ပြည်သူနှင့်တပ်မတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်တို့၏ စကားသံများ

 

ပြည်သူနှင့်တပ်မတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်တို့၏ စကားသံများ

ပြည်သူနှင့်တပ်မတော်အတွက်  ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးနိုင်ရန်  လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သူနာပြုများ၊ ဆေးဘက်ပညာသည်များနှင့်  ဆေးဝါးကျွမ်းကျင်သူ များကို  တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်မှနှစ်စဉ် မွေးထုတ်ပေးလျက်ရှိသည်။ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်  သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ် (၂၁) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ဒီဇင်ဘာလ ၂၆ ရက်တွင်ကျင်းပရာ အဆိုပါသင်တန်းဆင်းပွဲ၌ သင်တန်းနည်းပြ အရာရှိကြီးများနှင့် ပြည်သူနှင့်တပ်မတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ကျွမ်းကျင်ကူညီ ဆေးစစ်သည်တို့၏စကားသံများကို ဖော်ပြလိုက်ပါသည်။

ဗိုလ်မှူးကြီး ဒေါ်ခင်မေသိန်း

(ပါမောက္ခချုပ်)

တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ်ကို ဒို့တာဝန်အရေးသုံးပါး ကိုကာကွယ်မယ့်   တပ်မတော်အတွက် လိုအပ်တဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်၀ တဲ့သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဘက်ပညာသည်များ မွေးထုတ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းကာလအနေနဲ့  လေးနှစ်ဖြစ် ပြီး  စာပေပို့ချမှုအပိုင်းအနေနဲ့  ပထမနှစ် ကတည်းက သင်တန်းသား၊ သင်တန်းသူ တွေရဲ့ဆန္ဒပြုချက်နဲ့ တက္ကသိုလ်ဝင်တန်း ရမှတ်တွေအပေါ်မူတည်ပြီး   သူနာပြု၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာသင်တန်းတွေခွဲခြားပြီး    သက်ဆိုင်ရာ အထူးပြုဘာသာရပ်တွေကို သင်ကြားပို့ချ ပေးပါတယ်။ ပထမနှစ်မှာ  အခြေခံသိပ္ပံဘာသာရပ်၊ ဆေးပညာအထောက်အကူပြု ဘာသာရပ်တွေနဲ့ သက်ဆိုင်ရာ အထူးပြုဘာသာရပ်တွေရဲ့ အခြေခံတွေကို   သင်ကြားပေးပါတယ်။  စာတွေ့၊  လက်တွေ့ သင်ခန်းစာတွေကို ကျောင်းတွင်းမှာ သင်ကြားပေးပါတယ်။ ဆေးရုံလက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းကိုတော့   ရန်ကုန်မြို့မှာရှိတဲ့    တပ်မတော်ဆေးရုံကြီးတွေမှာ အဓိက  လေ့ကျင့်သင်ကြားပေးပါတယ်။ ဒါ့ပြင်   ကျန်းမာရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဆေးရုံတွေအပြင် ဆေးဝါးစက်ရုံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား ပြန်လည်သန်စွမ်းရေးဆေးရုံ(သမိုင်း) တို့မှာလည်း ပြင်ပလက်တွေ့သင်ခန်းစာတွေ လေ့လာ သင်ကြားစေပါတယ်။

ထူးချွန်အောင်မြင်တဲ့ သင်တန်းဆင်းတွေကို မိမိတို့တက္ကသိုလ်အပြင် ပြည်တွင်း မှာရှိတဲ့ အရပ်ဘက် တက္ကသိုလ်တွေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဘွဲ့လွန်သင်တန်းတွေဖြစ်တဲ့ မဟာသိပ္ပံဘွဲ့များ၊  ပါရဂူဘွဲ့ များနဲ့   ဒီပလိုမာသင်တန်းများ  တက် ရောက်သင်ယူစေပါတယ်။

