မော်လမြိုင်ကျွန်းမြို့နယ်၌ အုန်းသီးအနုများ ဝယ်လိုအားကောင်းပြီး အရောင်းသွက်နေ

 

မော်လမြိုင်ကျွန်းမြို့နယ်၌ အုန်းသီးအနုများ ဝယ်လိုအားကောင်းပြီး အရောင်းသွက်နေ

 

    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၌   အုန်းသီးအနုများ   ဝယ်လိုအားကောင်းပြီး  အရောင်းသွက်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ  အုန်းသီးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ဌေးဝင်း၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ပထမပတ်မှစ၍ အုန်းသီးအနုများကို ရန်ကုန်ဈေးကွက်မှ  မှာယူမှုများလာခြင်းကြောင့် အရောင်းသွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသထွက် အုန်းသီးအနုများကို ရန်ကုန်ဈေးကွက်သို့ ငါးရက်လျှင်တစ်ကြိမ်  အလုံးရေ  ၇၅၀၀၀ အထိ တင်ပို့ရောင်းချ နေရကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်က အုန်းသီး အများဆုံးထွက်ရှိပါတယ်။ အရင်နှစ်တွေ က ကိုဗစ်-၁၉  ရောဂါအခြေအနေကြောင့်  ပြည်တွင်းပြည်ပ  အုန်းသီးဈေးကွက်ပျက် ခဲ့တယ်။ ဒီနှစ် ပြည်ပရော ပြည်တွင်းကိုပါ ပြန်လည် တင်ပို့ခွင့်ရလာလို့  ဝယ်လိုအား ကောင်းလာတာဖြစ်ပါတယ်။ အုန်းသီးအနုရော အရင့်ပါ တင်ပို့ရောင်းချနေပြီး လက်ရှိ အနုတွေ ပိုပြီးအဝယ်လိုက်နေတာပါ။ အုန်းသီးဈေးလည်း ကောင်းလာသလို အသီး ရင့်တဲ့အထိ မစောင့်ရဘဲ ငွေပေါ်လို့ အုန်းခြံလုပ်ငန်း လုပ်ကိုင်သူတွေ   အဆင်ပြေနေ ပါတယ်။ ပုံမှန်အဝယ်ရှိနေပေမယ့် ပြီးခဲ့တဲ့ နှစ်     ဒီဇင်ဘာလပထမပတ်ကနေစပြီး အုန်းသီးအနုတွေ ဝယ်လိုအားပိုကောင်းလာ တာဖြစ်ပါတယ်။  အခုက   ဝယ်လိုအား ကောင်းလာသလို    ဈေးလည်းကောင်းနေ တယ်။ မော်လမြိုင်ကျွန်းမြို့နယ်က ထွက်ရှိ တဲ့  အုန်းသီးတွေကို  ရန်ကုန်ဈေးကွက်ကို   အဓိကထား တင်ပို့ရောင်းချနေပါတယ်”ဟု  ဒေါ်ဌေးဝင်းကပြောသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးအခြောက်များ၊ အုန်းသီးအရင့်များ အပါအဝင်   အုန်းသီးအနုများကို   ဒေသ ပွဲရုံလုပ်ငန်းရှင်များက ဝယ်ယူ၍ စနစ်တကျ ရွေးချယ်ထုပ်ပိုးပြီး    ရန်ကုန်ဈေးကွက်သို့ အဓိက   တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။