ပြည်ထောင်စုနယ်မြေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုနယ်မြေ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၅

    ပြည်ထောင်စုနယ်မြေ   နေပြည်တော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  ပညာရေး စုံညီပွဲတော် အခမ်းအနားကို  ယနေ့နံနက် ၉ နာရီတွင်  ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ  နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်နှင့်မြို့နယ် ပညာရေး မှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများ တက်ရောက်ကြသည်။

ဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် မုခ်ဦးအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အဆိုပါကျောင်း၏ အားကစား ခန်းမ၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက  “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့်    သီဆိုဖွင့်လှစ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အရည်အသွေးပြည့်ဝသည့် အခြေခံပညာရေးနှင့် အမျိုးသားပညာရည် မြင့်မားရေးအတွက် ပညာရေးစီမံခန့်ခွဲမှု အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးစေတနာရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘပြည်သူများ အားလုံးဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် (ဗဟိုအဆင့်)တွင် ဆုရရှိခဲ့သည့် အားကစားသမားများ၊ နေပြည်တော် အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊  အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်  စာစီစာကုံးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲများတွင်   ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ National ICT Award-2023 ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်အတွက်   ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ   နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်လွင်က လက်ခံရယူသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည်  သင်ရိုးသစ် သင်ထောက်ကူပြခန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြခန်း၊ စွန့်ဦးတီထွင်ပြခန်းတို့ကို ကြည့်ရှု အားပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ဇေယျာသီရိမြို့နယ် ရွာသစ်ကျေးရွာအနီးတွင် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဆောင်ရွက်နေသည့် ရွာသစ် ရေမြှင့်ရေထိန်း(ပင်းတားဆည်) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ရေဆင်းဆည် လက်ယာ(၁) မြောင်းမကြီး မိုင်နား(၆) မြောင်းဆောင် ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်း ကျေးရွာအနီး ပင်လောင်းလမ်းဘေး သီးနှံအကန့်လိုက် စိုက်ပျိုးနည်းစနစ်   (Strip Cropping)စမ်းသပ် စိုက်ခင်းအတွင်း သီးနှံ ၁၈ မျိုးစိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။