ဥရောပစူပါလိဂ်ပြိုင်ပွဲကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံအသစ်ပြောင်းလဲကျင်းပမည့် အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းရန် ပြင်ဆင်နေ

 

ဥရောပစူပါလိဂ်ပြိုင်ပွဲကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံအသစ်ပြောင်းလဲကျင်းပမည့် အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းရန် ပြင်ဆင်နေ

 

    ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ဦးဆောင်ပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲ အမည်ဖြင့် ပြိုင်ပွဲအသစ်တစ်ခု ကျင်းပရန် စီစဉ်နေမှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို   ပုံစံအသစ်ဖြင့်  ပြောင်းလဲကျင်းပမည့်အစီအစဉ်ကို ပြန်လည်ဖျက်သိမ်းပြီး လက်ရှိပုံစံအတိုင်းသာ  ဆက်လက်ကျင်းပရန် ပြင်ဆင်နေကြောင်း သိရသည်။

ဥရောပဘောလုံးအဖွဲ့ချုပ်က အစောပိုင်းက လက်ရှိ ကျင်းပနေသည့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်တွင်   အသင်းအရေအတွက်တိုးမြှင့်ပြီး ကျင်းပရန် အတည်ပြု ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကဲ့သို့   ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့က  ဦးဆောင်၍  ဥရောပစူပါလိဂ်ပြိုင်ပွဲအမည်ဖြင့် ပြိုင်ပွဲအသစ်တစ်ခု ကျင်းပရန် စီစဉ်နေပြီး ဥရောပမှကလပ်အသင်းများကိုလည်း ချိတ်ဆက်မှုများ ပြုလုပ်နေသည့်အတွက်     ဥရောပဘောလုံး အဖွဲ့ချုပ်က ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်ဖြင့် ပြောင်းလဲကျင်းပမည့် အစီအစဉ်အား ပြန်လည်ဖျက်သိမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ်က အစောပိုင်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး  ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန် စီစဉ်နေသည့် အသင်းများကိုသတိပေးမှုများပြုလုပ်ခဲ့ပြီး ဥရောပခုံသမာဓိရုံးထံ ကျင်းပခွင့်မပေးရန် တောင်းဆိုခဲ့သော်လည်း ဥရောပခုံသမာဓိရုံးက ဥရောပဘောလုံး အဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တို့၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ကျင်းပရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကလည်း ဥရောပ စူပါလိဂ်ပြိုင်ပွဲ   ကျင်းပခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး “ကျွန်တော်တု့ိ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပဖို့ ကြိုးစားနေတာကို   တားဆီးမှာ မဟုတ်တော့ပါဘူး။   သူတို့စိတ်တိုင်းကျ လုပ်ဆောင်ကြပါလိမ့်မယ်”ဟု ပြောသည်။