ရှမ်းပြည်နယ်(တောင်ပိုင်း) စဉ်ဆက်ပညာရေး လုပ်ငန်း၏ စာသင်ဝိုင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လှည့်လည်ကြည့်ရှု အားပေး

 

ရှမ်းပြည်နယ်(တောင်ပိုင်း) စဉ်ဆက်ပညာရေး လုပ်ငန်း၏ စာသင်ဝိုင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ လှည့်လည်ကြည့်ရှု အားပေး

 

နေပြည်တော် ဇန်နဝါရီ  ၆

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စဉ်ဆက် ပညာရေးလုပ်ငန်း၏ စာသင်ဝိုင်းများကို သွားရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စု ဝန်ကြီးက စဉ်ဆက်ပညာရေး၏ စာသင်ဝိုင်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်တို့တွင် ဖွင့်လှစ်သင်ကြားနေကြောင်း၊  စာသင်သားများအနေဖြင့် အမှန်တကယ် စာတတ်မြောက်အောင် ဆက်လက်ကြိုးစား သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် စာသင်သားပြည်သူများ၏ စာတတ်မြောက်မှု စွမ်းရည်ကိုအားပေးကြည့်ရှု၍ စားသောက်ဖွယ်ရာများနှင့် သင်ထောက်ကူပစ္စည်းများကို  ထောက်ပံ့ပေးအပ်ရာ  သက်ဆိုင်ရာ စာသင်ဝိုင်း ကိုယ်စားလှယ်များက  လက်ခံရယူကြသည်။

စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်၊ ဝင်ငွေတိုးပွားရေး အစီအစဉ်နှင့်  ဘဝသာယာရေး ပညာပေး အစီအစဉ်များပါရှိပြီး ဦးတည်အုပ်စုအနေဖြင့် အသက် ၁၅ နှစ်နှင့်အထက်အရွယ်များကို  သတ်မှတ်သင်ကြားခြင်း ဖြစ်သည်။ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် စာသင်သားပေါင်း ၄၁၆ ဦးကို နည်းပြ၊ ကြီးကြပ်ပေါင်း ၉၈ ဦးတို့က တစ်ရက်လျှင် ပျမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀၊ ရက်အားဖြင့် ရက် ၉၀ ကြာ သင်ကြားပေးလျက်ရှိသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် ဂနိုင်ထော့ အခြေခံပညာ အလယ်တန်းကျောင်း၊ လုံကားအခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါဒီဂရီကောလိပ်ရှိ ကမ္ဘောဇခန်းမ၌ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၊   တောင်ကြီးပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီးက လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် တောင်ကြီး ပညာရေးဒီဂရီကောလိပ်သို့ အာဟာရစားသောက်ကုန်နှင့် ကျောင်းသုံးပစ္စည်းများကို   ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူ၊ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန၏ ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ်   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန    ပြည်နယ်မှူးတို့က ပေးအပ်ရာ   သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင်  ပြည်ထောင်စုဝန်ကြီးနှင့်   ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့က လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်မှ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကားပြောကြားသည်။

ထိုမှတစ်ဆင့်  ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၁၀) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်းတို့သို့ သွားရာက်၍ ကျောင်းအတွင်း တည်ဆောက်နေသည့်  စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။