မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ ၂၆ ဆူမှ ဂေါပကအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ပါဝင်သည့် ၁၀၈ ဦးတို့ လာရောက်ဖူးမြော် ၊ ဘုရားဖူး အဖွဲ့ဝင်များ၏ စကားသံများ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ ၂၆ ဆူမှ ဂေါပကအဖွဲ့  ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ပါဝင်သည့် ၁၀၈ ဦးတို့ လာရောက်ဖူးမြော် ၊ ဘုရားဖူး အဖွဲ့ဝင်များ၏ စကားသံများ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်   ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဘုရား/စေတီ ၂၆ ဆူမှ ဂေါပကအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ပါဝင်သည့် ၁၀၈ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို ခဲ့ကြသည်။ အဆိုပါဘုရားဖူး အဖွဲ့ဝင်များ၏ စကားသံများကိုလည်း  အောက်ပါအတိုင်းကြားသိခဲ့ရသည်-

ဦးဌေးဝင်း(အကြီးတန်းအင်ဂျင်နီယာ)၊ ဆူးလေဘုရားဂေါပက အဖွဲ့ဝင်

     ကျွန်တော်တို့ကတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ တန်ခိုးကြီး ဘုရား/ စေတီတော်စုစုပေါင်း ၂၆ ဆူက ဂေါပကဦးရေ ၁၀၈ ဦး လာရောက်ဖူးမြော် ကြတာပါ။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မယ့် ကျောက်တုံးတော်ကြီးကို စတင်သယ်ဆောင်ကတည်းက ရုပ်မြင်သံကြား သတင်းတွေ၊    သတင်းစာတွေထဲတွေ့ကတည်းက    လာရောက် ဖူးမြော်ချင်နေတာပါ။ ဘာကအထူးခြားဆုံးလဲဆိုရင် ကျောက်ဆစ်ရုပ်တုကို စတင်ထုဆစ်ကတည်းက အင်မတန်မှလည်း အံ့သြဖို့ကောင်းသလို ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ရတာကိုလည်း သတိထားမိပါတယ်။တည်ထားကိုးကွယ်တဲ့ နေရာမှာလည်း နိုင်ငံအသီးသီးမှာရှိတဲ့ တခြားစေတီ တွေနဲ့မတူဘဲနဲ့ တစ်မူထူးခြားပြီး အဆင့်မြင့်တဲ့နည်းပညာတွေ အသုံးပြုပြီး တည်ထားကိုးကွယ်တာ တွေ့ရပါတယ်။ ကျွန်တော်က အကြီးတန်းအင်ဂျင်နီယာ ဖြစ်တဲ့အတွက်  ဖူးမြော်တဲ့အခါမှာ မြန်မာမှုလက်ရာတွေ၊ ဗိသုကာလက်ရာတွေ အင်မတန်မှ ခေတ်မီဆန်းသစ် ထည်ဝါစွာနဲ့ ကြီးကျယ် ခံ့ညားတာကိုလည်း တွေ့မြင်ရပါတယ်။ ကျွန်တော်တို့  မြန်မာအင်ဂျင်နီယာတွေကလည်း international level  ရှိပါတယ်။ ပြည်ပက ပညာရှင်မပါဘဲ ကိုယ့်ပြည်တွင်းမှ ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ တည်ဆောက်ထားတာဖြစ်လို့ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ပိုပြီးဂုဏ်ယူမိပါတယ်။ ခုလို ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားတဲ့နေရာမှာ ကမ္ဘာကတောင် အံ့သြရလောက်သည်အထိ လုပ်ပြနိုင်တဲ့အတွက် ကျွန်တော်တို့နိုင်ငံက အင်ဂျင်နီယာတွေကို  အရမ်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာတွေရဲ့ ပညာရပ်တွေက ဘယ်လောက်အထိ အဆင့်အတန်းမြင့်တယ်ဆိုတာ ကမ္ဘာကို မာရဝိဇယရုပ်ပွားတော်မြတ်ကြီးက သက်သေပြလိုက်တာပါပဲ။ နောက်တစ်ခုက ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာနိုင်ငံဆိုတာ အင်မတန်မှ နည်းပါးလာပါပြီ။ အခုလိုမျိုး မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်လိုက်ရတဲ့အတွက် အင်မတန်မှကြည်နူး ပီတိဖြစ်ရပါတယ်။ ကျွန်တော် အသက် ၆၀ ကျော်ပါပြီ။ ကျွန်တော့်  သက်တမ်းတစ်လျှောက်မှာဒီလိုမျိုး ဉာဏ်တော်အမြင့်ဆုံးနဲ့ ကြီးကျယ်ခမ်းနားပြီး သပ္ပာယ်ကြည်ညိုဖွယ်ရာရုပ်ပွား တော်ဆိုတာ   ကျွန်တော့်သက်တမ်း တစ်လျှောက်မှာ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ အခုလိုသက်ရှိထင်ရှားဖြစ်တဲ့ အချိန်မှာ ဖူးမြော်ခွင့်ရလိုက်တဲ့အတွက် အင်မတန်မှ ကြည်နူးပီတိဖြစ်မိပါတယ်။ ဘဝမှာပြီး ပြည့်စုံသွားတယ်လို့စိတ်ထဲမှာ ခံစားမိတယ်။ ကျွန်တော်ဆိုရင် နိုင်ငံတော်တော်များများမှာရှိတဲ့ ဘုရားတွေကို ဖူးဘူးပါတယ်။ ဖူးမြော်ခဲ့ဖူးတဲ့စေတီ/ဘုရားတွေဟာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးလောက်တော့ ကြီးကျယ်ခမ်းနားတာ   မတွေ့ခဲ့ရပါဘူး။ တချို့ကျတော့ သမိုင်းအစဉ်အလာကောင်းတွေကြောင့်   လိုက်ဖူးရတာတွေလည်း ရှိသလို တချို့ကျတော့လည်း ဗုဒ္ဓတရားတော်နဲ့အညီ   ဖူးမြော်ရတာလည်း ရှိပါတယ်။ သို့သော်လည်း မာရဝိဇယကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီးကျတော့   အခုနကျွန်တော်ပြောပြတဲ့ အတိုင်းအတာတွေ ထက်  အဆမတန်ကြီးကျယ်မြင့်မြတ် ခမ်းနားတဲ့ တစ်နည်းအားဖြင့်  နိုင်ငံတကာ နဲ့ယှဉ်ရင် အင်မတန်မှသာလွန်တဲ့ အခါကျတော့ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ရော၊ နိုင်ငံသားတစ်ယောက် အနေနဲ့ရော အင်မတန်မှ ဂုဏ်ယူမိပါတယ်။ အဲဒါကြောင့် အများပြည်သူတွေအနေနဲ့ လာရောက်ပြီးဖူးမြော် ကြည်ညိုသဒ္ဓါပွားနိုင်ဖို့ ကျွန်တော့်အနေနဲ့ ထပ်ဆင့်ပြီး တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။

