တစ်ကြိမ်အားသွင်းရုံနဲ့ ၆၄၉ မိုင်အထိ စံချိန်တင်သွားနိုင်ခဲ့တဲ့ Nio ET7

 

တစ်ကြိမ်အားသွင်းရုံနဲ့ ၆၄၉ မိုင်အထိ စံချိန်တင်သွားနိုင်ခဲ့တဲ့ Nio ET7

 

    လျှပ်စစ်ကားဈေးကွက်တွင် ဦးဆောင် နေရာယူလာနိုင်သော တရုတ်နိုင်ငံမှ Nio မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီက သူတို့၏အထင်ကရ ဇိမ်ခံလျှပ်စစ်ကား ဖြစ်သည့် ET7 ကို စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရာ စံချိန်တင်လောက်သည့် စံနှုန်းများကို ရရှိနိုင်ခဲ့သည်။

ထိုစံချိန်မှာ တခြားလျှပ်စစ်မော်တော်ကားများနှင့် မတူဘဲ ET7 ကို တစ်ကြိမ် အားသွင်းရုံဖြင့် မိုင်ပေါင်း ၆၄၉ မိုင်အထိ စံချိန်တင်သွားနိုင်ခဲ့ခြင်းဖြစ်သည်။ ကီလိုမီတာအားဖြင့် ၁၀၄၄ ကီလိုမီတာရှိသည်။

ယင်းကဲ့သို့  အများနှင့်မတူသည့် စံချိန်တင်မှုကို Nio ၏အမှုဆောင် အရာရှိချုပ် ဝီလီယံလီက Weibo လူမှုကွန်ရက်တွင် တင်ထားခြင်းဖြစ်သည်။

ဝီလီယံလီသည် ET7  ၏ စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြောခဲ့သည်သာမက Nioကအသုံးပြုထားသည့် ခေတ်အမီဆုံးသော ဘက်ထရီနည်းပညာကိုပါ ဦးစားပေး ပြောထားသည်ကိုတွေ့ရသည်။ Nio  ၏ ET7 တွင်အသုံးပြုထားသော ဘက်ထရီမှာ စွမ်းဆောင်ရည်အားဖြင့် ၁၅၀ ကီလိုဝပ်နာရီရှိသည်။

“၁၅၀ ကီလိုဝပ်နာရီရှိတဲ့ ဘက်ထရီ သက်တမ်းရဲ့စိန်ခေါ်မှုကိုတော့ အောင်မြင်စွာ  ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နောက်ဆုံး ရလဒ်က ၁၀၄၄ ကီလိုမီတာရှိပါတယ်” ဟု ဝီလီယံလီကပြောသည်။

အဆိုပါစမ်းသပ်မှုကို   ဝီလီယံလီကိုယ်တိုင် ဦးစီးဆောင်ရွက်ခြင်းဖြစ်ကာ နိုင်ငံတစ်ဝန်း၌   အအေးလှိုင်းဖြတ်မှုအပါအဝင် စိန်ခေါ်မှုရှိသော အခြေအနေများတွင် ၁၄ နာရီကြာ မောင်းနှင်ခြင်းဖြင့်  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့သွားခဲ့သည့် ခရီးမှာ ရှန်ဟိုင်းမြို့မှ ရှားမန်းမြို့အထိဖြစ်သည်။

စတင်မောင်းနှင်သည့်အချိန်တွင် အပူချိန်မှာ အနုတ် ၂ ဒီဂရီစင်တီဂရိတ်ရှိပြီး ခရီးဆုံးအထိ ရောက်ရှိချိန်တွင် ဘက်ထရီ စွမ်းအင် ၃ ရာခိုင်နှုန်း ကျန်ရှိသည်ကို တွေ့ရသည်။

ထို့ကြောင့် Nio ၏အောင်မြင်မှုက လက်ရှိလျှပ်စစ်ကား ထုတ်လုပ်ရေးကဏ္ဍရှိ စံချိန်စံညွှန်းများကို စိန်ခေါ်နေပြီဟု ဆိုရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ  ထုတ်လုပ်ထားသမျှသော လျှပ်စစ်ကားဖြစ်စေ၊ လောင်စာဆီစွမ်းအင်သုံးကားဖြစ်စေ တစ်ကြိမ်အားသွင်းရုံ၊ တစ်ကြိမ်ဆီအပြည့်ဖြည့်ရုံဖြင့် ထိုမျှလောက်သော ခရီးအကွာအဝေးကို မသွားနိုင်သောကြောင့် ဖြစ်သည်။

