E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများမှ တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံများ

 

E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းများမှ တာဝန်ရှိသူတို့၏ ရင်တွင်းစကားသံများ

 

    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်း ဘုရားလမ်းထောင့်ရှိ MSME Center  ခန်းမ၌ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် (MSME) ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမို ကျယ်ပြန့်စွာရရှိစေရန်နှင့် Digitalစနစ်တွင် လိုက်ပါ ဆောင်ရွက်နိုင်ရန် E- Market Platform ပေါ်ရှိ MSME ထုတ်ကုန် အရောင်းပြခန်းများနှင့် ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက်နံနက်ပိုင်းတွင်ကျ င်းပခဲ့ရာ  အဆိုပါပြပွဲမှ MSME လုပ်ငန်းများ အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြသည့်  တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ ရင်တွင်း စကားသံများကို စုစည်းတင်ပြလိုက်ပါသည်-

ဦးသိန်းဆွေ(စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)

      ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ  စတင်ပြီး ကျွန်တော်တို့ MSME လုပ်ငန်းတွေက ထုတ်ကုန်တွေကို အွန်လိုင်းကနေ အားလုံးပါဝင်ပြီး ရောင်းချဖို့ One Stop Service အနေနဲ့ E-Market Platform   ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ဝယ်ယူသူများက မြေပြင်မှာရွေးချယ် ဝယ်ယူလိုတဲ့ ဆန္ဒတွေ၊ တောင်းဆိုတာတွေ ရှိလာတာကြောင့် E-Market Platform ပေါ်မှာရောင်းချနေတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်များကို  တစုတစည်းတည်း ပြသရောင်းချနိုင်ဖို့  Showroom ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကရောင်းချနေတာ ၂၁၁ ဦးမှာ ၁၁၇ ဦးက ယနေ့မှာ ပြသရောင်းချတာပါ။  ထုတ်ကုန်အမယ်ပေါင်း ၉၀၆ မျိုးရှိပါတယ်။

MSME ဟာ နိုင်ငံ့စီးပွားမြှင့်တင်တဲ့နေရာမှာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေဆိုတာ မျိုးစုံသော ပြောင်းလွယ်ပြင်လွယ် လုပ်ဖို့ဆိုတာ ခက်ခဲမှုရှိပါတယ်။ MSME လုပ်ငန်းငယ်တွေဆိုရင် ပြောင်းတာပြင်တာ     လုပ်ဆောင်မှုမှာ လျင်မြန် လွယ်ကူပါတယ်။လုပ်ငန်းကြီးတွေထက် အားသာတဲ့အချက်ပါ။ တိုင်းပြည်ရဲ့  ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာပေး ရမလား၊ ဈေးကွက်ရှာဖွေပေးရမလား၊ ငွေကြေးအရင်းအနှီး ရှာဖွေပေးရမလား၊ အခြားဘာတွေအခက်အခဲရှိနေလဲ၊ ဒီအခက်အခဲတွေကို ကျွန်တော်တို့ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးလိုက်မယ်ဆိုရင် MSME တွေရဲ့ကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။  MSME ကဏ္ဍဖွံ့ဖြိုးလာတယ်ဆိုတာ နိုင်ငံရဲ့ထုတ်ကုန်မြင့်တက်လာတာဖြစ်တာကြောင့်  နိုင်ငံရဲ့   GDP တိုးတက်မြင့်မားခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးမှာ MSME ကဏ္ဍတွေကို အားပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်ပြီး ဆောင်ရွက် ပေးနေတာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ကလည်း MSME ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့အညီ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာ   ဖွံ့ဖြိုးတိုးတက်လာအောင် မရပ်မနားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးဝင်းမြင့်အောင် (သဘာဝထုတ်ကုန်လုပ်ငန်းရှင်)

      လွန်ခဲ့တဲ့နှစ် ၂၀ က အခုလုပ်ငန်းကို ပျိုးထောင်ခဲ့တာပါ။ အခုလိုထုတ်ကုန်ပြပွဲဆိုတာ မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်တာဖြစ်တဲ့ အတွက်ဝမ်းသာဂုဏ်ယူဖို့လည်း ကောင်းပါတယ်။ ကျွန်တော်တို့ထုတ်ကုန်တွေကို မြန်မာပြည်တွင်းမှာလည်း မသိကြတာ ရှိတယ်။  အခုလိုပွဲမျိုးကို ကျင်းပပေးတဲ့ အတွက် လုပ်ငန်းရှင် အချင်းချင်းလည်း ချိတ်ဆက်မိပြီး ဆွေးနွေးတိုင်ပင်လို့ ရသွားတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့  လူသုံးကုန်ပစ္စည်းနဲ့ အစားအသောက်တွေ ထုတ်လုပ်ဖို့ အခွင့်အလမ်းတွေ ရစေပါတယ်။