လက်ရှိအချိန်ထိ တပ်မတော်သူနာပြုနှင့်  ဆေးဘက်ပညာတက္ကသိုလ်က  မွေးထုတ်ပေးလိုက်တဲ့ သူနာပြု၊ ဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာ   ကျွမ်းကျင်သူတွေက ဆေးဝန်ထမ်းတပ်ဖွဲ့မှာ တာဝန်ကို ကျေပွန်စွာ  ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။   ယနေ့ကျောင်းဆင်းတဲ့ သူနာပြုနှင့်ဆေးဘက်ပညာသည်တွေက မိမိတာဝန်ကျရာ   ဒေသအသီးသီးကို မကြာမီ သွားရောက် တာဝန်ထမ်းဆောင်ကြမှာပါ။  သင်ကြား ပေးလိုက်တဲ့ ပညာရပ်တွေကို  အသုံးချပြီး  ပြည်သူနဲ့တပ်မတော်သားများ၊ တပ်မတော် သားမိသားစုဝင်များအပေါ် ကျန်းမာရေး စောင့်ရှောက်မှု   ပေးနိုင်တော့မှာဖြစ်တဲ့အတွက် ပါမောက္ခချုပ်တစ်ယောက်အနေ နဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

အခုလို    တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကနေ  မွေး ထုတ်ပေးလိုက်တဲ့သူနာပြုများ၊   ဆေးဝါး နှင့်ဆေးဘက်ဆိုင်ရာ  ကျွမ်းကျင်သူများ အနေနဲ့ နယ်ပယ်အသီးသီးမှာ ကျရာနေရာ ကနေ     မိမိတတ်ကျွမ်းတဲ့ပညာရပ်နဲ့ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်အပေါ် တာဝန်ကျေပွန်တဲ့     အနာဂတ်ရဲ့ဆေး ဝန်ထမ်း တပ်မတော်သားကောင်းများဖြစ် အောင် ကြိုးစားကြပါလို့ မှာချင်ပါတယ်။ ဒါ့ပြင် မိမိတို့ဆေးဝန်ထမ်း တပ်ဖွဲ့အနေနဲ့  တပ်မတော်ရဲ့  ဂုဏ်သိက္ခာကိုဆောင်နိုင်တဲ့  နိုင်ငံ့သားကောင်း၊  သမီးကောင်းများဖြစ် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဗိုလ်မှူးကြီး မျိုးသန့်

(နည်းပြအရာရှိချုပ်)

သင်တန်းသား၊    သင်တန်းသူတွေ သင်တန်းကျောင်းကို စတင်ရောက်ရှိကြတဲ့ အချိန်မှာ တပ်ဝင်ဆေးစစ်ခြင်း ပြုလုပ်ပါတယ်။      ဆေးစစ်ခြင်းအောင်မြင်လို့    သင်တန်း ဆက်လက်တက်ရောက်ခွင့်ရတဲ့ သင်တန်းသား၊ သင်တန်းသူတွေကို အမိန့် နာခံမှုရှိအောင်၊    စည်းကမ်းနဲ့အကျင့် စာရိတ္တကောင်းမွန်အောင် အခြေခံစစ်ရေးပြ ဘာသာရပ်ကို အရင်ဆုံးလေ့ကျင့်သင်ကြား ပေးပါတယ်။ ဘာလို့လဲဆိုတော့ စည်းကမ်း ဆိုတာ   တပ်မတော်ရဲ့  အဓိက ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့အတွက်   ဒါကိုဦးစားပေး လေ့ကျင့်ပေးတာဖြစ်ပါတယ်။ အဲဒီနောက် အချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့  တပ်ဖွဲ့ စိတ်ရှိစေဖို့    အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ စစ်ပညာဘာသာရပ်တွေကို    သင်ကြား လေ့ကျင့်ပေးပါတယ်။

စစ်ပညာဘာသာရပ်တွေ  လက်တွေ့ လုပ်ဆောင်တဲ့အခါမှာ တစ်ဦးတစ်ယောက် ကောင်းရုံနဲ့မရဘဲ  အဖွဲ့လိုက်  စည်းလုံး ညီညွတ်မှုရှိမှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါ့ပြင် စည်းကမ်း၊ အကျင့်စာရိတ္တနဲ့ပတ် သက်ပြီး အိပ်ဆောင်စည်းကမ်း၊ သွားလာမှုစည်းကမ်း၊ စာသင်ခန်းစည်းကမ်း စတဲ့ အထွေထွေစည်းကမ်းတွေကို   လိုက်နာ တတ်အောင်  လေ့ကျင့်ပျိုးထောင်ပေးပါ တယ်။

