နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေး

 

နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးနည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သွားရောက်ကြည့်ရှု စစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂၆

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်  ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းတွင် မန္တလေးမြို့သို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်    ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ   မန္တလေးမြို့ရှိ  မန္တလေးနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာ ကောလိပ် (မန္တလေး)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ၍ သင်ကြား၊ သင်ယူမှုများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊  တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး  ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားသင်ယူရေးနှင့်  သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်း ကြံဆမှုနှင့်  တီထွင်ဖန်တီးမှု လုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာစေရန် သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများနှင့် လက်တွေ့ခန်းများတွင် သင်ကြားသင်ယူမှု ဆောင်ရွက်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးနည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး   ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊  ဌာနမှူးများ၊  ဆရာ၊ ဆရာမများ၊   ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအား သင်ကြား သင်ယူမှုများတွင် စာတွေ့လက်တွေ့ များသာမက ကျွမ်းကျင်ပြီး   အရည်အချင်း ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးသွားကြ ရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်မြင်အောင်  ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ကွန်ပျူတာခန်းများ၊ စက်ပစ္စည်းများ၊ အားကစားကွင်း၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်နှင့် တက္ကသိုလ် ကန်တင်းတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ကျောင်းသားများ၏ ဘောလုံးယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။