မြန်မာ့ရေပြင်ကိုကာကွယ်နေသည့် တပ်မတော်(ရေ)

မြန်မာ့ရေပြင်ကိုကာကွယ်နေသည့် တပ်မတော်(ရေ)

မြန်မာနိုင်ငံအတွင်း  မှီတင်းနေထိုင်ကြသူ ရဟန်းရှင်လူပြည်သူ အပေါင်းတို့အနေဖြင့် မိမိနိုင်ငံ၏ တပ်မတော်သည် မိမိနိုင်ငံကို  အပြည့်အဝကာကွယ်စောင့်ရှောက်နိုင်သည့် တပ်မတော်အဖြစ် မြင်တွေ့လိုကြသည်။ ထိုသို့မြင်တွေ့လိုသည်မှာ မြန်မာနိုင်ငံ၏တည်နေရာအနေအထားနှင့် လွန်ခဲ့သော အတိတ်ကာလက သမိုင်းဖြစ်ရပ်များကြောင့်ဖြစ်သည်။  ယခုအခါ တပ်မတော်သည်   နိုင်ငံတော်အတွက် ကာကွယ်ရေးမောင်းနှင်အား ပြည့်ပြည့်၀၀ မောင်းနှင်နိုင်ပြီဖြစ်သည့်အပြင် ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာကပင်အသိအမှတ်ပြု နေပြီဖြစ်သည်။ ဤသည်မှာ ပြည်သူတစ်ရပ်လုံး၏ မျှော်လင့်ချက်ပြည့်ဝခြင်း ဖြစ်သည်။

တပ်မတော်ဆိုသည်မှာ  ကြည်းတပ်၊ ရေတပ်၊ လေတပ်ပါဝင်သော နိုင်ငံတော်၏ကာကွယ်ရေးတပ်ပေါင်းစုဟူ၍  မြန်မာအဘိဓာန်တွင်ဖွင့်ဆိုထားသည်။ တပ်မတော်(ရေ)သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် (၇၆)နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စိန်ရတုကျော်လွန်လာခြင်းနှင့်အတူ တိုက်စွမ်းအင်၊ တိုက်စွမ်းအားမှာလည်း မြင့်မားနေပြီဖြစ်သည်။  နိုင်ငံတိုင်းတွင် မိမိတို့၏ အချုပ်အခြာအာဏာနှင့် ပိုင်နက် မြေပြင်၊  ရေပြင်၊ ဝေဟင်တို့ကို ကာကွယ်စောင့်ရှောက်ရန်  ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော် တည်ဆောက်ရေးကို မိမိတို့၏   ဓနအင်အားပေါ်မူတည်၍ တည်ဆောက် လျက်ရှိကြသည်။ မြန်မာနိုင်ငံ၏ ပထဝီဝင်တည်ရှိမှုမှာ အလွန်အရေးပါသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် မလွဲမသွေလိုအပ်လျက်ရှိပါသည်။ တပ်မတော်(ရေ)ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ လ ၂၄ ရက်နေ့တွင် ဗမာပြည်ဘုရင့်အပျော်တမ်းအရန်ရေတပ်အား ဗမာ့ရေတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်ရေယာဉ်(မေယု)၏ပထမဦးဆုံးသော မြန်မာနိုင်ငံသားစစ်ရေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်  ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက  ရေတပ်ဦးစီးချုပ်အဖြစ် ဗြိတိသျှ ဗိုလ်မှူးကြီးကေအက်စ်လိုင်းထံမှ တာဝန်လွှဲပြောင်းလက်ခံခဲ့ရသည်။ ဤသည်မှာ မှတ်တမ်းတင်ထားရမည့်  သမိုင်းဖြစ်သည်။