သင်တန်းသား၊    သင်တန်းသူတွေ သင်ခန်းစာသင်ကြားလေ့ကျင့်တာနဲ့ပတ်သက်ပြီး သင်ခန်းစာစီမံချက်၊ သင်ခန်းစာအကျဉ်း၊ နည်းပြမှတ်စုတွေပို့ချပေးခြင်း၊ သရုပ်ပြခြင်း၊  လက်တွေ့လုပ်ဆောင်ခြင်း စတာတွေကတော့ အတူတူပဲဖြစ်ပါတယ်။ ပထမနှစ်မှာဆိုရင် အဖွဲ့အဆင့်၊ ဒုတိယနှစ်မှာဆိုရင် တပ်စိတ်အဆင့်၊ တတိယနှစ် မှာဆိုရင်    တပ်စုတပ်ကြပ်ကြီးအဆင့်၊ နောက်ဆုံးနှစ်မှာတော့  တပ်စုမှူးအဆင့်အထိ   စစ်ပညာရပ်တွေ  သင်ကြားပေးပါတယ်။  ထူးချွန်ဆုတွေချီးမြှင့်တဲ့အခါမှာလည်း သင်တန်းသား၊ သင်တန်းသူမခွဲခြား ဘဲ အမှန်တကယ် ထူးချွန်တဲ့သူတွေကို ရွေးချယ်ပြီး    အကောင်းဆုံးသင်တန်းသား၊ သင်တန်းသူဆု၊ လေ့ကျင့်ရေးထူးချွန်ဆုနဲ့   စာပေထူးချွန်ဆုတွေ ချီးမြှင့်ပေးတာဖြစ်ပါတယ်။

သင်တန်းသား၊    သင်တန်းသူတွေ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်၊ စည်း ကမ်းနဲ့ အကျင့်စာရိတ္တတွေ မြင့်မားလာစေဖို့ တပ်မတော်ရဲ့လေ့ကျင့်ရေးမူဝါဒများကို  ကျောင်းအုပ်ကြီးရဲ့ညွှန်ကြားချက်နဲ့ အညီ နေ့စဉ်တန်းစီချိန်တွေမှာ မှာကြားခြင်း၊  လေ့ကျင့်စဉ်တစ်လျှောက် စစ်ဆေးကြပ်မတ်ခြင်းတွေ   ပြုလုပ်ပေးပါတယ်။ အပတ်စဉ် သောကြာနေ့ဆွေးနွေးပွဲတွေမှာလည်း  သင်တန်းသား၊ သင်တန်းသူ အချင်းချင်း အပြန်အလှန်ဆွေးနွေးစေပြီး သက်ဆိုင်ရာတပ်ရင်းမှူး၊    တပ်ခွဲမှူး၊ တပ်စုမှူးတွေကလည်း ဖြည့်စွက်ဆွေးနွေး တာတွေ ပြုလုပ်ပေးပါတယ်။

အထူးသဖြင့် သင်တန်းကာလလေးနှစ်စလုံး ကျောင်းအုပ်ကြီးအပါအဝင် နည်းပြ အရာရှိအားလုံးက  စာပေပညာနဲ့  စစ် ပညာရပ်တွေကို   သင်ကြားလေ့ကျင့်ပေး သလို တစ်ဖက်ကလည်း ခံယူချက်မှန်ကန် အောင်၊ စိတ်ဓာတ်ကောင်းအောင် အမြဲ သွန်သင်ဆုံးမပေးပါတယ်။  ကျောင်းမှာအုပ်ထိန်းသူစနစ်ထားရှိပြီး မိသားစုသဖွယ် သင်တန်းသား၊ သင်တန်းသူတွေရဲ့ကြိုးစား အားထုတ်မှုအခြေအနေ၊    တစ်ဦးချင်း ကိုယ်ရေး ကိုယ်တာ အခက်အခဲတွေကို ဖြေရှင်းပေးသလို   တပ်မတော်အတွက် စစ်သည်တော် ကောင်းတစ်ဦး ဖြစ်အောင်၊ မိဘတွေအတွက်လည်း    သားကောင်း၊ သမီးကောင်းတွေအဖြစ်   ခံယူချက်တွေ ကောင်းပြီး ယုံကြည်မှုတွေ မြင့်တက်လာ အောင် ပဲ့ပြင်တည့်မတ်ပေးပါတယ်။

