ဝစီသုစရိုက် ကုသိုလ်ရစေလို

နံနက်ခင်း အရုဏ်ကျင်းလင်းလုလုအချိန် ထွက်ပေါ်လာစ နေမင်းသူရိန်ကြီးရဲ့ အလင်းရောင်တွေက နေခြည်မှာ ရွှေရည်လောင်းဆိုသလို ဝါရွှေရွှေအလင်းနဲ့ လှပလွန်းနေပါတယ်။  ကျေးငှက်သာရကာလေးတွေက အော်မြူးဟစ်ကြွေး တေးသံတွေပေးလို့ပါ။ ဒီလိုနဲ့ တစ်နေ့တာကုန်ဆုံးလုလု ဆည်းဆာချုပ်စ ညနေခင်းအလှကလည်း ရုပ်မချောတဲ့ သူတွေတောင် အလှဆုံးလို့ ဆိုရစာဖွဲ့ခံရအောင်လှနေပါတယ်။ ပုစွန်ဆီရောင်အသွေး  တိမ်ပန်းချီတွေရေးပြီး နေမင်းကြီးက တာဝန်ကုန်ဆုံးလို့ တစ်လောကလုံးကို အလှဆုံးခြယ်မှုန်း နှုတ်ဆက်နေသယောင်ပါပဲ။ ကျွန်မတို့တစ်တွေလည်း တစ်ရက်နဲ့တစ်ရက် ပျိုရာမှအို နိုင်ငံဝန်ထမ်းကနေ ပင်စင်တွေစားရတဲ့ အငြိမ်းစားဘဝ ရောက်လာပါပြီ။

ပင်စင်စားဆိုတော့ ပင်စင်လစာဘဏ်မှ ထုတ်ဖို့သွားတဲ့အခါ အတူလက်တွဲတာဝန် ထမ်းခဲ့ကြတဲ့ အဖော်အပေါင်းတွေနဲ့ မကြာမကြာ ဆုံတတ်ပါတယ်။ အဲဒီဆုံကြစဉ်ကာလက အကြောင်းလေး ပြန်သတိရမိပါသေးတယ်။

ကျွန်မစာရေးသူနဲ့ သူငယ်ချင်းတို့ ပင်စင်မထုတ်ရသေးခင်  စောင့်ဆိုင်းနေစဉ်မှာ ရှေးကအကြောင်း၊ ယခုအကြောင်း အပြန်အလှန်ပြောကြစဉ် ရုံးတုန်းကအတူအလုပ်လုပ်ရတဲ့ အစ်ကိုကြီးကိုသန်း ဘဏ်ထဲဝင်လာပါတယ်။ မျက်စိလျင်သူမို့ ကျွန်မတို့ကို မြင်တော့ နင်တို့ပင်စင်လာထုတ်တာလား။ အချိန်ကုန်အောင် Pay ကတ်နဲ့ထုတ်လေ။

အေးပါ။ နင်တို့လည်း ငါ့ဇနီးလို လာကိုထုတ်ရမှကျေနပ်တာ။ အခုလည်း သူ့လာကြိုတာ။ ငါကထုတ်ပြီးပြီ။ သွားတော့မယ်။

