မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များ လာရောက် ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများ

 

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များ လာရောက် ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည်   ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော် ကြည်ညိုကြရာ အဆိုပါလာရောက် ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးဝင်းမောင်မြင့် (ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ)

    ယနေ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြတဲ့ ကျွန်တော်တို့အဖွဲ့ကတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသမှာရှိတဲ့ ဘုရား၊ ပုထိုး၊ စေတီ ၁၈ ဆူက ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တွေပဲဖြစ်ပါတယ်။ ယခုလိုလာရောက် ဖူးမြော်ကြည်ညိုခွင့် ရရှိရန် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က   အထူးစီစဉ် ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် လွန်စွာမှ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်တည်ထား ကိုးကွယ်ဖို့  စတင်ဆောင်ရွက်တဲ့  စကျင်ကျောက်တော်ကြီး စတင်သယ်ယူခဲ့သည်မှ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနား ဆောင်ရွက်သည်အထိ ဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို  တီဗွီမှအကြိမ်ကြိမ် ကြည့်ရှုဖူးပါတယ်။ ထိုစဉ်အခါကပင် ဆောင်ရွက်ခဲ့သည့် အင်ဂျင်နီယာပညာ အစွမ်း၊ ဗိသုကာပညာ အစွမ်းနှင့် မြန်မာမှုအနုပညာ ပန်းဆယ်မျိုးနှင့် ထုဆစ်ဆောင်ရွက်ခဲ့သော  အနုပညာ စွမ်းအားတွေက တကယ့်ကို အံ့မခန်းဖွယ် တွေ့ရသဖြင့် လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူခဲ့ရပါတယ်။  ကျွန်တော်တို့မြန်မာနိုင်ငံမှာ တည်ရှိပြီးဖြစ်တဲ့ ကျောက်ဆစ်ရုပ်ပွားတော် များအပြင်  ကမ္ဘာမှာ  အင်မတန်ရှားတဲ့ ဉာဏ်တော်အမြင့်ဆုံး အလေးချိန် အများဆုံးဖြစ်တဲ့ ရုပ်ပွားတော်ကြီးကို ဖူးမြော်ကြည်ညိုရတဲ့အတွက် ကျွန်တော့်အနေနဲ့ အင်မတန်မှ ဝမ်းသာကြည်နူးမိပါတယ်။ ဆက်လက်ပြီးတော့ ဒီပရိဝုဏ်အတွင်းမှာပဲ ကျောက်စာ စေတီပေါင်း  ၇၂၀ ကို  တည်ထားကိုးကွယ်ပြီး  အတွင်းမှာ ပိဋကသုံးပုံကို ကျောက်ထက်အက္ခရာ တင်ပြီး မှတ်တမ်းတင်ရေးထိုး စိုက်ထူထားတာကိုလည်း သိရှိရပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား အတွင်းရှိ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်  စာရင်းဝင် ပိဋကတ်ကျောက်စာရုံ များအား အလေးထားစံပြုပြီး ဒီမှာလည်း ထွင်းထုဆောင်ရွက်ထားတာကို တွေ့ရပါတယ်။ ဒီလိုဆောင်ရွက်ထားမှုများနှင့် သာသနိကအဆောက်အအုံများကို ခေတ်စနစ်နှင့်အညီ ခေတ်သစ်နည်းပညာများဖြင့် ဆောင်ရွက်ခဲ့တာဟာ  လွန်စွာမှ ကြည်ညိုဖွယ်ရာဖြစ်နေပါတယ်။ ယခုလို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတော့မှ တီဗွီထဲမှာ ဖူးမြော်တွေ့ရှိရတာထက်ပိုပြီး ကြည်ညိုသဒ္ဓါ ပွားများရပါတယ်။  ယခုလို ရုပ်ပွားတော်ကြီးကို တည်ထား ကိုးကွယ်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာ၊ သာသနာတော်ကို   ယုံကြည်ကိုးကွယ်မှုအား ကမ္ဘာက  သိအောင် ထင်ထင်ရှားရှား ပြသနိုင်ခဲ့ပါတယ်။ သာသနာ ၅၀၀၀ တည်တံ့ပြန့်ပွားရေး အတွက်   အထောက်အပံ့ကောင်း တစ်ရပ်ဖြစ်ပြီး သမိုင်းတင်ကျန်ရစ်စေမည့် သာသနိက အဆောက်အအုံတစ်ခုလည်း ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့  ယူဆမိပါတယ်။

