လပွတ္တာမြို့နယ်မှ ထွက်ရှိသော နေလှန်းဆားများ ဒေသဈေးကွက်တွင် အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

လပွတ္တာမြို့နယ်မှ ထွက်ရှိသော နေလှန်းဆားများ ဒေသဈေးကွက်တွင် အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

 

လပွတ္တာ  ဇန်နဝါရီ  ၆

    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှထွက်ရှိသော    နေလှန်းဆားများ ဒေသဈေးကွက်တွင် အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေသန်း၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ထွက်ရှိသော နေလှန်း ဆားများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပထမပတ်မှ လက်ရှိအချိန်ထိ ဒေသဈေးကွက်အပြင် မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မအူပင်မြို့နယ်နှင့် တခြားဒေသများမှ ဝယ်လိုအား ကောင်းလာခြင်းကြောင့် အရောင်းသွက်နေခြင်းဖြစ်သည်။

“ဒီနှစ် နေလှန်းဆားတွေ အဝယ်လိုက်နေ ပါတယ်။ ပြည်တွင်းမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်း လုပ်ကိုင်တဲ့ရာသီဖြစ်လို့ အခုလို ဒေသထွက်ဆားတွေ ဝယ်လိုအားကောင်းနေတာပါ။ လက်ရှိအချိန်က ဆား လက်ကျန်တွေပဲရှိတော့တယ်။   အခု ဆား

လက်ကျန်တွေကိုပဲ ရောင်းနေတာပါ။ အခုလို ဆားဝယ်လိုအားကောင်းလာတော့ ဆားထုတ်လုပ်တဲ့ တောင်သူတွေလည်း အဆင်ပြေလာတာတွေ့ရပါတယ်။ ဒေသထွက်ဆားတွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတတိယပတ်ကစပြီး    ရန်ကုန်ဘက်က ဝယ်လက်တွေက ဝယ်လိုအားများ လာတာပါ”ဟု ဒေါ်ဆွေဆွေသန်းကပြောသည်။

လပွတ္တာမြို့နယ်၌ ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်း လုပ်ကိုင်သူများက စနစ်တကျချက်လုပ်ပြီး မှာယူသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါနေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့် လုပ်ငန်းများတွင်  အဓိက  အသုံးပြုကြကြောင်း  သိရသည်။