မြန်မာနိုင်ငံကုန်းမြေဧရိယာ၏တစ်ဝက်ကျော်ရှိသည့်   ရေပြင်ဧရိယာသည် စတုရန်းရေမိုင်ပေါင်း ၁၄၄၉၁၂ မိုင်ရှိသည်။   ရေပေါ်ရေအောက်အဖိုးတန်သယံဇာတများ၊ ရေသတ္တဝါများ  နားခိုကျက်စားရာနေရာများနှင့် ကျွန်းကြီး၊ ကျွန်းငယ်များ၊ ပင်လယ်ကမ်းရိုးတန်းသဘာဝအလှတရားများစွာတို့နှင့်  ပြည့်နှက်နေသည်။ မြန်မာ့ရေပြင်သည်  ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့ကို ပိုင်ဆိုင်ထားရှိပြီး ကုန်သွယ်ရေ လမ်းကြောင်းများ ထိန်းချုပ်နေရာ (Choke Point) များကို စိုးမိုးချုပ်ကိုင်ထားနိုင်သော သဘာဝက ပေးသည့်   ထူးခြားသော လက်ဆောင်ကောင်းကို ရရှိထားသည်။ ပင်လယ်ပြင်နှင့်ဆက်စပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများကို သုံးသပ်ကာ မြန်မာ့ရေကြောင်း  အကျိုးစီးပွားများ ကာကွယ်ရန်  တပ်မတော်(ရေ)ကို မဟာဗျူဟာအမြင်ဖြင့်   စဉ်ဆက်မပြတ်တိုးချဲ့တည်ဆောက်ပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းအတွက် အချက်အချာကျသောနေရာတွင်တည်ရှိပြီး  နိုင်ငံတကာအဆင့်မီဆိပ်ကမ်းများနှင့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိုးနိုင်ခြေရှိခြင်း၊ လေစွမ်းအင် ကဲ့သို့ ကမ်းရိုးတန်းအခြေပြု ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးနိုင်ခြင်း၊ ဒီရေတောနှင့်ပင်လယ်သမုဒ္ဒရာက ထိန်းသိမ်းထားသည့် အပြာရောင်ကာဗွန်သိုလှောင်မှုရှိခြင်း၊  သဘာဝအတိုင်းတည်ရှိနေသည့် ကမ်းခြေနှင့် ကျွန်းများရှိ၍   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်ခြင်း၊  ကမ်းရိုးတန်းနေ တိုင်းရင်းသားများ၏  စုံလင်သည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် သဘာဝတရား၏  အခွင့်အလမ်းများစွာ ရှိနေသည်။ ထိုအခွင့်အလမ်းကောင်းများကို စနစ်တကျနှင့်ဖော်ထုတ် အသုံးပြုကြရမည်ဖြစ်သလို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်လည်းဖြစ်သည်။

တပ်မတော်(ရေ)ရေတပ်သင်္ဘောကျင်း အနေဖြင့်   ဖရီးဂိတ်စစ်ရေယာဉ်မှစ၍ ရေယာဉ်မျိုးစုံကို    တည်ဆောက် နိုင်ပြီ ဆိုသောသတင်းမှာလည်း      မြန်မာတို့အတွက်    မင်္ဂလာရှိသောသတင်းဖြစ်ပါသည်။ တပ်မတော်(ရေ)တွင်  လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရေး မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ  လေ့ကျင့်မွေးထုတ် ပေးလျက်ရှိသည်။  အမျိုးသမီးအရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့်ရေးများတွင်ပါ လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၇၆)နှစ်မြောက်  တပ်မတော်(ရေ)နေ့ အထိမ်းအမှတ်  စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် အမှာစကားပြောကြားစဉ် တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့်လိုက်မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား  အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့်  တိုက်ပွဲဝင် အသင့်ရေတပ် (Three Dimensional   Combat   Ready Navy) အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့    အင်အားဖြန့်ကြက်နိုင်စွမ်း ရှိသည့် ရေတပ် (Adjacent Force Projection Navy/Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့်   ရေတပ်(Adjacent Force Projection Navy/Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး  တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်  စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၏  ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုး စီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့်  ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိအကျိုးစီးပွားများ  ဆက်စပ်တည်ရှိရာ ရေပြာသို့အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့်  စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါစစ်ရေယာဉ်များကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ် စစ်သည်တော်များ ဖြစ်စေရေး အမြဲတမ်းလေ့ကျင့်နေရန်လိုအပ်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ်နှစ်စင်း၊ ပြည်ပမှနည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမမြောက်နှင့်    အဋ္ဌမမြောက် ၂၇ မီတာ Super Dvora  အမြန်သွား ကင်းလှည့်ရေယာဉ်နှစ်စင်း၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ်တစ်စင်းတို့   တပ်တော်ဝင်ခဲ့သည်ကို      ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါသည်။