ဦးကိုကိုသက် (ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး )

      ကျွန်တော်ကတော့  ညောင်ဦးခရိုင်ပုဂံမြို့   ရွှေဆံတော် စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကိုကိုသက်ဖြစ်ပါတယ်။ အခုလို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညို ရတဲ့အတွက်ကြောင့် အင်မတန်မှဝမ်းသာပီတိ ဖြစ်ရပါတယ်။     ပထမဦးဆုံး ပြောကြားလိုတာကတော့ အခုလို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခွင့် ရအောင် ဆောင်ရွက်ပေးပါသော ဌာနဆိုင်ရာများမှ လူကြီးမင်းများ အားလုံးကို  အထူးပင် ဝမ်းမြောက်ကျေးဇူး တင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ ယခင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာ့ရုပ်မြင်သံကြားမှ   ကြည်ညိုဖူးမြော်ခွင့် ရရှိခဲ့ပါတယ်။ အခုအခါမှာတော့ ကျွန်တော်တို့ ကိုယ်တိုင် လာရောက်ကြည်ညို ဖူးမြော်ခွင့်ရတဲ့အခါမှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ မြန်မာကျောက်ဆစ်လက်ရာ  ထုဆစ်ထုလုပ် ထားပုံတွေဟာဖြင့်   ခေတ်မီဖွံ့ဖြိုး တိုးတက်လာပုံတွေကို    ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ ယခုလို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့များ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း  ဒီနေရာမှ ပြောကြားလိုပါတယ်။

ဦးဇော်ဝင်းချို (အာနန္ဒာဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ)

    ကျွန်တော်တို့ပုဂံမှာ ဆိုရင်လည်း ဘုရားစေတီပေါင်း ၃၈၀၀ လောက်ရှိတယ်ပေါ့နော်။  ဒီဘုရားတွေက  လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀  ကျော် ၁၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော်တို့ ပုဂံမှာလည်း နံရံဆေးရေး ပန်းချီတွေ၊  ကျောက်ဆစ်လက်ရာတွေ စတဲ့အနုပညာလက်ရာတွေ   အများကြီး ရှိပါတယ်။   သို့သော်လည်း    ဒီထဲမှာထူးခြားချက်တစ်ခုက      ကျွန်တော်တို့ ဆီမှာတော့   စကျင်ကျောက်နဲ့ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်တွေ့ရဖို့ အင်မတန်ရှားပါတယ်။ ပုဂံဒေသမှာရှိသော်လည်း အနည်းအကျဉ်းသာ ရုပ်တုရုပ်ပွားသေးသေးလေးတွေပဲ  ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒါကို ဒီမှာတော့ ထူးထူးခြားခြားပဲ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကတော့ ကမ္ဘာမှာလည်း ဉာဏ်တော်ကလည်း အမြင့်ဆုံး အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထူးထူးခြားခြား တည်ဆောက်ထားတာဖြစ်တဲ့အတွက်လည်း ဒါဟာထူးခြားမှုတစ်ခုဖြစ်ပါတယ်။  ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရဲ့စီမံခန့်ခွဲမှု၊ သန့်ရှင်းသာယာလှပမှု   လုံခြုံရေးကအစ  အစစအရာရာ မြင်တွေ့ရတာ  သန့်သန့်ရှင်းရှင်းနဲ့ တွေ့ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ဝမ်းသာပီတိဖြစ်ရတယ်။  ကျွန်တော်တို့ပြန်သွားတဲ့ အခါမှာ ဒါတွေကို အတုယူပြီးတော့ ကျွန်တော်တို့ ဘုရားတွေမှာ ကောင်းမွန်တဲ့ လုပ်သင့်တဲ့ ဒီကအချက်အလက်တွေကို အတုယူပြီးတော့ ပြန်လည်လုပ်ဆောင်သွားမှာပါ။  ကျွန်တော်တို့ခရီးစဉ်ကို ဖြစ်မြောက်အောင်ဆောင်ရွက်ပေးတဲ့   နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ဦးတင်လှဦး(ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး)

