သက်ရှည်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့

 

သက်ရှည်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့

သက်ရှည်ကျန်းမာစေဖို့  ဈေးကြီးကြီးပေးရတဲ့ဆေးတွေသောက်သုံး နေမှမဟုတ်ပါဘူး။ နေ့စဉ်နေထိုင်မှု ဘဝထဲမှာ လိုအပ်တဲ့အချက်တွေကို လိုက်နာလုပ်ဆောင်ရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

သက်ရှည်ကျန်းမာစေဖို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်ပါတယ်။ ပျော် ပျော်နေတတ်သူက လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာစားသလိုမျိုး အသက်ရှည်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အသက် ၁၀၀ ကျော်သူတွေက ဟာသပြောတတ်ပြီး အကောင်းမြင်တတ် တယ်လို့သိရပါတယ်။ ဘဝမှာ ပေါ့ပေါ့ပါးပါးနေပြီး အကောင်းမြင်တတ် သူတွေက    ရောဂါတွေကို တွန်းလှန်နိုင်ပြီး  အရွယ်တင်နုပျိုစေပါတယ်။ အကောင်းမြင်စိတ် မရှိသူက  စိတ်ဖိစီးမှုများပြီး  အရွယ်မတိုင်ခင် အိုမင်း တတ်ပါတယ်။

ရင်ဖွင့်ပြောဆိုသင့်ပါတယ်။ လူတိုင်းမှာ စိတ်ခံစားချက်တွေက မျိုးစုံရှိ တတ်တယ်။ နေ့စဉ်တွေ့ကြုံရတဲ့ အကြောင်းအရာတွေပေါ်မှာ ဖြစ်ပေါ်ခံစားချက်တွေကလည်း အများကြီးရှိပါတယ်။ ခံစားချက်တွေက အဆိုးတွေ ရှိသလို  အကောင်းတွေလည်း ရှိတတ်ပါတယ်။  စိတ်ဆိုးဒေါသဖြစ်စရာ မကောင်းတဲ့ခံစားချက်တွေကို စိတ်ထဲ ထည့်ထားပြီး ခံစားနေမယ့်အစား  ကိုယ်ချစ်ခင်ရတဲ့၊  ယုံကြည်စိတ်ချရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊  မိဘ၊  ဆွေမျိုးတွေကိုရင်ဖွင့်သင့်ပါတယ်။ ကောင်းမွန်တဲ့ခံစားချက်တွေဖြစ်တဲ့ ဝမ်းသာစရာ၊    ဂုဏ်ယူစရာ၊    ပျော်ရွှင်စရာကောင်းတဲ့ အချက်တွေဆိုရင်လည်း ကိုယ်နဲ့ထပ်တူပျော်ရွှင်နိုင်မယ့်သူတစ်ဦးဦးကို မျှဝေသင့်ပါ တယ်။  ရင်ထဲမှာပဲသိမ်းထားပြီး  ကျိတ်ခံစားနေရသူတွေထက် ရင်ဖွင့် ပြောဆိုတတ်သူတွေက သက်တမ်းနှစ်နှစ် ပိုရှည်စေတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ရင်ဖွင့်ပြောဆိုမှုမရှိဘဲ ကျိတ်ခံစားရသူတွေ က   ကင်ဆာရောဂါနဲ့ သွေးဖိအားမြင့်တက်တာတွေ   ဖြစ်ပေါ်စေနိုင်ပါ တယ်။

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် အနည်းငယ်ပိုများနေသူတွေက ပုံမှန်အလေးချိန် ရှိသူတွေထက်ပိုပြီး အသက်ရှည်ကြပါတယ်။ ကိုယ်အလေးချိန်မြင့်တက်နေတဲ့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ၊ ကျန်းမာရေးစစ်ဆေး မှုခံယူတာတွေ လုပ်ဆောင်တာကြောင့် ရောဂါရှိခဲ့ရင်လည်း စောစောစီးစီး သိရလို့ ကုသမှုကို စောစီးစွာခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်အလေးချိန် အနည်းငယ်များနေသူတွေက  အဖျားရောဂါဖြစ်တဲ့ အခါမှာလည်း အမြန်ဆုံးပြန်လည် သက်သာစေနိုင်ပါတယ်။  ခန္ဓာကိုယ်ရဲ့ အဆီတွေက ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကောင်းမွန်စေတာကြောင့် ဖြစ်ပါတယ်။ ဒါ့ပြင်  ကိုယ်အလေးချိန်များနေတဲ့အခါ  အရေပြားက တင်းရင်းမှုရှိတာကြောင့် အရေးအကြောင်းတွေ မဖြစ်အောင်လည်း ဖယ်ရှားနိုင်လို့ နုပျိုတဲ့အသွင်ဆောင် စေပါတယ်။

မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံသင့်ပါတယ်။ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ မကြာခဏတွေ့ဆုံပြီး စကားပြော ရယ်မောတာကြောင့် သွေးဖိအားကျဆင်းနိုင်သလို ခုခံအားစနစ်မြင့်တက်တာနဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းသွားစေပြီး  စိတ်ဓာတ်ခွန်အားတွေလည်း  ပြည့်ဝလာစေပါတယ်။   လေ့လာမှုတွေအရ   မိတ်ဆွေအပေါင်းအသင်းများသူက အပေါင်းအသင်းမထားဘဲ တစ်ယောက်တည်း  အထီးကျန်နေထိုင်သူတွေ ထက်   ဆိုးရွားတဲ့ကျန်းမာရေး ပြဿနာဖြစ်ပွားမှုနှုန်း   ၂၂   ရာခိုင်နှုန်း လျော့နည်းတယ်လို့သိရပါတယ်။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဆုံလေ့ရှိ သူတွေက လူ့သက်တမ်းခုနစ်နှစ်ပိုရှည်စေတယ်လို့ သိရပါတယ်။