တပ်မတော်ကို      စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးမှာ တပ်မတော်သားများကိုယ်တိုင်က ကြိုးပမ်း လုပ်ဆောင် ရမည့် ကိစ္စရပ် ဖြစ်သည်။ တပ်မတော်သားအားလုံးသည် သစ္စာလေးချက်ကို ဦးထိပ်ရွက်ကာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့်  စည်းရုံးရေး စွမ်းရည်တို့ ပြည့်ဝနေရမည်ဖြစ်သည်။   ယခုအခါ တပ်မတော်(ရေ)သည် (၇၆)နှစ်ပြည့်မြောက်ပြီဖြစ်ပေရာ ဖြတ်သန်းခဲ့ရသော နှစ်ကာလရရှိခဲ့သည့်    အတွေ့အကြုံ၊ ဗဟုသုတများကြောင့် ရေမြင့်၍ကြာတင့်သည့်ပမာ ရင့်ကျက်တည်ငြိမ်ပြီး ခေတ်မီဆန်းသစ်တိုးတက်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဒေသတွင်း နိုင်ငံများက ခံ့ညားလေးစားပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်တပ်မတော်(ရေ) အဖြစ် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။

ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဖက်မြင် စစ်ဆင်နိုင်စွမ်း ရှိသည့်  တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်ခြေလှမ်းသစ်တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ တပ်မတော်(ရေ)၏တိုက်စွမ်းရည်တိုးတက်စေရေးအတွက် တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက် လေ့ကျင့်ရေးမှသည် စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်လေ့ကျင့်ခန်းများအထိ နှစ်စဉ်လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်။ အဖွဲ့လိုက်စွမ်းရည် တိုးတက်စေရေးအတွက် ကြည်း၊ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများ၊ Sea Shield လေ့ကျင့်ခန်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲကင်းလှည့်မှုလေ့ကျင့်ခန်းများ၊    ပြည်ပနိုင်ငံများနှင့် ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ခန်းများကို နှစ်စဉ်ပုံမှန် ဆောင်ရွက်စေခြင်းဖြင့်  နိုင်ငံတကာ ရေတပ်များနှင့်    ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲလာစေကာ   တပ်ဖွဲ့

အချင်းချင်းအတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိစေနိုင်ခြင်း၊ ပင်လယ်ပြင်တာဝန် ထမ်းဆောင်နိုင်မှု အတွေ့အကြုံ၊ သမုဒ္ဒရာဖြတ်ကျော်မောင်းနှင်ရသည့် အတွေ့အကြုံများရရှိနိုင်ခြင်း  စသည့်  အကျိုးကျေးဇူးများကို  ရရှိစေသည်။

တပ်မတော်(ရေ)သည် နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ပင်လယ်ပြင်ကို  ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် ဒေသတွင်းရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရေး (၇၆)နှစ်တာခရီးကို အောင်မြင်စွာ လျှောက်လှမ်းခဲ့ပြီဖြစ်သည်။ နိုင်ငံတော်နှင့်တပ်မတော်အတွက် အားထားရသည့်ပြည်သူက အားကိုးရသောတပ်ဖွဲ့ကြီးတစ်ခု ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ လှေခွက်ချည်းကျန်အလံမလှဲ စိတ်ဓာတ်နှင့် မြန်မာ့ပင်လယ်တို့ကာကွယ် ဟူသည့် ဆောင်ပုဒ်နှင့်အညီ လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်အရာရှိ၊ စစ်သည်များက ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်ဖြစ်ပါကြောင်း   ဂုဏ်ပြုရေးသားအပ်ပါသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)