မြစ်ကြီးနားမြို့ရှိ သူနာပြု သင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံများကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

 

မြစ်ကြီးနားမြို့ရှိ သူနာပြု သင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံများကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇန်နဝါရီ ၁၀

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ်    ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သူနာပြု သင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဦးစွာ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သူနာပြုသင်တန်းကျောင်းနှင့် ပတ်သက်၍ သင်ကြားရေး ကိစ္စရပ်များ၊ သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်နေထိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ယနေ့ သင်တန်းသား၊ သင်တန်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် ကျရာ အခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်

ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံ အကျိုးအတွက် နိုင်ငံ့သားကောင်း သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားသွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ စားစရိတ်၊ ပညာရှင်ကြေးများ စသည်ဖြင့်ထောက်ပံ့ပေးလျက်ရှိသလို ဝန်ကြီးဌာနမှလည်း သူနာပြုသင်တန်းသား၊ သင်တန်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မျက်ခြည်မပြတ်စောင့်ကြည့်ကာ   ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးလျက်ရှိကြောင်း။  

သင်တန်းတက်ရောက် အောင်မြင်ပြီးပါက ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအပြင် သင်ကြားရေးလုပ်ငန်းများကိုပါ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  သင်တန်းကျောင်းမှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးက  သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးထံ သင်တန်းသား၊ သင်တန်းသူများ အတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ တိုင်းရင်းဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသနေသော လူနာများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ပြည်သူလူထု အားကိုးသည့် တိုင်းရင်းဆေးရုံကြီးဖြစ်သည့် အားလျော်စွာ တိုင်းရင်းဆေးဖြင့် လူနာများ စိတ်အေးချမ်းသာစွာကုသနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားခဲ့ပြီး တိုင်းရင်းဆေးရုံကြီးနှင့် ပရဆေးဥယျာဉ်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေး၍   လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။