ပြောလို့ရမယ့်ဟာတွေမဟုတ်ဘူး။ လုပ်လုပ်ကြိုက်သလိုလုပ်တဲ့။ ပြောပြောဆိုဆို သူ့ဇနီးဆီ သွားပါတော့တယ်။ သူ့ရဲ့အကျင့်မို့ ကျွန်မတို့နှစ်ယောက်     တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိစိနဲ့ ကျန်ခဲ့ပါတယ်။ ဘေးက လူတွေကတော့ ကွက်ကြည့်ကွက်ကြည့်ပေါ့။  တကယ်တော့ သူပြောသလို   Pay နဲ့ထုတ်လို့တာ  သိပေမယ့် အခုလို   ပင်စင်ထုတ်တဲ့ရက်မှာ ဆုံရလေအောင်  ချိန်းပြီးလာကြတာ။   ပင်စင်လာထုတ်စဉ် တွေ့ရဆုံရစဉ် ဟိုအကြောင်း ဒီအကြောင်းပြော ပင်စင်လစာလေးထုတ်ပြီးတော့လည်း လိုအပ်တာဝယ်၊ စားစရာရှိတာစား၊ အဲဒီအရသာကို ခံစားကြတာပါ။ ဒါကြောင့် ရက်ချိန်းပြီး တမင်လာကြတာပါ။ အဲဒီပြောသွားတဲ့ အစ်ကိုကြီး ကိုသန်းသူလည်း ကျွန်မတို့ထက်တောင် အသက်ကြီးပြီဖြစ်တာမို့ ပင်စင်စားပါ။ စောင့်ရတာမစောင့်နိုင်လို့   မြန်တဲ့နည်းနဲ့ထုတ်ပြီး လက်ဖက်ရည်ဆိုင်တောင် ဘယ်နှခါထိုင်ပြီးလဲ မသိပါ။ ကျွန်မတို့က အဲလိုလည်း လက်ဖက်ရည်ဆိုင်   မထိုင်အားတာမို့ အခုလိုဆုံချင်၊  တွေ့ချင်ပြောချင်နေကြတာပါ။ အစ်ကိုကြီးကိုသန်းက စိတ်ရင်းသဘောကောင်းသူပါ။ ကျွန်မတို့ အလုပ်ဝင်ခါစ မည်မည်ရရ  ဘာမှမလုပ်တတ်ခင် အလုပ်တွေသင်ပြခဲ့သူ၊ လမ်းပြခဲ့သူတစ်ဦးပါ။ စိတ်ရင်းသဘော မှန်ပေမယ့် စကားအပြောဟောဟော ဒိုင်းဒိုင်းမို့ ကျွန်မတို့ကရှိန်နေတာပါ။ အဲဒီတုန်းကတော့ ဘဝင်မကျခဲ့ပေမယ့် အခုကြီးလာတော့ သူ့စိတ်ရင်းက ကူညီပေး၊ မသိတာကို သင်ပြပေးချင်တာ စေတနာအမှန်ပါ။  နားဝင်ချိုအောင် စကားမပြောတတ်တာပါ။ စကားကို နားဝင်ချိုအောင်၊ အများလက်ခံအောင် ပြောတတ်တာလည်း ပညာတစ်ခုလို့ သိရပါတယ်။ 

နှုတ်ချိုသျှိုတစ်ပါး ဆိုရိုးစကားရှိတာ မှတ်မိပါတယ်။ သျှိုဆိုတာ ပညာရပ်တစ်ပါးလို့ တင်စားတဲ့ အဓိပ္ပာယ်လို့ ယူဆပါတယ်။

မိလိန္ဒမင်းကြီးနဲ့  ရှင်နာဂသေနတို့ရဲ့ အမေးအဖြေမှာ အကြင်သူသည် ဉာဏ်ရှိ၏။ ထိုသူသည် ပညာလည်းရှိပါသလော

လို့မေးပါတယ်။ ဉာဏ်တရားဟာ ပညာဟုတ်ပေတယ်လို့ဖြေပါတယ်။ အချို့သောအရာမှာ တွေဝေပြီး အချို့သောအရာမှာ မတွေဝေသာတည်းလို့ ဆိုပြခဲ့လျှင် မောဟကင်းခြင်းဟာ မတွေဝေလို့ ပြောကြားပါတယ်။

