ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ၏ ရင်တွင်းစကားသံများ

 

ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများ၏ ရင်တွင်းစကားသံများ

 

    တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုကာလများနှင့် လွတ်လပ်ရေးရပြီးနောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိ နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ  အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ ယနေ့နံနက်ပိုင်းတွင်  ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူတစ်ဦးချင်း လက်ရောက်ဂုဏ်ပြုချီးမြှင့်ရာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြသူများ၏ စကားသံများကို   ဖော်ပြလိုက်ရပါသည်-

ဦးဆိုင်းနော် (သီရိပျံချီဘွဲ့ကိုယ်စားယူ)

    ကျွန်တော့်အဘိုး ဒူဝါဇော်ရစ်ရဲ့ကိုယ်စား သီရိပျံချီဘွဲ့ကို ကျွန်တော် လာတက်ရောက်ယူခြင်းဖြစ်ပါတယ်။   ကျွန်တော့်အဘိုးက ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ လွတ်လပ်ရေး ရရှိဖို့အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနဲ့  ကချင်ရေးရာ ဝန်ကြီးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ကနေ ဒီလိုအသိအမှတ်ပြု ချီးမြှင့်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ကျွန်တော် ကိုယ်စား တက်ယူရတဲ့အတွက် ဝမ်းပန်းတသာများစွာ ဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဦးဝင်းလှိုင် (ဝဏ္ဏကျော်ထင်ဘွဲ့)

    (၇၆)နှစ်မြောက်  လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်း အခမ်းအနားပွဲမှာ  ဝဏ္ဏကျော်ထင်ဘွဲ့ရလို့ ကျွန်တော် ဖိတ်ကြားခြင်းခံရပါတယ်။  ကျွန်တော် နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့တာက    နိုင်ငံခြားရေးဝန်ကြီးဌာန  သံအမတ်ကြီး (ငြိမ်း) ဦးဝင်းလှိုင်ဖြစ်ပါတယ်။ တိုင်းပြည် တာဝန်ကို ၁၉၇၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ   နောက်ဆုံးသံအမတ်ကြီး တာဝန်နဲ့ အငြိမ်းစားယူခဲ့ပါတယ်။ ဒီဆုကိုရရှိခဲ့တာက ကျွန်တော်လုပ်ဆောင်တဲ့ အလုပ်အပေါ်ကို မူတည်ပြီးတော့ နိုင်ငံတော်ကနေ ဒီဘွဲ့ကို ထိုက်ထိုက်တန်တန်   ချီးမြှင့်ခံရတယ်လို့ ယူဆပါတယ်။ နိုင်ငံတော်ကနေ ချီးမြှင့်တဲ့ စစ်ဘက်က ဘွဲ့တွေကိုလည်း ရရှိခဲ့ပါတယ်။ နယ်ဘက်အနေနဲ့  စီမံထူးချွန်ဘွဲ့ကို ပထမအကြိမ်ရရှိခဲ့ပါတယ်။ အခုချိန်မှာ ဝဏ္ဏကျော်ထင်ဘွဲ့ကို ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ နိုင်ငံတော်ကနေ ကျွန်တော်တို့ရဲ့ တာဝန်ထမ်းဆောင်မှုအပေါ်ကို    ဂုဏ်ယူလောက်အောင် ချီးမြှင့်တဲ့အတွက်   ပိုပြီးဂုဏ်ယူမိပါတယ်။ ကျွန်တော့်နည်းတူပဲ ကျွန်တော်နဲ့အတူတူ လုပ်ဖော်ကိုင်ဖက်တွေ၊ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့တဲ့သူတွေကိုလည်း ဒီလိုဘွဲ့ထူး၊ ဂုဏ်ထူးတွေရရှိတဲ့ အတွက် အားလုံးအတွက် များစွာဝမ်းသာ ဂုဏ်ယူမိပါတယ်။   နိုင်ငံတော်ကိုလည်း များစွာကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း (သရေစည်သူဘွဲ့)

