ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော် ဇန်နဝါရီ ၁၆

‌    ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော် ထိန်းဂေါပက အဖွဲ့ဝင် ၉၀ ဦး၊ အုပ်ချုပ်သူ ၄ ဦး စုစုပေါင်း ၉၄ ဦး တို့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

    ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပက အဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော် နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယို မှတ်တမ်း ကိုပြသသည်။

    ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက   ရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြား ပေးမှုများအပေါ် ကျေးဇူးတင်စကားများပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာ ဂေါပက အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။

    ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသ ထားမှု၊   မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံများကို ဖူးမြော် လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် ဂေါပကအဖွဲ့ဝင်များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ်-

“ ဒီဘုရားကြီးကို စပြီးဖူးတဲ့အခါမှာ ခေတ်အဆက်ဆက်က မြန်မာမှုတွေကိုလည်း အများကြီးလေ့လာတွေ့ရှိရတယ်။ ကမ္ဘာကို ရင်ပေါင်တန်းနိုင်တဲ့  သိပ္ပံပညာတို့၊ နည်းပညာတို့ အဲ့ဒါတွေကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ   ဗုဒ္ဓဘာသာလူမျိုးဖြစ်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့  မြန်မာလူမျိုးအားလုံးမှာ တာဝန်ရှိပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်တဲ့ အချိန်မှာ ဒီမှာရှိတဲ့ တာဝန်ရှိသူများက ဒီဘုရားကြီးအကြောင်းကို အသေးစိတ်  လိုက်လံရှင်းပြပေးတဲ့အတွက်  ဗဟုသုတတွေလည်း ရပါတယ်။   အခုလိုလာရောက် ဖူးမြော်ခွင့်ရတဲ့အတွက် စီစဉ်ပေးသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု   ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာရှိတဲ့ ဘုရားစေတီ ဂေါပကအဖွဲ့ဝင်များအားလုံးကို   မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်နိုင်ရေးအတွက်  စီစဉ်ပေးတဲ့အတွက်   ကျွန်တော်တို့လာရောက် ဖူးမြော်ကြတာဖြစ်ပါတယ်။  ဒီအတွက်လည်း နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်နဲ့  အစိုးရအဖွဲ့များ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်ပြီးနောက် ဧရာဝတီ တိုင်းဒေသကြီး အိမ်မဲမြို့နယ်ကို ပြန်ရောက်တဲ့အခါမှာ  မြို့သူ၊ မြို့သား၊  နယ်သူ၊ နယ်သားအပေါင်းတို့ကိုလည်း နေပြည်တော်မှာရှိတဲ့ ဒီဘုရားကြီးနဲ့ ပတ်သက်လို့ ကြည်နူးဝမ်းမြောက်စရာများ ရှိတဲ့အကြောင်းကိုလည်း ပြန်လည်ပြောပြ ပေးသွားမှာဖြစ်ပါတယ်။ ကျောက်စာပေါင်းများစွာကိုလည်း တွေ့ရတဲ့အတွက်  ဗုဒ္ဓဘာသာ ထွန်းကားရေး အတွက်ကို ဒီလောက်ဆောင်ရွက်ထားတဲ့ အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ”ဟု   ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုလို    ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အစီအစဉ်နဲ့ ပထမဦးဆုံး အကြိမ်လာရောက် ဖူးမြော်ခွင့်ရခြင်းဖြစ်ပါတယ်။ ဒီရောက်တော့လည်း ဘုရားကြီးကို ဖူးမြော်ရတာ   အားလုံးအံ့မခန်းဖြစ်မိပါတယ်။ ဘယ်ကိုကြည့်ကြည့် မြန်မာမှုလက်ရာတွေနဲ့ အပြည့်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာ ဘုရားကြီးကို ယခုလိုလာရောက်ဖူးမြော်ရသည်မှာ အင်မတန်မှ တန်ဖိုးရှိလှပါတယ်။ အင်မတန်လည်း   ကျေးဇူးတင်ပါတယ်။

ဒီဘုရားကြီးကို တည်ထားကိုးကွယ်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့   နိုင်ငံတော် ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ရှင်းလင်းဆောင်မှာ ဘုရားကြီးရဲ့သမိုင်းအား    ရက်ပေါင်း တစ်ထောင်ကျော်    တည်ဆောက်ခဲ့ပုံ အဆင့်ဆင့်ကို ရှင်းပြတဲ့အခါ   တော်တော်ကြီးကို အံ့မခန်း ဖြစ်မိပါတယ်။ ဒီဘုရားကြီးနဲ့ ပတ်သက်ပြီး ကမ္ဘာမှာမြန်မာအနေနဲ့ ဂုဏ်ယူဝင့်ကြွားလို့ရတာပေါ့။ မည်သည့်နိုင်ငံခြား ပညာရှင်များမှ မပါဘဲ မြန်မာင်ဂျင်နီယာ  ပညာရှင်တွေနဲ့ပဲ  စုပေါင်းတည်ထားတဲ့ ဒီဘုရားကြီးဟာ အင်မတန်အံ့မခန်းလောက်ပါတယ်” ဟု  ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောသည်။