     ကျွန်တော်ကတော့ ပုဂံညောင်ဦးဒေသ ထီးလိုမင်းလိုဘုရားဂေါပက အဖွဲ့၏ အတွင်းရေးမှူး ဦးတင်လှဦးဖြစ်ပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာ ရှေးသာသနာပြုမင်းများက တည်ထားကိုးကွယ်ခဲ့သော ဘုရားများ တည်ဆောက်ခဲ့ပုံ၊ စီမံခန့်ခွဲခဲ့မှု၊ ကြီးကျယ်ခမ်းနားမှုတွေကို  ကျွန်တော်တို့ဂေါပက အဖွဲ့တွေက ကြည်ညိုဝမ်းသာစိတ်ဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားလာရောက် ဖူးမြော်တဲ့အချိန်မှာလည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရတဲ့ အချိန်မှာ နိုင်ငံတော်အကြီးအကဲ၏ သာသနာအပေါ်ထားတဲ့  စိတ်ဓာတ်အား ရှေးသာသနာပြုမင်းများကဲ့သို့ အလေးအနက်ထားမှု၊ ကြည်ညိုသဒ္ဓါပွားမှုကို တွေ့မြင်ရပါတယ်။ ယနေ့နိုင်ငံတော် အကြီးအကဲက ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူပြီး အစမှအဆုံး ဦးဆောင်စီမံ ခန့်ခွဲ၍ တည်ထားခဲ့သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မျက်မြင်ဖူးတွေ့လိုက်ရချိန်  ကျွန်တော့်စိတ်ထဲမှာ အင်မတန်မှ ဝမ်းသာပီတိဖြစ်ပြီး သာသနာအတွက်၊ နိုင်ငံတော်အတွက် မှတ်ကျောက်တင်ခံနိုင်တဲ့ ရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်တဲ့   ပိဋကသုံးပုံကို အမြော်အမြင်ကြီးတဲ့ မင်းတုန်းမင်းကြီးက ပေထက်အက္ခရာမှ ကျောက်ထက် အက္ခရာတင်ခဲ့သလို ယခုနိုင်ငံတော်အကြီးအကဲက ရှေးမင်းကြီးကဲ့သို့ ပိဋကသုံးပုံဖြစ်တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားများကို ကျောက်ထက်အက္ခရာ တင်ရာတွင် နိုင်ငံတကာကပါ သိရှိလေ့လာဖတ်ရှုနိုင်အောင် ရိုမန်အက္ခရာဖြင့်ပါ ထပ်တိုးတင်ထားသည့် အတွက်   ကျွန်တော်တို့ရဲ့ထေရဝါဒဗုဒ္ဓ ဘာသာ၏ အနှစ်သာရကို နောင်နှစ်ပေါင်းများစွာ နိုင်ငံတကာက ဖတ်ရှုနိုင်အောင် စီမံခဲ့သည့်အတွက်    အင်မတန်ဝမ်းမြောက်မိပါတယ်။  ကျွန်တော်တို့ ဂေါပကအဖွဲ့ကို ယခုလိုအသေးစိတ်   လိုက်လံရှင်းပြပေးတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များကို ကျေးဇူးတင်ပါတယ်။ ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုများကို အတုယူစရာ၊ လေ့လာစရာများ အများအပြားရှိပါတယ်။ကျွန်တော်တို့လည်း ဒီလိုဖြစ်အောင် စီမံဆောင်ရွက်သွားပါမယ်။