အမှောင်ပျောက်၍ အလင်းရောက်သလိုပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုခြင်းဟာ ရင်းနှီးကျွမ်းဝင် စေသလို တစ်ခါတစ်ရံ မပြေမလည်လည်း ဖြစ်တတ်ပါတယ်။ အစောကပြောခဲ့သလို မောဟက အခြေခံတယ်ထင်ပါတယ်။ တစ်ယောက်ကို တစ်ယောက်မေးမြန်းစူးစမ်းစကား အချေအတင်ပြော၊ မေးခွန်းတွေမေး လူ့ယဉ်ကျေးမှု နယ်ပယ်မှာ ရှိကြတွေ့ကြစမြဲပါ။ တကယ်မသိနားမလည်လို့ မေးတာသိပါသော်လည်း ဘယ်လိုဖြေမလဲသိချင်လို့ မေးတာ။ တစ်ဖက်သားကို ထိပါးနှိပ်စက်လို့ဖြစ်စေကြောင်း ကျိုးလျော်ကန်မှုမရှိ၊ တမင်သက်သက် မေးခြင်းလည်း ရှိတယ်လို့  ရှင်နာဂသေနက ဖြေပါတယ်။ ဖြေဆိုသူရဲ့ လိမ္မာပါးနပ်မှု၊ အစောကပြောသလို  ဉာဏ်ပညာရှိမှု၊ ဖြတ်ထိုးဉာဏ်ရှိမှုတွေ အထူးလိုအပ်ပါတယ်။ အများအပြား ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်း၊ ကောင်းကောင်းဆိုးဆိုး အမှန်အတိုင်း သိရှိခြင်းက ပညာလို့ဆိုပါတယ်။ ဒါကြောင့်လည်း ပညာသမာအာဘာနတ္ထိ ပညာနှင့်တူသော အရောင်အလင်းမရှိလို့ ရှေးကတည်းက မြတ်ဗုဒ္ဓဘုရားဟောကြားခဲ့၊ ပညာရှိများ လက်ခံကျင့်သုံးခဲ့တာပါ။ မိမိကိုယ်ပိုင်ဉာဏ်နဲ့သိတဲ့ စိန္တာမယပညာနဲ့ ပညာရှိစကားကြားသိမှတ်ထား စာပေဗဟု သုတအရသိတဲ့ သုတမယပညာတွေ၊ ပညာရပ်သတ်မှတ်ချက်တွေ ရှိနေပါတယ်။ ပညာရှိခြင်း၊ တတ်ခြင်းဖြင့်  ကုသိုလ်ဘက်၊ ကောင်းတဲ့ဘက် လမ်းမှန်ပို့နိုင်သလို တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံရာမှာလည်း မှား၊ မှန်ခွဲခြားတတ်သလို  ပညာဉာဏ်ရင့်သန်စေပါတယ်။ မှတ်သားစရာ၊ လိုက်နာစရာ ကောင်းတဲ့ ဝစီသုစရိုက် လေးပါးရှိပါတယ်။

ဝစီသုစရိုက် ဝစီကံ လေးပါးရှိပါတယ်။

၁။ မုသာဝါဒဝိရတီ-မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

၂။ ပိသုကာဝါစာဝိရတီ-ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်မှု။

၃။ ဖရုသဝါစာဝိရတီ-ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ    ဆဲဆိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

၄။ သမ္ဖပ္ပလာပဝိရတီ-သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။

ကုသိုလ်ဖြစ်သလို တကယ်လိုက်နာသင့်တဲ့ ဝစီသုစရိုက်ပါ။ ဒါတင်မက ရုတ်တရက်ဆိုသလို ဖြေကြားတတ်တဲ့ သင်္ခဏုပ္ပတ္တိဉာဏ်နဲ့ဇဝနဉာဏ်လေးရှိရင်ပိုကောင်း၊ ပိုပြည့်စုံလှပေမယ့် ဒါနဲ့ပတ်သက်လို့ ပြည့်စုံတယ် ဆိုနိုင်တဲ့ ဘိုးတော်ဦးဝိုင်းလက်ထက် ဘုရင်အပါးတော်မြဲခစားရတဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦးအကြောင်း  ရေးသားပါရစေ။