သဘာဝခေါင်းလျှော်ရည်၊  တရော်ကင်ပွန်း၊ ဆံပင်သန်ဆေး၊ စပါးလင်ခြင်ဆေး၊ ရေဆိုးသန့်စင်ဆေးရည်တို့ကို ပြည်တွင်းက သဘာဝပစ္စည်းများနဲ့ ထုတ်လုပ်ဖြန့်ဖြူးနေပါတယ်။ ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်တင်ပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ ပြည်ပကို မြန်မာ့ ထုတ်ကုန်များကို ပြသဖို့လည်း  စိတ်အားထက်သန်နေပါတယ်။     မြန်မာနိုင်ငံက ကုန်ပစ္စည်းများကို  ထုတ်လုပ်မယ်ဆိုရင်အသေးစား စက်မှုလက်မှုလုပ်ငန်းမှာ မှတ်ပုံတင်ဖို့လိုပါတယ်။ ပြီးရင် MSME မှာ Member ဝင်ပြီးတော့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ  ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ အားပေးပါတယ်။

ဦးမြင့်သိန်း( ငှက်ပျောလျှော်လုပ်ငန်းရှင်)

    ကျွန်တော်က ငှက်ပျောလျှော်ကနေ အင်္ကျီ၊ အိတ်၊ ဖိနပ်၊ ပိတ်စထုတ်လုပ်နေပါတယ်။ MSME နဲ့ပြပွဲတွေ၊ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပြပွဲမှာ ကျွန်တော့်ရဲ့ထုတ်ကုန်များကို မိတ်ဆက်ပြသတာဖြစ်ပါတယ်။ လုပ်ငန်းရှင်အချင်းချင်း တွေ့ဆုံဆက်သွယ်မှု ရရှိစေတဲ့အပြင် E- Marketing ထုတ်ကုန်တွေကို ပြည်သူတွေသိပြီး ဈေးကွက်ကျယ်ပြန့်လာစေတဲ့ အကျိုးကျေးဇူးကိုလည်း ရရှိစေပါတယ်။ ငှက်ပျောကထုတ်လုပ် လို့ရတဲ့ ထုတ်ကုန်တွေကို မြို့ပေါင်း ၂၅ မြို့မှာ သင်တန်းပေးခဲ့ပြီးတော့ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလဖြစ်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ  ကျယ်ပြန့်တဲ့ဈေးကွက် တစ်ခုရအောင် ကြိုးစားနေပါတယ်။ ပြည်ပပို့ကုန်အတွက် ကျယ်ပြန့်တဲ့ ဈေးကွက်ရဖို့ဆိုရင် အချိန်တစ်ခု ယူရလိမ့်မယ်လို့ထင်ပါတယ်။ ပိုပြီးကြိုးစားရဦးမှာပါ။ ငှက်ပျောလျှော်က ထုတ်တဲ့ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ကမ္ဘောဒီးယားကို တင်ပို့ဖို့စီစဉ်နေတာ ရှိပါတယ်။ ဂျပန်ဆိုရင်လည်း နမူနာပစ္စည်း ပို့ထားပြီးပါပြီ။