ဦးတင်ဆန်း (မိတ္ထီလာမြို့ မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ)

    နေပြည်တော်မှာ တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်ကြောင်း သိရသည့်အတွက် နိုင်ငံတော်အတွက် ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ဗိသုကာ လက်ရာတွေကို   ခေတ်စနစ်နှင့်အညီ ခေတ်သစ်နည်းပညာတွေနဲ့ ဗုဒ္ဓသာသနာတော် အတွက် ကမ္ဘာက မှတ်တမ်းတင်ထိုက်တဲ့ ထင်ရှားပြီး ကြည်ညိုဖွယ်ဖြစ်အောင် ထုဆစ်ထားတာကို    အံ့မခန်းဖူးမြော်ရပါတယ်။

ထို့ပြင် ပိဋကသုံးပုံ ကျောက်စာရုံစေတီများ၊ ရေပန်းအလှများ၊   ဂန္ဓကုဋိတိုက်၊ သာသနာ့ဗိမာန်တော်ကြီး၊ မုစလိန္ဒအိုင်၊ သုဓမ္မာဇရပ်များ၊  မြေယာရှုခင်းအလှ ဆောင်ရွက်ထားမှုများ၊ မန္တလေးအငွေ့အသက် မင်္ဂလာတံတားပုံစံတူ တံတား   အစရှိတဲ့ စိတ်ကြည်နူးဖွယ် ရှုခင်းအလှများဟာ စိတ်ကိုပိုမိုကြည်ညိုဖွယ်ဖြစ်စေပါတယ်။ အခုလို အကောင်အထည်ဖော်ပေးတဲ့ ဦးဆောင်ဘုရားဒါယကာ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ယူဆောင်ရွက်ကြရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ လက်ရှိစီမံခန့်ခွဲမှုတွေ၊ ဆောင်ရွက်နေတဲ့ အကြီးအကဲတွေနဲ့ သက်ဆိုင်ရာ ဂေါပကအဖွဲ့တွေကို အထူးကျေးဇူးတင်ပါတယ်။  လက်ရှိဆောင်ရွက်နေကြတဲ့ တာဝန်ရှိသူတွေ၊ ဂေါပကတွေ၊ ဦးစီးကော်မတီက   တာဝန်ရှိသူတွေကို ဘုရားဖူးလာသူတိုင်းအား  ကြည်ညိုဖွယ်ဖြစ်အောင်  ဂုဏ်ယူရအောင်  ဘုရားကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။   ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွားတော်ကို အခုလို တည်ထားကိုးကွယ်တဲ့အတွက် ဘုရားဖူးပြည်သူ တစ်ယောက်အနေနဲ့ရော ဂေါပကအဖွဲ့ဝင်အနေဖြင့်ပါ   အင်မတန်  ဂုဏ်ယူဝမ်းမြောက်မိပါတယ်။  ကျွန်တော်တို့ကို ဘုရားရဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အပိုင်းမှာ  ခေတ်မီနည်းပညာများ သုံး၍ ထိန်းသိမ်းဆောင်ရွက်မှု အကြံဉာဏ်ကောင်းတွေကို မျှဝေပေးစေလိုပါတယ်။ ကျွန်တော်တို့အဖွဲ့ကလည်း ဒီကနေစီမံခန့်ခွဲတဲ့ အပိုင်းတွေကို အတုယူပြီးတော့ မိမိတို့တာဝန်ယူရတဲ့ ဘုရားစေတီမှာ ပိုပြီးတော့ အများကြည်ညိုဖွယ်ဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်။      ။     

ဖိုးနိုင်(မြဝတီ)