ကျွန်တော်တို့ သင်ကြားပြသပေးလိုက်တဲ့ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့  အခုချိန်ကစပြီး  နိုင်ငံတော်ကပေးအပ်တဲ့တာဝန်တွေကို လက်တွေ့နယ်ပယ်မှာ ထမ်းဆောင်ရတော့မှာဖြစ်တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့     ဝမ်းသာ ဂုဏ်ယူမိပါတယ်။

သင်တန်းသူ နန်းနွယ်နွယ်အေး

(အကောင်းဆုံးသင်တန်းသူဆု)

ငယ်ငယ်က တပ်မတော်ဇာတ်လမ်းတွဲတွေကြည့်တိုင်း တပ်မတော်သားတွေကို လေးစားအားကျခဲ့တာပါ။ မိမိအသက်ကို ပဓာနမထားဘဲ     နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်းတာဝန်ထမ်းဆောင်နေ ကြတဲ့  တပ်မတော်သားတွေ  ဒဏ်ရာရ တာမြင်ရင် စာနာသနားမိပါတယ်။ သူတို့ကို ကျန်းမာရေး   ပြန်လည် ကောင်းမွန်လာအောင်၊ ကြံ့ခိုင်လာအောင် ဆေးဝါးကုသပြီး  ပြုစုစောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေမှာ တတ်နိုင်တဲ့ဘက်က   ပါဝင်ချင်ခဲ့တယ်။ကျွန်မကိုယ်တိုင်ကလည်း ဆေးပညာကို အင်မတန်ဝါသနာပါတယ်။  ဘာကြောင့်လဲဆိုတော့  မိသားစုထဲမှာ  ကျန်းမာရေး ဝန်ထမ်းရှိရင် မိသားစုဝင်တွေရဲ့ ကျန်းမာ ရေးကို  စောင့်ရှောက ်ပေးနိုင်သလို   ပတ်ဝန်းကျင်ကိုလည်း   အထောက်အကူပေး နိုင်တာကြောင့်ပါ။   သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေရဲ့  အလုပ်က နာမကျန်းသူတွေအပေါ် လူတန်းစားမရွေး ကျန်းမာရေး စောင့်ရှောက်မှုပေးရတဲ့ မွန် မြတ်တဲ့အလုပ်ဖြစ်ပါတယ်။    အဲဒါနဲ့ပဲ ကိုယ်တိုင်စစ်သမီး တစ်ယောက်လည်းဖြစ်၊ စစ်သည်တွေကိုလည်း   ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ    ကျန်းမာကြံ့ခိုင်လာအောင် ဆောင်ရွက်ပေးခွင့်ရှိတဲ့ Professional ထဲကို ဝင်ရောက်ချင်ခဲ့တာဖြစ်ပါတယ်။