အဆာပြေစာကို သစ်သီးစားသင့်ပါတယ်။ အီတလီနိုင်ငံက ပညာရှင် တွေရဲ့လေ့လာမှုအရ အဆာပြေစာကို မုန့်အချိုတွေ၊ ဆီကြော်စာတွေ စားမယ့်အစား ပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ ဖရဲသီး စတဲ့သစ်သီးတွေ စားသုံးရင် ပုံမှန်ထက် အသက်နှစ်နှစ်ပိုရှည်စေ တယ်လို့သိရတယ်။ အပင်မှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ၇၀ ရာခိုင်နှုန်းအထိ  ဓာတ်ပြယ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ  ဓာတ်ပြယ်သွားတာကြောင့် ဆဲလ်တွေ အရွယ်မတိုင်ခင်ပျက်စီးတာနဲ့ အိုမင်းမှုမဖြစ်အောင် ကာကွယ် နိုင်တယ်လို့လည်း သိရပါတယ်။

ချောကလက်စားသင့်ပါတယ်။ အညိုရင့်ရောင်ချောကလက်ကို တစ် နေ့လက်မအရွယ်လောက်စားသုံးမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၇ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့  သုတေသီတွေကဆိုပါတယ်။ ဒါ့ပြင်လေဖြတ်နိုင်ခြေကိုလည်း  ၂၉  ရာခိုင်နှုန်းအထိ  လျှော့ချနိုင်တယ်လို့ သိရပါတယ်။

ခရမ်းချဉ်သီးစားသင့်ပါတယ်။ ခရမ်းချဉ်သီးမှာ ပေါင်းစပ်ပါဝင်နေတဲ့ ဒြပ်ပေါင်းတွေက နှလုံးကျန်းမာရေးကို များစွာအထောက်အကူဖြစ်စေပါ တယ်။ ခရမ်းချဉ်သီးကိုချက်စားရင်  ဗီတာမင်စီဓာတ်လျော့နည်းသွားစေ မယ်။ လိုင်ကိုပင်း (Lycopene) တွေ  ပိုများလာပြီး အင်တီအောက်စီးဒင့် အာနိသင်တွေ ပိုမိုရရှိနိုင်ပါတယ်။

အနီရောင်စပျစ်သီးဖျော်ရည်  သောက်သင့်ပါတယ်။ ဝိုင်နီက  နှလုံးသွေးကြောကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဝိုင်နီထုတ်လုပ်တဲ့ အနီရောင်စပျစ်သီးမှာလည်း နှလုံးကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့  အာနိသင်တွေ ရှိပါတယ်။  အနီရောင်စပျစ်သီးမှာ ဖလေဗိုရွိုက်(Fla-vonoids) လို အစွမ်းထက်တဲ့ အင်တီအောက်စီးဒင့် (Antioxidants) ပါဝင်တယ်။

အဆီများတဲ့ငါး   စားသုံးသင့်ပါတယ်။  အဆီများတဲ့  ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတွေစားသုံးတဲ့အခါ  ခန္ဓာကိုယ်အတွက်လိုအပ်တဲ့  Omega-3၊  ဗီတာမင်ဘီစစ်၊ ဗီတာမင်ဘီတွဲတို့  ရရှိစေပါတယ်။ Omega-3 က နှလုံးကျန်းမာရေးကောင်းမွန်စေတယ်။     

အသီးအရွက်များများ စားသင့်ပါတယ်။ အသီးအရွက်များများစားတဲ့ သူတွေက အသားကြိုက်သူတွေထက် အသက်ပိုရှည်ကြပါတယ်။ အရွယ် မတိုင်ခင် သေဆုံးတာမျိုးမဖြစ်စေဖို့အတွက် ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်နေတဲ့ အသီးအရွက်တွေ စားသုံးပေးသင့်ပါတယ်။ သဘာ၀ ကနေရတဲ့ အသီးအရွက်တွေက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ တစ်လတစ်ကြိမ် ဒါမှမဟုတ် ခြောက်လတစ်ကြိမ်  ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ ဆီးချိုရှိတယ်ဒါမှမဟုတ် သံသယရှိတယ်ဆိုရင် လျှပ်တစ်ပြက်ဂလူကိုမီတာ (Glucometer) နဲ့သွေးဖောက်စစ်ဆေးတာ၊ နံနက် ၆ နာရီ အစာမစားခင် သွေး ဖောက်စစ်ဆေးတာ၊ ဟေမိုဂလိုဘင်အေဝမ်းဆီ (HbAlC) စစ်ဆေးတာတွေ လုပ်သင့်ပါတယ်။  ပုံမှန်ထက်များနေရင်   ဆီးချို ဖြစ်နိုင်ခြေများလို့ ဆရာဝန်နဲ့ ပြသကုသသင့်ပါတယ်။

အချုပ်ဆိုရရင်   သက်ရှည်ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နေ့စဉ် နာရီဝက်၊ တစ်နာရီကြာ အားကစား၊ အပြေး၊ ရွရွပြေး၊ လမ်း လျှောက်၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုပြုလုပ်သင့်ပါတယ်။  တရားထိုင်သင့်ပါ တယ်။ အစားအသောက်တွေကို ကျန်းမာရေးနဲ့ညီညွတ်စေဖို့ ဂရုတစိုက် ရွေးချယ်စားသုံးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။    ။

ဒေါက်တာလွင်သန့်