောင်းကို တက်ရောက်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့နေရာမှာ  ကျွန်မတတ်ထားတဲ့အတတ်ပညာတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ထမ်းဆောင်ချင်တဲ့အတွက်   တက်ရောက်တာပါ။ သင်တန်းရဲ့အစပိုင်းမှာတော့ အရပ်သူဘဝက စတင်ကူးပြောင်းလာချိန်ဖြစ်တဲ့အတွက် သင်ခန်းစာတွေကို   အချိန်နဲ့တစ်ပြေးညီ ခက်ခက်ခဲခဲလိုက်လုပ်ရတဲ့ အခြေအနေတွေရှိပေမယ့် နောက်ပိုင်းသင်တန်းရဲ့  သင်ခန်းစာအချိန်ဇယားတွေပေါ်မှာ အချိန်ကို စနစ်တကျခွဲဝေအသုံးချပြီး သင်တန်းကချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း စနစ်တကျ လိုက်ပါလုပ်ဆောင်လာနိုင်ခဲ့ပါတယ်။  ဆရာတွေရဲ့ အနီးကပ် လေ့ကျင့်သင်ကြားပေးတာတွေကြောင့် အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ ဘွဲ့ရအမျိုးသမီး   ဗိုလ်လောင်းသင်တန်းကို တက်ရောက်ကြမယ့် ညီမငယ်တွေအနေနဲ့လည်း သင်တန်းက ခက်ခဲမယ်၊ လွယ်လွယ်နဲ့ပြီးသွားမယ်လို့တော့ မတွေးစေချင်ဘူး။

သင်တန်းကျောင်းက နည်းပြဆရာတွေရဲ့    သင်ကြားပြသပေးတဲ့ နည်းစနစ်တွေ၊ တိုက်တွန်းချက်တွေ၊ တားမြစ်ချက်တွေအတိုင်း သေသေချာချာလိုက်ပါလုပ်ဆောင်ခဲ့မယ်ဆိုရင်တော့  အောင်မြင်စွာနဲ့ဖြတ်ကျော်

နိုင်မှာပါ။

သတင်းအဖွဲ့(ရန်ကုန်)