ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း ရာပြည့်အထိမ်းအမှတ် လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသားဟောင်းများအသင်းက ကြီးမှူးကျင်းပသည့်    ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်းရာပြည့် အထိမ်းအမှတ်   လှေလှော်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်း နာယက ဒေါက်တာကံဇော် တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ YUBC အသင်းသားဟောင်းများအသင်းဥက္ကဋ္ဌ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဥက္ကဋ္ဌ၊ အသင်းသူ၊ အသင်းသားများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းရာပြည့် အခမ်းအနားကို ပြည်ထောင်စု ဝန်ကြီး၊ YUBC အသင်းသားဟောင်းများ အသင်းဥက္ကဋ္ဌ၊  ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် YUBC အသင်းကြီး၏ ဆောင်ပုဒ်ဖြစ်သည့် သေသည့်တိုင်အောင် တက်ကိုဆောင် Row  Till You Are DEAD  တက်ညီလက်ညီ လှော်ခတ်မည်   ဆောင်ပုဒ်နှင့်အညီ ကျောင်းသားမျိုးဆက်တိုင်း ခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှု၊ တက်ညီလက်ညီမှုတို့မှ ရှေ့ပန်းတိုင်သို့   အမြန်ဆုံးရောက်ရှိကာ အောင်ပွဲခံနိုင်မည် ဆိုသည့်စိတ်ဓာတ်များကို မွေးမြူလေ့ကျင့်ပေးလျက်ရှိကြောင်း၊  နိုင်ငံအဆင့်နှင့်   နိုင်ငံတကာပြိုင်ပွဲများတွင်  လှေလှော်အားကစား အောင်မြင်တိုးတက်စေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်းနှင့့် YUBC အသင်းနှစ် ၁၀၀ ပြည့်အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာတိုင် အသင်းကြီး၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး မျိုးဆက်သစ်များအား လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံအကျိုး၊   တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ပါစေကြောင်း ပြောကြားသည်။

ယင်းနောက်  ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဥက္ကဋ္ဌက ဝမ်းမြောက်ဂုဏ်ပြုစကားပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာသူများသည် YUBC အသင်း၏  သမိုင်းဝင်ဓာတ်ပုံမှတ်တမ်းများကို  လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက်   ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းဝင်များက   ပြိုင်ပွဲဝင်လေးယောက်လှော်၊ ရှစ်ယောက်လှော် အမျိုးသား၊ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြရာ YUBC CENTENARY CUP ဖလားရရှိသော အမျိုးသား၊ အမျိုးသမီးအသင်းအား ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား တက္ကသိုလ်ပါမောက္ခချုပ်များနှင့် YUBC အသင်းသားဟောင်းများကလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အသင်း၏အောင်နိုင်ရေးအထိမ်းအမှတ်ကြွေးကြော်သံကို   သံပြိုင်ဟစ်ကြွေး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်း၏ နှစ်ရာပြည့် အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကို ညပိုင်းတွင် ဆက်လက်ကျင်းပသည်။

ရန်ကုန်တက္ကသိုလ်လှေလှော်အသင်း(YUBC)၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကို တက္ကသိုလ်များ လှေလှော်အသင်း၏ အခန်းကဏ္ဍနှင့်    စွမ်းဆောင်ချက်များအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ပြန့်စွာ သိရှိစေရန်၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များ ပိုမိုချိတ်ဆက်မှုရရှိပြီး လှေလှော် အားကစားထူးချွန်သူများ စနစ်တကျမွေးမြူရေးကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်ရန်၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ့ဃြ သို့ အသင်းသားအဖြစ်ဝင်ရောက်၍ မြန်မာ့လှေလှော် အားကစားမြှင့်တင်ရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ်များ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။