    ဒီနေ့အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ သရေစည်သူဘွဲ့ကို ရရှိတာဖြစ်ပါတယ်။ ဒီဘွဲ့ရရှိခဲ့တာက ကမ္ဘာမှာဉာဏ်တော်အမြင့်မားဆုံး ဖြစ်တဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို   ငါးနှစ်ခန့်  ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ခဲ့ပါတယ်။   ဒီလို ဆောင်ရွက်ခဲ့တဲ့အတွက် သရေစည်သူဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီဘွဲ့မတိုင်ခင်မှာ ဇေယျကျော်ထင်ဘွဲ့နဲ့  စည်သူဘွဲ့နှစ်ခုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး ဘွဲ့ရရှိတဲ့အတွက်   ကျွန်တော့်အနေနဲ့အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်။

ဒေါက်တာမျိုးညွန့်အောင် (အလင်္ကာကျော်စွာဘွဲ့ ကိုယ်စားယူ)

    ကျွန်တော့်အဖေ စာရေးဆရာ(မင်းဘူး) ဦးအုန်းကြိုင်ကိုယ်စား သားအနေနဲ့ ဒီအခမ်းအနားကို လာတက်ရောက်ခြင်းဖြစ်ပါတယ်။ အဖေရတဲ့ဘွဲ့က   အလင်္ကာကျော်စွာဘွဲ့ ရရှိတာဖြစ်ပါတယ်။ အဖေက ရှေးဟောင်း သုတေသန ဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အထိ တာဝန်ကိုနှစ်ပေါင်း ၄၀ ကျော် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် ရရှိတာဖြစ်ပါတယ်။ အဖေက စာအုပ် ၁၅ အုပ်နဲ့ ဆောင်းပါးပေါင်း ၁၀၀ ကျော်လောက် ရေးသားထုတ်ဝေခဲ့ပါတယ်။ ဒီအရည်အချင်းတွေကြောင့် နိုင်ငံတော်က အလင်္ကာကျော်စွာဘွဲ့ချီး မြှင့်တယ်လို့ ထင်ပါတယ်။   ကျွန်တော့်အနေနဲ့ အင်မတန် ဝမ်းသာပါတယ်။ ဒီလိုဆုမျိုး၊ ဘွဲ့မျိုးကို ကျွန်တော့်အဖေ ရရှိတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ အဖေက  နိုင်ငံတော်က ပေးတဲ့ စာပေဗိမာန်ဆု ခုနစ်ဆုနဲ့ ထွန်းဖောင်ဒေးရှင်းဆုကိုလည်း  ရရှိခဲ့ပါတယ်။

နိုင်ငံတော်အကြီးအကဲတွေကနေ   ရသင့်ရထိုက်တဲ့သူ၊ ပေးသင့်ပေးထိုက်တဲ့သူတွေကို ပေးတဲ့အတွက် အင်မတန်မှ ဂုဏ်ယူဖွယ် ကောင်းပါတယ်။ နောင်မှာလည်း ဒီလိုဆုမျိုး ပေးဖို့မျှော်လင့်ပါတယ်။

ဦးအောင်မြိုင် (သိပ္ပကျော်စွာဘွဲ့)

    လက်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ဖြစ်ပါတယ်။ အရင်တုန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ဒုတိယ ညွှန်ကြားရေးမှူး တာဝန်အဖြစ် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။   ကျွန်တော်ရရှိတဲ့ဆု အမျိုးအစားကတော့ သိပ္ပကျော်စွာဘွဲ့ ရရှိခဲ့ပြီးတော့မှ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးရဲ့ကျောက်တော်ကြီး တည်ထားကိုးကွယ်ရေး၊  ပူဇော်ရေးမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အမျိုး၊ ဘာသာ၊   သာသနာအတွက်  ဝိုင်းဝန်း ကြိုးပမ်း အားထုတ်ရတဲ့အတွက် အင်မတန် ဝမ်းမြောက်ပီတိဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ အရင်တုန်းက ရရှိခဲ့တဲ့ဆုလည်း မရှိခဲ့ပါဘူး။ အားလုံးဝမ်းသာပီတိဖြစ်ရပါတယ်။    ။