Nio ကုမ္ပဏီက   ကတိပြုထားတာတစ်ခုရှိသည်။ သူတို့၏ စွမ်းဆောင်ရည် ၁၅၀ ကီလိုဝပ်နာရီရှိ ဘက်ထရီက စွမ်းအင် သိပ်သည်းမှုနှင့်  ဘေးကင်းစိတ်ချရမှုတွင် ရှေ့ပြေးခေါင်းဆောင်ဖြစ်စေရမည်ဟူသော ကတိဖြစ်သည်။ ယခုတော့ သူတို့ ၏ကတိကို သူတို့ကိုယ်တိုင် တည်လိုက်နိုင်ပြီဟုပြောနိုင်သည်။

“အခုလိုအောင်မြင်မှုက စမတ်လျှပ်စစ်ကားများအနေနဲ့ တစ်ကြိမ်အားသွင်းရုံနဲ့ ၆၄၉ မိုင်အထိသွားလို့ ရနိုင်စွမ်းရှိတယ် ဆိုတာကို ပြသလိုက်တာပါ။ ဒါ့အပြင် မော်တော်ယာဉ်လုပ်ငန်း ကဏ္ဍမှာ လောင်စာဆီအသုံးပြုမှုကနေ    လျှပ်စစ်စွမ်းအင် အသုံးပြုမှုဆီပြောင်းလဲမှုကိုလည်း အားပေးထောက်ခံမှုတွေ ဖြစ်စေပါလိမ့်မယ်” ဟု ဝီလီယံလီက ရေးထားသည်။

Nio အနေဖြင့် သူတို့၏ ၁၅၀ ကီလိုဝပ် နာရီစွမ်းဆောင်ရည်ရှိ ဘက်ထရီများကို ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ စီးပွားဖြစ် ထုတ်လုပ် သွားတော့မည်ဖြစ်သည်။

မျိုးဆက်သစ်ဖြစ်သည့် အဆိုပါဘက်ထရီသည် အမြင့်ဆုံးသော စွမ်းအင်သိပ်သည်းမှု လည်းရှိမည်ဟု Nio က အာမခံထားသည်။

ထိုဘက်ထရီအတွက်ဒီဇိုင်းက ဘေးကင်းစိတ်ချမှုနှင့် စွမ်းအင်အပြည့်အဝ အသုံးချနိုင်မှုတို့အတွက် အဓိကဦးစား ပေးထားခြင်းဖြစ်သောကြောင့် Nio ကုမ္ပဏီ၏ အနာဂတ်လျှပ်စစ်မော်တော်ကားများ ထုတ်လုပ်မှု မဟာဗျူဟာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်သည်။

စိတ်ဝင်စားဖို့ကောင်းသည့် တစ်ချက်က Nio အနေဖြင့် သူတို့၏ ဘက်ထရီအားသွင်းခြင်းကို နည်းလမ်းတစ်မျိုးဖြင့် ဆန်းသစ်လာခြင်းဖြစ်သည်။

ထိုနည်းလမ်းမှာ  အားကုန်သွားသော ဘက်ထရီများကို အားအပြည့်ရှိသော ဘက်ထရီများဖြင့် သုံးမိနစ်အတွင်းလဲပေးခြင်းဖြစ်သည်။

Nio  ကုမ္ပဏီသည်   အစကတည်းက ဘက်ထရီလဲပေးခြင်း နည်းလမ်းဖြင့် စတင်ခဲ့ခြင်းဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်း ကဏ္ဍတစ်ခုလုံးအတွက် နည်းပညာများနှင့် အခြေခံအဆောက်အဦများကို အသုံးပြုခွင့်ပေးသွားရန် အသင့်ရှိသည်ဟု Nio ဥက္ကဋ္ဌ ကျင်လီဟောင်းကပြောသည်။

Nio ကုမ္ပဏီအနေဖြင့်    ဘက်ထရီလဲပေးသည့်နေရာများကို နိုင်ငံတစ်ဝန်းတွင် တိုးမြှင့်တည်ဆောက်လျက်ရှိရာ    ယခုအချိန်အထိ ဘက်ထရီအလုံးပေါင်း ၃၂ သန်းကျော်ကို လဲလှယ်ပေးပြီးဖြစ်သည်။

ထို့ကြောင့် လျှပ်စစ်ကားများကို တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် စိတ်ဝင်စားမှုများ မြင့်တက်နေစဉ် Nio ၏ အောင်မြင်မှု ထွက်ပေါ်လာခြင်းဖြစ်သည့် အတွက် ထိုကုမ္ပဏီအနေဖြင့် လျှပ်စစ်ကား ထုတ်လုပ်မှု ကဏ္ဍတွင် ဦးဆောင်နေရာ၌  ဆက်လက်တည်ရှိနေမည်ဖြစ်ပေသည်။