ပြည်မြို့ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

ပြည်မြို့ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ  ၈

    ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးနှင့်  မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့်  အထူးကုဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်  ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဒေသခံ ပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အဆိုပါ ခရီးစဉ်အတွင်း အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၁၇  ဦး၊ ဆီးနှင့်ကျောက်ကပ် ဆေးကုသမှုဆိုင်ရာ လူနာ ၃၈ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ ၇၅ ဦး၊ မျက်စိရောဂါဆိုင်ရာ လူနာ ၁၁၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၆၄ ဦး၊ နှလုံးဆေးကုသမှုဆိုင်ရာ လူနာ ၆၀ ဦး၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ လူနာ ၁၆  ဦး၊ ရင်ခေါင်းဆေးကုသမှု ဆိုင်ရာလူနာ ၂၆ ဦး၊ ဦးနှောက်နှင့်   အာရုံကြောဆေးကုသမှု ဆိုင်ရာလူနာ ၆၉ ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ လူနာ နှစ်ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ  ၁၄  ဦး၊ အသည်းဆေးကုသမှု ဆိုင်ရာလူနာ ၁၀ ဦး၊ အရိုးရောဂါလူနာ ၁၅၈ ဦး၊ အထွေထွေခွဲစိတ် ကုသဆိုင်ရာလူနာ ၅၀ ဦး၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းအပါအဝင် အခြားလူနာ ၃၅ ဦး စုစုပေါင်းဒေသခံပြည်သူ ၈၅၀ ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့သည်။

လာရောက်ပြသသောလူနာများတွင် ပြည်မြို့သာမက   ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ဇီးကုန်း၊ ပန်းတောင်းမြို့တို့မှ လည်းကောင်း၊  မကွေးတိုင်းဒေသကြီးရှိ အောင်လံမြို့မှ လည်းကောင်း မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများ ပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများ အနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echo-cardiography) ၅၀ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း  မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ခုနစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) လေးဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း ၁၀၄ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၃၈၀ ဦး၊ Ultraso-undရိုက်ကူးခြင်း ၅၄ ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG)   ၁၇၇ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့်  အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ လူနာတစ်ဦးကို   ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေး အဖွဲ့မှ ပါမောက္ခ/ ဌာနမှူး  (ဆီးနှင့်ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာသူဇာသင်းသည် ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းအား လာရောက်ပြသသူ လူနာများအတွက် ဆောင်ရွက်ခဲ့ပြီး တွဲဖက်ပါမောက္ခ  (ဆီးချိုနှင့်ဟော်မုန်း) ဒေါက်တာမောင်မောင်သန့်သည် သူနာပြုများနှင့် သူနာပြုသင်တန်းသူ/သင်တန်းသားများအား  ဆီးချိုရောဂါ ကုသမှုဆိုင်ရာ သင်ခန်းစာများ  သင်ကြားပေးခဲ့ကာ လာရောက်ပြသသော လူနာများအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချို ရောဂါဆိုင်ရာ အသိပညာပေး စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်တို့တွင် လာရောက်ပြသကုသမှု ခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား တွေ့ဆုံ နှုတ်ဆက်၍ ကျေးဇူးတင်စကား ပြောကြားပြီး နေ့လယ်စာ အတူသုံးဆောင်ကာ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လာရောက်ပြသသော လူနာများကို ပြည်ခရိုင်နှင့်  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက နေ့လယ်စာအာဟာရဒါန ထမင်းဘူးများ ဝေငှပေးခဲ့သည်။

ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super Speciality) ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်း ကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း ၁၅ ကြိမ်ဆောင်ရွက်ထားရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။