ဦးဝင်းမြင့်၊ ကမ္ဘာအေးစေတီဂေါပက အဖွဲ့ဝင်

    ကျွန်တော် မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ချင်တာ ကြာပါပြီ။ စဖွင့်ကတည်းက  လာချင်တာပါ။ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ပါဘူး။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဘုရား၊ စေတီ၂၆ ဆူက ဂေါပက ၁၀၈ ယောက်ကို ပထမအသုတ် အနေနဲ့ ဘုရားဖူးစေလွှတ်လိုက်ခြင်း ဖြစ်ပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလည်းဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက အုတ်အော်သောင်းတင်း လာရောက်ဖူးမြော်နေတဲ့ ဘုရားကြီးဖြစ်တဲ့ အတွက် အခုလိုစီစဉ်ပေးတဲ့  ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို   ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်   အလွန်မတန်မှ  နှစ်ထောင်းအားရ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ကမ္ဘာအေးစေတီမှာလိုအပ်မယ့်   သန့်ရှင်းသာယာရေးတို့ ဘုရားကြီး တည်ဆောက်ပုံတို့   အခြားလိုအပ်မယ့်     အနေအထား အားလုံးကို လေ့လာသွားမှာ ဖြစ်ပါတယ်။   ထူးခြားပြီး သပ္ပာယ်လှတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို မြန်မာပြည်အတွင်းမှာ ရှိကြတဲ့ သပ္ပုရိသအနွယ်ဝင်အပေါင်းတို့ လာရောက်ဖူးမြော်ကြဖို့ ဒီနေရာကနေ ဖိတ်ခေါ်အပ်ပါတယ်။

ဒေါက်တာအေးကို၊ ဥက္ကလာပစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ ဘုရားဖူးခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်သက်မှာတစ်ခါ၊ ဘဝမှာ တစ်ခါဖူးခွင့်ရတဲ့အတွက် ရင်ထဲမှာပြောမပြနိုင်လောက်အောင် တကယ့်ကိုဝမ်းသာ ကြည်နူးပီတိဖြစ်ရပါတယ်။  ရုပ်ပွားတော်ကြီးကို လေ့လာမှုအနေနဲ့ကတော့ မိမိမမြင်ဖူးသေးတဲ့ အဆောက်အအုံတွေလည်း မြင်ရတယ်။ ခမ်းနားကြီးကျယ်လွန်းလှတဲ့ သာသနိက အဆောက်အအုံတွေအပြင် ဘာသာရေး သာသနာရေးဆိုင်ရာ အဆောက်အအုံတွေလည်း အများကြီးမြင်ရတဲ့အခါကျတော့ ဗဟုသုတတွေလည်း အများကြီး ရပါတယ်။ ကျွန်တော်ကိုယ်တိုင်က ဘာသာရေးကို ကြည်ညိုလေးစားတဲ့သူ ဖြစ်တဲ့အတွက်ကြောင့်   ဗုဒ္ဓဘာသာ သာသနာတော်ကြီး    ရေရှည်တည်တံ့ ပြန့်ပွားဖို့အတွက် လုပ်ဆောင်ထားတာတွေကို တွေ့ရမြင်ရတဲ့အတွက် စိတ်ထဲမှာ အင်မတန်မှ နှစ်ထောင်းအားရဖြစ်ရပါတယ်။ ယခင်ကလည်း မရှိခဲ့ပါဘူး။ နောက်နောင်လည်းရှိဖို့ ခက်ခဲလှပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ဖို့ တိုက်တွန်းလိုပါတယ်။

