တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ  ဆေးရုံ၊ ဆေးခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ  ဆေးရုံ၊ ဆေးခန်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ  -၁၃

      မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

     ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူ အားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာများရှိ ဆေးရုံ၊ ဆေးခန်းများသန့်ရှင်းသပ်ရပ်ပြီး ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက် ကုသ နေသော လူနာများအား လေကောင်းလေသန့်ရရှိစေရေး အားတက်သရော ဆောင်ရွက်လျက်ရှိသည်။

    ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့ နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်မြို့နှင့် အုတ်တွင်းမြို့တို့၌လည်းကောင်း ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံ၊ ဆေးခန်းများရှိ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ဆေးရုံးဝန်း အတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးကြသည်။

    ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိ သည်။