တောင်ကြီးတက္ကသိုလ်တွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား

 

တောင်ကြီးတက္ကသိုလ်တွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြား

 

နေပြည်တော်  ဇန်နဝါရီ  ၅

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့  လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ်  ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေး   ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် ပညာရေးရုံးမှ  တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်၍  စာသင်ခန်းများတွင်  အေးချမ်းစွာ ပညာသင်ကြား သင်ယူနေကြသည့်  လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ကျောင်းသူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   အခက်အခဲဖြင့် ရင်ဆိုင်တွေ့ကြုံရသည့်တိုင် စိတ်ဓာတ်မကျဘဲ ပညာအရည်အသွေး တိုးတက်မြင့်မားရေးအတွက်  ဆက်လက်ကြိုးစားနေရန်  လိုကြောင်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကြုံတွေ့ရသည့်  အခက်အခဲများနှင့် လိုအပ်ချက်များကို  ပညာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက ပံ့ပိုးဖြည့်ဆည်းကူညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၁၃)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၁)  အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းတို့သို့ သွားရာက်၍ ကျောင်းအတွင်း တည်ဆောက်နေသည့်  စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးကာ  စာသင်ခန်းအတွင်း  အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ  အမှတ်(၁) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး   အထက်တန်းကျောင်းသို့ သွားရောက်၍  ကျောင်းအတွင်းစိုက်ပျိုး ထားသည့်စိုက်ခင်းများ၊ တည်ဆောက်နေဆဲ စာသင်ဆောင် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည်  အဆိုပါ ကျောင်းစာသင်ခန်းများတွင် အခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များကို   အေးချမ်းစွာ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို လှည့်လည်ကြည့်ရှု အားပေးပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို အာရုံစူးစိုက်သင်ယူ၍ ထူးချွန်သည့် နိုင်ငံသားကောင်းများဖြစ်ရန်   ကြိုးစားကြစေလိုကြောင်း၊  မိမိတို့သင်ယူနေသည့် ဘာသာရပ်များသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် အထောက်အကူပြုသဖြင့် ကြိုးကြိုး စားစား လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။