နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် () ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ဗွီဒီယိုကွန်ဖရင့်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ - ၂၅

(၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်း တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်း တို့တက်ရောက်ကြသည်။

ဦးစွာ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ်သုံးသပ်ကာ၊ အနာဂတ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဆွေးနွေးပြောကြားရာတွင် ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သည် ၇ နှစ်တာကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့ နှင့်အကူအညီများ ဆက်လက် ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ မဲခေါင်-လန်ချန်းနိုင်ငံများအကြား အားလုံး နှင့်သက်ဆိုင်သော အနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှု တည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက် ကြပါစို့ ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ခေတ်မီ တိုးတက်လာစေရေးတို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သင့်ပါကြောင်း၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှုစင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး အခြေ ပြု စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး ကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားသင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားသင့် ကြောင်းပြသသည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှု များ မျှဝေခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း၊ နေပြည်တော် တွင် အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ဆောက် ရန် အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ပြီးစီးမည်ဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်းမဲခေါင်-လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက် ထူထောင် ခြင်း လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ် ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနက ဆောင်ရွက်လျက်ရှိ သည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ် ပြုပါကြောင်း။

ပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်းပျက်စီးစေပါကြောင်း၊ သို့ဖြစ်၍ အေးချမ်းသာယာပြီး ကြံ့ကြံ့ ခံနိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ရာသီဥတုဖောက်ပြန်မှု များကို လျှော့ချရန် အတူတကွ လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်ကို အလေးထား ပြောကြားလိုပါကြောင်း။

မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌ အနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင် အနေဖြင့်လည်းကောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုး ထားပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်ကို ကတိကဝတ်ပြု ပြောကြားပါကြောင်းဖြင့် ပြောကြားသည်။

အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် နေပြည်တော်ကြေညာစာတမ်း နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ် တို့ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

(၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် တာဝန် ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာ ဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရန် နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေ ရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌ ဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အထိ အောင်မြင်စွာ ပူးတွဲထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။