MSME လုပ်ငန်းရှင်တွေ လိုအပ်နေတာက နည်းပညာနဲ့ငွေကြေး ပံ့ပိုးမှုပါ။ နည်းပညာအားနည်းရင် ပြည်ပကို ထိုးဖောက်ဖို့ တန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ်ဖို့ မလွယ်ပါဘူး။ ဈေးကွက်ကျယ်ပြန့်ဖို့ အတွက် စွန့်ဦးတီထွင်ရတာ ဖြစ်တာကြောင့် ငွေကြေး လိုအပ်ချက်ရှိတယ်လို့ဆိုတာပါ။ ဒီနေ့ပွဲဟာ ပထမဆုံး စတင်မိတ်ဆက်တာ ဖြစ်ပေမယ့် စိတ်ဝင်တစားလာကြတာများတယ်။ ပိုမိုကျယ်ပြန့်စည်ကားဖို့ဆိုရင် ပွင့်လင်းမြင်သာပြီး  လွတ်လပ်တဲ့ဝယ်ယူ ရောင်းဝယ်ခွင့်နဲ့ အများပြည်သူ ဝင်ထွက်သွားလာမှု အဆင်ပြေတဲ့ အခြေအနေတစ်ခုဆိုရင် ဝယ်ယူမှုပိုပြီး များလာမှာပါ။အခုလို MSME ထုတ်ကုန်တွေကို တစုတစည်းထဲမှာ ပြသရောင်းချနိုင်တဲ့အတွက် နိုင်ငံတော်နဲ့ စက်မှုဝန်ကြီးဌာနကို အထူးပဲကျေးဇူးတင်ပါတယ်။

ဦးလှကြည် (သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီလုပ်ငန်းရှင်)

     ကျွန်တော်က တနင်္သာရီတိုင်း ဒေသကြီးက လုပ်ငန်းရှင်တစ်ဦးပါ။ လွန်ခဲ့တဲ့လေးနှစ်က ထုတ်ကုန်ပြိုင်ပွဲမှာ တိုင်းဒေသကြီးအနေနဲ့ ဆုရခဲ့ပြီး ဆုရထုတ်ကုန် ၁၀၀ မှာရွေးချယ်ခံရတဲ့ သဘာဝဆေးဖက်ဝင် ကမ်းဇော်ဆီ၊ ပရုတ်ဆီ၊ ဒဏ်ကြေလိမ်းဆေး ထုတ်ကုန်ကို ဒီနေ့မှာ ပြသတာပါ။ အခုလိုပြသခွင့်ရတဲ့ အတွက် မိမိရဲ့ထုတ်ကုန်ကိုပိုမိုသိရှိပြီး တော့ သဘာဝထုတ်ကုန်ဖြစ်တာကြောင့် အာနိသင်ရှိရှိ သုံးစေချင်ပါတယ်။ ပြသခွင့်ရအောင် စီမံဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာ များနဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။

၂၀၂၃ ခုနှစ်မှာ FDA က ထောက်ခံချက် ရဖို့ကြိုးစားနေပြီးတော့ ပြည်ပပို့ကုန်အတွက်လည်း ပြင်ဆင်နေပါတယ်။ ပထမကမ်းဇော်ဆီကို ရိုးရိုးပဲထုတ်ပြီးတော့ နောက်ပိုင်း ဒဏ်ကြေလိမ်းဆေး၊ ပရုတ်ဆီထုတ်ပါတယ်။ တန်ဖိုးမြှင့်အဖြစ် ခေါင်းလျှော်ရည်၊ အသားအလှဆီ၊ ဆပ်ပြာထုတ်လုပ်ပြီး ဈေးကွက်ချဲ့ထွင်ဖို့လည်း ရှိပါတယ်။ ကမ်းဇော်ဆီဟာ အနာအကျက်မြန်ပြီး အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်တာ၊ အရေပြားပေါ်က အနာတွေကအစ ပျောက်ကင်းပါတယ်။ သုတေသနပြုလုပ်ထားတာ မရှိပေမယ့် ကင်ဆာသမားတွေ ယုံကြည်စွာ သုံးစွဲနေတာရှိပါတယ်။ အခုလိုပြပွဲမှာပြသနိုင်အောင် ကူညီပေးခဲ့တဲ့ ဌာနဆိုင်ရာ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စန္ဒာငြိမ်း( ခါတော်မီတိုင်းရင်းဆေးနှင့် စားသောက်ကုန်လုပ်ငန်းရှင်)

    ပြည်ပပို့ကုန်ကနေ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူပြုတဲ့ အတွက် MSME ထုတ်ကုန်တွေ ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်စေချင်ပါတယ်။ ထုတ်ကုန်အရည် အသွေးကောင်းသော်လည်း ပါကင်ထုပ်ပိုးမှု စက်ပစ္စည်း လိုအပ်ချက်တွေရှိနေပါတယ်။