ဦးမြင့်ချို၊ ရွှေဆံတော်ဘုရား ဂေါပက အဖွဲ့ဝင်၊ တွံတေးမြို့

      တွံတေးရွှေဆံတော်က ဂေါပကအဖွဲ့ဝင် တစ်ယောက်ပါ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီစဉ်ကြီးကြပ်ပေးမှုနဲ့ ဘုရားကြီးကို   လာရောက်ဖူးမြော်ခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။ အခုပထမဆုံး ဖူးမြော်ခွင့်ရခြင်းဖြစ်ပါတယ်။ မာရဝိဇယရုပ်ပွားတော် မြတ်ကြီးကို အခုလောက် အထိကြီးကျယ်ခမ်းနားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီရောက်မှ  တော်တော်အံ့သြခဲ့ရတယ်။ ဘုရားပရိဝုဏ်အတွင်းမှာရှိတဲ့ အဆောက် အအုံအားလုံးနဲ့    နေရာအကျယ်အဝန်းတွေရော အကုန်လုံးက ကြီးကျယ်ခမ်းနား လွန်းလှပါတယ်။ ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားမှုတွေကို ရှင်းပြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ တခြား ဘုရားတွေအတွက်လည်း   အတုယူဖို့လိုပါတယ်။ ဒီမှာလာဖူးကြတဲ့ ဂေါပကအဖွဲ့တွေ အနေနဲ့ မိမိတို့ဘုရားကို   ဘယ်လိုဖွံ့ဖြိုး တိုးတက်အောင်လုပ်ရမလဲ၊ ရေရှည်တည်တံ့ အောင်  ဘယ်လိုတွေ လုပ်ဆောင်ကြမလဲ ဆိုတဲ့ အသိတွေဝင်လာတယ်။ လေ့လာစရာ အများကြီးရှိတဲ့ မာရဝိဇယစေတီတော်ကြီးကို လာရောက် ဖူးမြော်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဦးတင်ရွှေ၊ ဆုတောင်းပြည့်နန္ဒဝန် စေတီတော်၊ ဂေါပကအဖွဲ့ အတွင်းရေးမှူး၊ တာမွေမြို့နယ်

      ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှု၊ ကမ္ဘာအေးစေတီ ဂေါပကအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နေပြည်တော်မှာရှိတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတာပါ။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ရှိတဲ့ဘုရား၊  စေတီတွေက ဂေါပကအဖွဲ့ဝင်တွေ စုပေါင်းပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်တဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကိုဖူးဖို့ ကြိုးစားခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မဖူးဖြစ်ခဲ့ပါဘူး။  အခုတော့ တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ကမ္ဘာအေးဘုရား ဂေါပကအဖွဲ့ရဲ့   စီစဉ်ဆောင်ရွက်မှုနဲ့ မမျှော်လင့်ဘဲ   ဖူးမြော်ခွင့်ရတဲ့အတွက် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေ အားလုံးကို အခုခရီးစဉ်မှာပါဝင်တဲ့ ဂေါပကအဖွဲ့ဝင်တွေရဲ့ ကိုယ်စား အထူးပဲ ကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောလိုပါတယ်။ မြန်မာပြည် တစ်ဝန်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်အားလုံး အနေနဲ့   မိမိရဲ့သဒ္ဓါစိတ်နဲ့ လာရောက် ဖူးမြော်ကြစေလိုတဲ့ ဆန္ဒအပြည့်ရှိပါတယ်။ သို့သော်လည်း ဝေးလံခေါင်ဖျား အရပ်ဒေသမှာနေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မဖြစ်မနေကြိုးစားပြီး လာရောက်ဖူးမြော် ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။   ဘာဖြစ်လို့လဲဆိုတော့  ဒီမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဟာ နိုင်ငံတော် အကြီးအကဲတွေကိုယ်တိုင် အချိန်တိုကာလအတွင်းမှာ အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့တဲ့ ဘုရားကြီးဖြစ်တဲ့ အတွက်ရယ် နောက်ပြီး ဘုရားကြီးပရိဝုဏ်အတွင်းမှာ ရှိတဲ့ သာသနိက အဆောက်အအုံတွေရဲ့ ခံ့ညားမှုတွေ၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့    သပ္ပာယ်ကြည်ညိုဖွယ်ရာ ကောင်းမှုတွေ၊ ကျောက်စာရုံစေတီတွေ တည်ဆောက်ထားရှိမှုတွေဟာ အင်မတန်မှ  ထူးခြားခမ်းနား အံ့ဖွယ်တွေ ဖြစ်လို့ မြန်မာနိုင်ငံ ဘယ်အရပ် ဘယ်ဒေသမှာ နေထိုင်သည်ဖြစ်စေ   တကယ့်ကိုဖူးမြော်သင့်တဲ့ ဘုရားကြီးဖြစ်တဲ့အတွက် ရောက်အောင် ဖူးမြော်စေချင်ပါတယ်။