ရှေးတုန်းက သက်ဦးဆံပိုင်ဘုရင်အပါး ခစားရတာ မလွယ်ပါ။ သတ်စေဆိုရင် တစ်ချက်လွှတ်အမိန့်တော်ပါပဲ။ ဓားသွားပေါ်က ပျားရည်စက်ဘဝမျိုးလို့ဆိုရင် ရမလားဘဲ။

ရှေးအစဉ်အလာတစ်ခုက လက်အောက်ခံနယ်စားပယ်စားမြို့စားတွေက  ဘုရင့်ထံ လက်ဆောင်ပဏ္ဏာ ဆက်သကြတဲ့ ဓလေ့ရှိပါတယ်။ ရွှေလမ်း၊ ငွေလမ်းဖောက်လို့ ဘုရင်ကလည်း လက်ခံရတာပါပဲ။ အဲဒီတုန်းက ခေတ်အစားဆုံးက ဘုရင်က ဆင်ဖြူတော်ပိုင်တယ်ဆိုရင် တကယ့်ဘုန်းရှိသော ဘုရင်အဖြစ်သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဆင်ဖြူတော်ဆက်သနိုင်တဲ့ သူက မျက်နှာပွင့်လန်းလှပါတယ်။   တစ်ရက်မှာ  ဘုရင့်ထံ ဆင်ဖြူတော် ဆက်သလာလို့ နန်းတော်ဝင်းထဲ ဆင်ဝန်တို့ ဆင်ရဲ့သွင်ပြင်လက္ခဏာ အရပ်ရပ်ဖတ်ရတဲ့ ဆင်ကြန်ဝန်စသဖြင့် အလုပ်တွေရှုပ်လို့ပါ။ နောက်နေ့ နံနက်မြေ နန်းပြာသာဒ်မှာ ဆင်တော်ကိုအပ်ရမှာပါ။ အမတ်တွေနဲ့ ဆင်ကြန်ဖတ်တွေ ချွေးပြန်နေပါတယ်။ ဘုရင်ကလည်း ငါ့ဘုန်းကံတော်ကြီးမားလာလို့ ပေါ်လာတဲ့ ဆက်သလာတဲ့ ဆင်ဖြူတော်ရဲ့ ကြန်အင်လက္ခဏာပါလျှင် ဆင်ဖြူတော် စာရင်းသွင်းလို့ ဆိုပါတယ်။ အခုဆင်မည်းကြီးကို ဆင်ဝန်တွေ၊ ဆင်ကြန်ဖတ်တွေ၊ ဆင်ဝန်ထမ်းအရာရှိကြီးငယ် ကြည့်ကြတာ  အကြိမ်မနည်းမနောပါ။ ဘာလက္ခဏာမှ မတွေ့ရတော့ ဘုရင်မင်းမြတ်ကို ဘယ်လိုလျှောက်တင်ရမလဲ စဉ်းစားရကျပ်နေကြပါတော့တယ်။ ခရီးဝေးကွာတဲ့  နေရာက မိမိဘုန်းသမ္ဘာအောက်ခစား ဆက်သလာတာဖြစ်လို့ မလိုလား။ လက်မခံလို့မဖြစ်တာ မှူးမတ်ကအစ ဘုရင်ကြီးအဆုံး သိနေပါတယ်။