သင်တန်းကာလ   လေးနှစ်အတွင်း ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာ   အခက်အခဲနဲ့ စိန်ခေါ်မှုတွေများစွာ ကြုံတွေ့ခဲ့ရ ပါတယ်။ ဘယ်အရာမှတော့ လွယ်လွယ်နဲ့ မရနိုင်သလို လွယ်လွယ်နဲ့လက်လျှော့လို့လည်းမရပါဘူး။ ပထမနှစ်စဝင်ကတည်းက လေ့ကျင့်ရေးမှာ စစ်ရေးပြဘာသာရပ် ကို စတင်သင်ကြားခဲ့ရပြီး အမိန့်နာခံမှုရှိ အောင်   လေ့ကျင့်ခဲ့ရပါတယ်။    မိဘ အိမ်မှာ  စာတစ်ခုပဲ  ကြိုးစားခဲ့ရဖူးတဲ့ အရပ်သူဘဝကလာခဲ့တာမို့   လက်နက်ငယ်၊ ကြံ့ခိုင်ရေး၊ စစ်ဗျူဟာ စတဲ့လေ့ကျင့် ရေးဘာသာရပ်တွေကို လစ်ဟာမှု၊  အားနည်းမှုအနည်းဆုံးဖြစ်အောင်  ကြိုးစားခဲ့ ရပါတယ်။ စာပေမှာဆိုရင်လည်း ပထမနှစ်ကနေ  စတုတ္ထနှစ်အထိ  သင်ကြားရတဲ့ သူနာပြုဘာသာရပ်တွေအပြင်     တခြားဆက်စပ်တဲ့ ဘာသာရပ်တွေကိုပါ သင်ယူခဲ့ပါတယ်။ မသိတာရှိရင် အချင်းချင်းလည်းမေးတယ်၊  စီနီယာတွေနဲ့  ဆရာတွေက လည်းမေးတယ်။  ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တဲ့ ဘာသာရပ်တွေသင်ရတာမို့ ကျေနပ်ပျော်ရွှင်ရပါတယ်။ ကျောင်းကနေ ချမှတ်တဲ့စည်းကမ်းတွေ၊ အမိန့်နဲ့ညွှန်ကြားချက်တွေကို လိုက်နာပြီး စာပေနဲ့လေ့ကျင့် ရေးမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား နိုင်ခဲ့လို့လည်း ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

ကျွန်မတတ်မြောက်ထားတဲ့   ပညာနဲ့ ကျွန်မကို    ပညာသင်ကြားပေးလိုက်တဲ့ အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းပြီး လူမျိုး၊ ဘာသာ၊ အဆင့် အတန်းမခွဲခြားဘဲ  နိုင်ငံတော်၊  ပြည်သူနဲ့ တပ်မတော် သားတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းတွေမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် သွားပါမယ်လို့ ကတိပြုပါတယ်။

သင်တန်းသူ သီရိပါဝါ

(လေ့ကျင့်ရေးထူးချွန်ဆု)

သင်တန်း  တက်ရောက်စဉ်ကာလမှာတော့   အခက်အခဲတွေ  အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သင်တန်း စတက်တဲ့ ပထမနှစ်မှာ Under Training သုံးလကို  ကျော်ဖြတ်ရပါတယ်။  အရပ်သူဘ၀ကနေ စစ်သမီးဘဝကို ကူးပြောင်းခါစမှာ ပင်ပန်းတဲ့စစ်ပညာရပ်တွေကို     စတင်သင်ကြားခဲ့ရသလို သတ်မှတ်ချိန်အတွင်း မှာ လုပ်ငန်းတွေ ပြီးမြောက်အောင် ဆောင်ရွက်ရတဲ့ လေ့ကျင့်မှုတွေလည်း    ပြုလုပ်ခဲ့ရပါတယ်။ စာပေသင်ကြားရတဲ့ အခါမှာလည်း   မိမိနဲ့အနည်းငယ်စိမ်းတဲ့   ဆေးပညာရပ်တွေကို   သင်ကြားခဲ့ရပါတယ်။ စာပေမှာ စာမေးပွဲရှိပေမယ့်လည်း လေ့ ကျင့်ရေးဘက်က  စည်းကမ်းပိုင်းဆိုင်ရာ တွေ လျှော့ပေးတာမရှိပါဘူး။ အစပိုင်းမှာ အခက်အခဲတွေ၊  ပင်ပန်းမှုတွေရှိပေမယ့် လည်း မိမိကိုပေးထားတဲ့အချိန်ကို  စီမံ ခန့်ခွဲတတ်အောင် လေ့ကျင့်ပေးတာဖြစ်လို့ နောက်ပိုင်းမှာတော့  အသားကျလာခဲ့ပါတယ်။ အခက်အခဲတွေဘယ်လောက်များ များ  မိမိရည်မှန်းချက်   မပျောက်ပျက်အောင်  ကြိုးစားမယ်ဆိုတဲ့    ခိုင်မာတဲ့ဇွဲသတ္တိ၊ စိတ်ဓာတ်တွေနဲ့ သင်တန်းကာလ ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

