ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကြည့်ရှုစစ်ဆေး

ရန်ကုန်  ဒီဇင်ဘာ  ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သို့ ရောက်ရှိ၍  ကျောင်းအုပ်ကြီး၊  ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊   ဌာနမှူးများနှင့်တွေ့ဆုံပြီး ကျောင်းဆိုင်ရာ အချက်အလက် တင်ပြချက်များအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာနှင့် ရာသီသီးနှံစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ယင်းနောက်   ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် မြဝတီမင်းကြီးလမ်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်း၌  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်ရွက် လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သော   အမှတ်(၄) မော်တော်ယာဉ် ဂိုဒေါင်ပြန်လည်ပြုပြင်ရေး၊   ရာသီသီးနှံစိုက်ခင်းနှင့်   ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ   လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍   ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး   လှိုင်မြို့နယ်ကမာရွတ်ဘူတာရုံလမ်းရှိ နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ရန်ကုန်) သံလွင်ဆောင်ပြင်ဆင် ဆောင်ရွက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။