အဲဒီခေတ်က နိုင်ငံရေးယဉ်ကျေးမှုဖြစ်လို့ မင်းတို့စကား မိုးကြိုးသွား ဆိုသလိုအရာရာ ချင့်ချိန်ဆုံးဖြတ် ပြောဆိုရပါတယ်။ မှူးမတ်တွေ တစ်စုံတစ်ရာ မလျှောက်တင်ခင် ပေါ်ဦးကို မမြင်ပါလားဟဲ့ ဆိုတော့ မှန်လှပါ၊ ဗြဲတိုက်တော်မှာပါ ဘုရားတဲ့။ တကယ်တော့ ပါးနပ်လှတဲ့ အမတ်ကြီး ဦးပေါ်ဦး ရှောင်နေတာပါ။ မပြောချင်လို့ပါ။ ခစားစေဆိုတော့ ရောက်လာတာပေါ့။ ငါ့ဘုန်းသမ္ဘာကြောင့် ဆက်သလာတဲ့ဆင်တော်မှာ ဆင်ဖြူတော် အင်္ဂါလက္ခဏာပါမပါ အသေအချာလျှောက်စေဆိုတော့ မှန်လှပါ မင်္ဂလာဆင်၊ ဟေမဆင်၊ ပန္နသဆင်၊ ဝိင်္ဂလဆင်၊ စမ္မဆင် စသည်ဖြင့် ဆယ်မျိုးရှိရာတွင် ယခုဆင်တော်ကြီးသည် ဟေမဆင်အမျိုးအစား ပါဝင်သော အင်္ဂါနှင့်ညီပါသဖြင့် နောင်အနှစ် ၆၀ ကြာလျှင် တစ်ကိုယ်လုံးဖြူဖွေးသော ဆင်ဖြစ်လာပါလိမ့်မည် ဘုရားလို့ လျှောက်တင်လိုက်ပါတယ်။

အဲဒီမှာ ဆင်ဖြူတော်လည်း ဆင်ဝန်၊ ဆင်ထိန်းတို့ခေါ်ရာ ဆင်တင်းကုပ်မှာ အစီအမံများ၊ စားစရာများနဲ့ ချထားပါတယ်။ အဲသလိုပါပဲ။ ဆင်ဆက်သသူတွေလည်း ရွှေတိုက်စာရင်းဝင် ဖြစ်သွားပါတော့တယ်။ အဲဒီမှာ လူစုကွဲပြီး ဗြဲတိုက်တော် ပြန်ရောက်တော့ ဝန်ကြီးဝန်လေး အကုန်လုံးက ဦးပေါ်ဦးကို အင်တာဗျူးကြပါတော့တယ်။ အဲဒီမှာ လူစုကွဲပြီး ဗြဲတိုက်တော်ပြန်ရောက်တော့  ဝန်ကြီးဝန်လေးအကုန်လုံးကို ဦးပေါ်ဦးကလည်း ခပ်တင်းတင်းပဲ ဟုတ်တယ်လေ။ ဒီလိုမှ မလျှောက်ရင်ရမလား။ ဘုရင်ကိုယ်တော်တိုင်က လိုလားနေတာပဲ။ အဲဒီမှာတစ်ယောက်ကဆက်မေးတယ်။ နောက်နှစ် ၆၀ ကြာလို့ တကယ်ဖြူမှာလား ၊ မဖြူရင်တောတဲ့။ အော် နောက်အနှစ် ၆၀ ကြာရင် ဘုရင်ကြီးရော၊ ဆင်ရော၊ ငါရော၊ မင်းရော ဘယ်သူမှမရှိတော့ဘူး။ ဖြူလား၊ မဖြူလားကြည့်မှာ မဟုတ်တော့ဘူးတဲ့။ သူပြောတာကတော့ ရှင်းလို့ပါပဲ။ နိဂုံးချုပ်ရပါလျှင် လူ့လောက လူ့သဘာဝပြောဆို ဆက်ဆံရာတွင် သတိပြုစရာ၊ လိုက်နာစရာ၊ အတုယူစရာ၊ ဆင်ခြင်သုံးသပ်စရာ တစ်စုံတစ်ခုရပါစေလိုကြောင်း စေတနာဖြင့်ရေးသားလျက် မျှဝေရခြင်း ဖြစ်ကြောင်းပါ။ ဝစီသုစရိုက်ကုသိုလ်များ ရရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ စကားပြောခြင်းကလည်း သုစရိုက်ဖြစ်ရင် ကုသိုလ်ရရှိကြောင်း  သိတဲ့ ဗဟုသုတမျှဝေ ပေးလိုက်ရကြောင်းပါရှင်။   ။

မရွှေမြိုင်(ပျဉ်းမနား)