ကျောင်းကချမှတ်ထားတဲ့  စည်းကမ်းတွေကိုလိုက်နာပါတယ်။ ကျောင်းအုပ်ကြီး အပါအဝင် နည်းပြအရာရှိတွေ၊ ဆရာတွေ က  ညွှန်ကြားတဲ့အမိန့်နဲ့   ညွှန်ကြားချက်တွေကို    တိတိကျကျလိုက်နာပါတယ်။ စစ်ရေးပြ၊  လက်နက်ငယ်နဲ့   စစ်နည်းဗျူဟာဘာသာရပ်တွေ သင်တဲ့အခါ   ဂရုတစိုက် နားထောင်ပါတယ်။   စစ်ပညာသင်ခန်းစာတွေကို    လေ့လာမှတ်သားထားပြီး     လက်တွေ့လေ့ကျင့်ရတဲ့အခါ စာတွေ့နဲ့  ပေါင်းစပ် ဆောင်ရွက်ပါတယ်။ စစ်ဗျူဟာစာမေးပွဲတွေ   ဖြေတဲ့အခါမှာလည်း သေချာကျက်မှတ်ဖြေဆိုခဲ့ပါတယ်။ အိပ်ဆောင် စည်းကမ်း၊ ဝတ်စားဆင်ယင်မှုစည်းကမ်း၊ သွားလာမှုစည်းကမ်းတွေမှာ စစ်ပုံကျနအောင်  သွားလာနေထိုင်ခဲ့ပါတယ်။ အခုလို စနစ်တကျလေ့ကျင့်လိုက်နာ ခဲ့လို့ လေ့ကျင့်ရေးထူးချွန်ဆုရရှိခဲ့တာဖြစ် ပါတယ်။

ကြိုးစားခဲ့သလောက်     ထိုက်တန်တဲ့ အောင်မြင်မှုရရှိခဲ့လို့    ကိုယ့်ကြိုးစားမှုအ‌ပေါ် ကျေနပ်ပီတိဖြစ်ရပါတယ်။ မိဘနှစ်ပါးရဲ့ ဆန္ဒကို   ထူးချွန်စွာဖြည့်ဆည်း ပေးနိုင်ခဲ့တဲ့အတွက်လည်း မိဘတွေပျော် နေတာကြည့်ပြီး ဝမ်းသာဂုဏ်ယူမိပါတယ်။

လေ့ကျင့်ပျိုးထောင်ပေးလိုက်တဲ့ ကျောင်းတော်ကြီး၊ နိုင်ငံတော်၊ ပြည်သူနဲ့တပ်မတော်အတွက်  တာဝန်ကျေပွန်စွာထမ်းဆောင် သွားပါမယ်လို့ ပြောချင်ပါတယ်။

သင်တန်းသူ အိမွန်ကျော်

(စာပေထူးချွန်ဆု)

စာပေထူးချွန်ဆုရရှိအောင်  ပထမနှစ်ကစလို့    စတုတ္ထနှစ်ပြီးမြောက်တဲ့အထိ ဘာသာရပ်တွေအားလုံးကို    ကြိုးစား သင်ယူခဲ့ရပါတယ်။ ကျွန်မတို့နှစ်က သင်ရိုးသစ်နဲ့ စတင်သင်ကြားခဲ့ရတာဖြစ်ပါတယ်။ သင်ရိုးသစ်မှာ     သင်ကြားသင်ယူမှုပုံစံ တွေက ပြောင်းလဲလာခဲ့ပါတယ်။ နည်းပြ ဗဟိုပြုစနစ်ကနေ ကျောင်းသားဗဟိုပြု စနစ်ကို ပြောင်းလဲသင်ကြားလာခဲ့တာဖြစ်ပါတယ်။    သင်ရိုးသစ်မှာ    ပထမနှစ် ကတည်းက အထူးပြု ဘာသာရပ် တွေခွဲပြီး  သင်ကြားပေးခဲ့ပါတယ်။ ကိုယ်တိုင်လေ့လာ ဆွေးနွေးတဲ့အချိန်တွေ   များတဲ့အတွက်  Self-Learning၊ Presentation  နဲ့ Discussion တွေမှာ တက်တက်ကြွကြွကြိုးစားခဲ့ပါတယ်။   ဆရာက သင်ခန်းစာအခြေခံ တွေကို သင်ကြားဆွေးနွေးပေးပြီး ကိုယ်တိုင် က   စာတွေရှာဆွေးနွေးရတဲ့ပုံစံမို့   စိတ် ဝင်စားဖို့ကောင်းတဲ့အပြင်  သင်ယူတတ် မြောက်လွယ်ခဲ့ပါတယ်။ ဆေးရုံလက်တွေ့ ဆင်းတဲ့အချိန်မှာလည်း စာတွေ့နဲ့လက်တွေ့ ပေါင်းစပ်ပြီး အမှန်တကယ်လုပ်ဆောင်ရ မယ့်အလုပ်တွေ၊  လူနာနဲ့ထိတွေ့ဆက်ဆံ ရပုံတွေ၊  လုပ်ငန်းခွင် စည်းကမ်းတွေကို    လေ့လာသင်ယူခဲ့ရပါတယ်။    Group   Activities တိုင်းမှာ ကြိုးစားဆွေးနွေးခဲ့ သလို စာမေးပွဲကိုလည်း ကောင်းမွန်စွာဖြေဆိုနိုင်ခဲ့လို့ စာပေထူးချွန်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