ကျွန်မတို့နိုင်ငံမှာ   MSME လုပ်ငန်းမှာ ထုတ်ကုန်တွေကို အတော်များများ ထုတ်နိုင်ကြတယ်။ အကုန်လုံးလည်း ကြိုးစားကြတယ်။ အာရှမှာဆိုရင် နိုင်ငံတော်တော်များများမှာ ထုတ်ကုန်ပစ္စည်းတွေ ဈေးကွက်မှာ ရှားလာပြီးတော့ ဈေးလည်းကြီးလာတယ်။ မြန်မာနိုင်ငံကပစ္စည်းက ဈေးနှုန်းသက်သာနေတဲ့အတွက် စားသုံးသူ အတွက်အဆင်ပြေနေတယ်။ အခုလို ပြပွဲဖွင့်လှစ်ပြသနိုင်အောင် ဆောင်ရွက်ပေးတဲ့ အကြီးအကဲများအားလုံး၊ စက်မှုဝန်ကြီးဌာနနဲ့   FDA  ကဆရာ၊ ဆရာမတွေ၊ အသင်းအဖွဲ့များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

ဒေါ်ဇင်ခိုင်မြင့်(ငှက်ပျောသီး၊ ငှက်ပျောခြောက်လုပ်ငန်းရှင်)

    ကျွန်မက ပြည်ပကမျိုးယူတဲ့ သီးမွှေးငှက်ပျောသီးကို စိုက်ပြီး ပြည်ပကိုရေလမ်း ကြောင်းကနေ ပို့ပါတယ်။ ပြီးတော့ ငှက်ပျောခြောက်မျိုးစုံလည်း ထုတ်ပါတယ်။ ငှက်ပျောအစိမ်းကြော်၊ အမှည့်ကြော်၊ ဖီးကြမ်းကြော်ဆိုပြီးလည်း ထုတ်ပါတယ်။    ပြည်ပက ဖိလစ်ပိုင်က မျိုးယူပြီး ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မှာ  စိုက်ပျိုးထုတ်လုပ်ပြီးတော့ အအေးခန်းနဲ့  နိုင်ငံခြားကို ပထမဆုံး ငှက်ပျောသီး တင်ပို့ခဲ့တာပါ။  ကုန်စည်ပို့ဆောင်တဲ့ အခါမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေးဟာလည်း  အရေးကြီးပါတယ်။ ကွန်တိန်နာ ပေ ၄၀ ဖြတ်သန်းဖို့၊ ငါးတန်အထက် ဖြတ်သန်းနိုင်ဖို့အတွက် ကွေ့ပတ်ပြီး သယ်ဆောင်ရတာတွေလည်း ရှိတယ်။ ငှက်ပျောခြံဘေးမှာပဲ အအေးခန်း ထားရှိတာဖြစ်တဲ့အတွက် လျှပ်စစ်အခက်အခဲလည်း ရှိနေပါတယ်။ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်ငန်းရှင်နဲ့ ဌာနဆိုင်ရာ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့လိုပါတယ်။   လက်တွေ့လုပ်ဆောင်နေတဲ့ တောင်သူတွေ၊  လုပ်ငန်းရှင်တွေနဲ့ အခုလိုတွေ့ဆုံဖို့ တကယ်လိုပါတယ်။ ဒါမှသာ လိုအပ်ချက်ကို တင်ပြဆွေးနွေးလို့ရမှာပါ။

စိုက်ပျိုးရေးကိုအခြေခံတဲ့  မြန်မာနိုင်ငံမှာ မြေယာများစွာ ရှိနေတဲ့အတွက် တောင်သူတွေအနေနဲ့  စီးပွားဖြစ်လုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်သင့်တယ်။

စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားကို ငှက်ပျောသီး တင်ပို့တဲ့အခါမှာလည်း ကုန်စည်စီးဆင်းမှုမြန်ဆန်အောင်၊ ဈေးကွက် ပိုမိုခိုင်မာအောင် စီမံဆောင်ရွက်မှုနဲ့အတူအရည်အသွေးကောင်းတဲ့ ကုန်ကို တင်ပို့နိုင်ခြင်းဟာ  နိုင်ငံရဲ့ MSME လုပ်ငန်းတွေ ပိုမိုအောင်မြင်တိုးတက်လာမယ့် လမ်းစများလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲကိုလုပ်ဆောင် ပေးတဲ့အတွက် ပြည်သူသိသွားပြီ၊ ပြည်ပသိအောင် ဆက်လက်လုပ်ဆောင်ဖို့လည်း လိုပါတယ်။ အခုလို ကျင်းပပေးတဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။