မြန်မာနိုင်ငံစာရေးဆရာအသင်း မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကျင်းပ

 

မြန်မာနိုင်ငံစာရေးဆရာအသင်း မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၂၄

မြန်မာနိုင်ငံစာရေးဆရာအသင်း ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကန်တော့ခံသက်ကြီးစာပေ ပညာရှင်ဆရာကြီး/ဆရာမကြီးများ၊ မြို့နယ် စာရေးဆရာအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ်  ၁၀၃ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်များအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က   လက်ခံရယူသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် ၂၅ သိန်းကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၅၀ နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလှူဒါန်းသည့်    ငွေကျပ် ၂၇ သိန်း ၈ သောင်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများက လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်းကို ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ  ငွေကျပ်သုံးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးမိသားစုလှူဒါန်းသည့် ငွေကျပ်သုံးသိန်းတို့ကို   ဦးခင်မောင်စိုးကလည်းကောင်း ပေးအပ်လှူဒါန်းရာ   မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက   လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက အမှာစကားပြောကြားရာတွင် နှစ်စဉ် စာပေပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ကျင်းပ လာခဲ့သည်မှာ (၃၆)ကြိမ်ရှိပြီဖြစ်ကြောင်း၊ နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်စဉ် စာဆိုတော်နေ့အဖြစ်သတ်မှတ်ပြီး အခမ်း အနားများကျင်းပ လာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က စာပေပညာရှင်ကြီးများကို အလေးထားကြောင်း၊ နိုင်ငံတော်ကလည်း စာပေလောကသားများ၊ စာပေပညာရှင် စာရေးဆရာကြီး/ ဆရာမကြီးများကို တတ်စွမ်းသရွေ့ ကြည့်ရှုစောင့်ရှောက် ပေးလျက်ရှိကြောင်း။

လက်ရှိနိုင်ငံတော်တွင် ဖြစ်ပျက်နေသည့် သတင်းတု၊    သတင်းမှားများကြောင့် တိုင်းရင်းသားပြည်သူများ  ဒုက္ခရောက်စေမည့် ဘေးမှကင်းဝေးနိုင်စေရေး    စာပေပညာရှင်စာရေးဆရာကြီးများက  မိမိတို့ နားလည် တတ်ကျွမ်းထားသည့်  စာပေကလောင်စွမ်းအားဖြင့် သတင်းအမှန်များကို ဖော်ထုတ်ရေးသား ပေးကြ စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က နှုတ်ခွန်းဆက် စကားပြောကြားပြီး  မြန်မာနိုင်ငံစာရေးဆရာအသင်း   ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)က အလှူရှင်စာရင်းကိုဖတ်ကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ က ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့်ကန်တော့ကြပြီး ကန်တော့ပစ္စည်းနှင့်  ကန်တော့ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများကိုယ်စား အမျိုးသားစာပေတစ်သက်တာဆုရ   ဆရာကြီး ဒေါက်တာထွန်းတင့်(မြန်မာစာ)က သြဝါဒစကား ပြောကြားသည်။

မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ  မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲတွင် ပါဝင်ဆောင်ရွက်ကြမည့် ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲသို့    တက်ရောက်ကြည့်ရှုအားပေးပြီး နှုတ်ခွန်းဆက် စကားပြောကြားသည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ် များရွေးချယ်နိုင်ရန် ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ လျှောက်လွှာများခေါ်ယူခဲ့ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ ၂၅၃ ဦး လျှောက်ထားခဲ့သည်။ အဆိုပါလျှောက် ထားသူများအား  ဒီဇင်ဘာလ ၁၇ ရက်မှ စ၍ စိစစ်ရွေးချယ်ခဲ့ရာ ပဏာမအဆင့်  ၉၇ ဦးရွေးချယ်ခဲ့ပြီး    ဒုတိယအဆင့် ဆက်လက်စိစစ်ရွေးချယ်နေကြောင်း သိရသည်။

ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို အကယ် ဒမီဝါရင့်သရုပ်ဆောင်များဖြင့် စုဖွဲ့ထား သောဒိုင်များက အသံပီသမှု၊ လမ်းလျှောက် မှုဟန်ပန်၊ သရုပ်ဖော်ပြသခြင်းနှင့် ကျွမ်းကျင်ရာပြသမှုတို့ကို အမှတ်ပေးကြပြီး ရွေးချယ် ခဲ့ကြောင်း သိရသည်။