ခန္ဓာသန်စွမ်းမှု နည်းပညာကျွမ်းကျင် သူတစ်ယောက်အနေနဲ့    လူနာတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊  ခန္ဓာပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိလာစေဖို့၊ လူမှုစီးပွားဘ၀ ပြန်လည်ဖွံ့ဖြိုးလာစေဖို့နဲ့ လူမှုအသိုက်အဝန်းမှာ     ပြန်လည်ဝင်ဆံ့လာစေဖို့အတွက် ဖေးမပြုစုကုသပေးရမှာဖြစ်ပါတယ်။  ဒီလိုပြုစုကုသပေးတဲ့အခါမှာလည်း ဘေးကင်းပြီး စနစ်ကျတဲ့ ကာယကုသမှုအမျိုးမျိုးကို ရောဂါအမျိုးအစားအလိုက် ပြုစုကုသမှုပေးနိုင်အောင် ကြိုးစားဆောင်ရွက်သွားပါမယ်။ လူနာတွေရဲ့ကောင်းကျိုးအတွက် တခြားသောဆေးဘက်ဆိုင်ရာ ဆေးပညာ ဌာနတွေနဲ့     ပူးပေါင်းဆောင်ရွက်ပြီး    ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု တွေ ဆောင်ရွက်သွားပါမယ်။

အခုဆိုရင်  ယုံကြည်ချက်တွေ၊  ခံယူ ချက်တွေ၊ စိတ်ဓာတ်တွေက အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပါပြီ။  လုပ်ငန်း တာဝန်တစ်ခုကို  ဆောင်ရွက်တဲ့အခါမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကြံ့ခိုင်လာသလို တွေ့ကြုံလာတဲ့ အခက်အခဲနဲ့   စိန်ခေါ်မှုတွေကိုလည်း ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့် ရှိလာပါတယ်။

ကျွန်မတတ်မြောက်ထားတဲ့ပညာရပ်တွေနဲ့  စေတနာ၊ အကြင်နာတရားတွေ  လက်ကိုင်ထားပြီး  ပြည်သူနဲ့ တပ်မတော်သားတွေ၊   တပ်မတော်သားမိသားစုဝင် တွေအပေါ် အလုပ်အကျွေးပြုသွားပါမယ်။ ပေးအပ်လာမယ့် တာဝန်တွေကို   ပညာ၊ စေတနာ၊ ဝါသနာ၊ စိတ်ဓာတ်ခွန်အားတွေ နဲ့ ရသမျှအထောက်အကူပြု ပစ္စည်းမျိုးစုံ သုံးပြီး ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။ နိုင်ငံတော်နဲ့တပ်မတော်က ချမှတ်ထားတဲ့   စည်းမျဉ်းစည်းကမ်း တွေကို လေးစားလိုက်နာပြီး အဆင့်မြင့်ပညာတွေ ဆက်လက်သင်ယူရင်း မိဘတွေရဲ့ကျေးဇူးကိုလည်း ဆပ်သွားပါ့မယ်။

သတင်းအဖွဲ့(ရန်ကုန်)