ဖတ်ပါ မှတ်ပါ လေ့လာပါ

ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါဟူသော စကားသုံးခွန်းသည် ပညာဗဟုသုတ ရှာဖွေလိုသူတိုင်းအတွက်  တိုက်တွန်း ထားသော စကားဖြစ်သည်။ တိုးတက်လိုသူတိုင်း စာဖတ်ကြသည်။ စာဖတ်သူတိုင်းတိုးတက်ကြသည်။ ဖတ်ထားသည့် စာတိုင်းကိုလည်း မှတ်သားထားရမည်။ အလွတ်ကျက်သင့်သော စာတိုပေစများကို အလွတ် ကျက်မှတ်ထားသင့်သည်။ ဥပမာအားဖြင့် မိမိနှစ်သက်သဘောကျသော အဆိုအမိန့်များ၊ ကဗျာလင်္ကာများ၊ တရားဓမ္မဆိုင်ရာများကို အလွတ်ကျက်ထားခြင်းဖြင့် မိမိသည်ပြောဆို ဆွေးနွေးရာ၌လည်းကောင်း၊ စာပေ ရေးသားရာ၌လည်းကောင်း မိမိအတွက်အထောက်အကူဖြစ်စေပါသည်။

လေ့လာပါဆိုရာ၌ လေ့လာရမည့်နယ်ပယ်သည် ကျယ်ဝန်းလှပါသည်။ လူငယ်မောင်မယ်တိုင်းသိထား သင့် သော၊ လေ့လာသင့်သော အရာတစ်ခုကို လက်ညှိုးထိုးပြပါဟုဆိုလျှင် မဖြစ်မနေသိသင့်သော အကြောင်း အရာသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းဖြစ်သည်။ အနိမ့်ဆုံးအဆင့် ယနေ့ခေတ်နှင့် အနီးစပ်ဆုံးဖြစ်သော ကုန်းဘောင်ခေတ်အကြောင်း လေ့လာသိရှိထားသင့်သည်။ ထိုမှဆက်၍ မိမိနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အကြောင်း၊ ထို့ထက်ပိုမို၍ လေ့လာမည်ဆိုပါက ကမ္ဘာ့နိုင်ငံများအကြောင်း စသည်ဖြင့် လေ့လာ၍ မဆုံးနိုင် အောင်ပင် များပြားလှပေသည်။

အသိဉာဏ်ဗဟုသုတကြွယ်ဝရန်မှာ စာပေဖတ်ရှုခြင်းသာဖြစ်ပေသည်။ ဖတ်နိုင်မှမှတ်နိုင်မည်၊ မှတ်နိုင်မှ လေ့လာနိုင်မည်။ ဤသုံးခုသည် စက်ဝိုင်းတစ်ခုကဲ့သို့ လည်ပတ်နေသည်။ ကမ္ဘာ့နိုင်ငံ အများအပြားကို လေ့လာကြည့်မည်ဆိုပါက စာဖတ်သူများများရှိသော နိုင်ငံသည် တိုးတက်သည်။ ကမ္ဘာ့လူမျိုးတို့၌ ယဉ်ကျေး သည်၊ ရိုင်းစိုင်းသည်ဟူသည်မှာ ပညာဗဟုသုတရှိသည်၊ မရှိသည်ကိုလိုက်၍ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ပညာ ဗဟုသုတမရှိပါက လူတို့သည် လူရိုင်းများသာဖြစ်နေပေလိမ့်မည်။ လူတစ်ဦးအနေဖြင့်လေ့လာကြည့်လျှင် လည်း ပညာဗဟုသုတတိုးပွားကြီးကျယ်သလောက် ထိုသူ၏ အခြေအနေသည် တိုးတက်ကြီးပွားသည်ကို မြင်တွေ့နိုင်သည်။ စာမဖတ်သူ၊ စာမမှတ်သူ၊ လေ့လာမှုမရှိသူသည် စာဖတ်သူနှင့်ယှဉ်လိုက်လျှင် မိုးနှင့်မြေ ပမာကွာခြားနေပေလိမ့်မည်။

စာဖတ်များသူနှင့် စာဖတ်နည်းသူတို့၏ အရည်အသွေးကို လုပ်ငန်းခွင်အတွက် အင်တာဗျူးဖြေဆိုမှုတွင် ကွဲကွဲပြားပြားတွေ့ရသည်။ ရေးဖြေတွင်လည်းကောင်း၊ နှုတ်ဖြေတွင်လည်းကောင်း အရည်အချင်းကွာခြား သည်။ စာဖတ်ခြင်း၊ မှတ်သားခြင်း၊ လေ့လာခြင်းမရှိသူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလှ သည်။ ရေးဖြေ၊ နှုတ်ဖြေတွင် စိတ်တိုင်းကျ မဖြေဆိုနိုင်သူများကို မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းဌာနကမျှ ရွေးချယ် မည်မဟုတ်ပါ။ အများနှင့်ယှဉ်၍ မိမိကနောက်ကျကျန်ခဲ့လျှင် တချို့ကစိတ်ပျက်အား လျော့တတ် ကြသည်။

စိတ်ပျက်ခြင်းနှင့်အတူ ဖြစ်ချင်ရာဖြစ်စိတ်ပိုင်းဖြတ်ကာ မကောင်းမှုနယ်ပယ်တွင် ရောက်သွားတတ်ကြသည်။ အမှန်တကယ်ဖြစ်သင့်သည်မှာ သူလည်းလူ၊ ကိုယ်လည်းလူ၊ သူတောင်ဖြစ်သေးရင် ကိုယ်လည်းဖြစ်ရ မယ်ဟူသော မာနစိတ်မျိုးထားသင့်သည်။ သူကစာဖတ်လို့တိုးတက်သည်ဆိုလျှင် မိမိသည်လည်းစာဖတ်ရန် ဝန်မလေးပါနှင့်။ မိမိသည် နေ့စဉ်ထမင်းစား၊ ရေသောက်ကာ ကိုယ်ကာယ၏အာဟာရကိုဖြည့်တင်းနေရသကဲ့ သို့ စိတ်ကိုလည်း ကိုယ်ကာယကဲ့သို့ပင် ပညာဗဟုသုတတည်းဟူသော အာဟာရကိုဖြည့်တင်းရပေမည်။

ပညာဗဟုသုတအတွက် စာဖတ်ခြင်းအလေ့သည် အလွန့်အလွန် အသုံးဝင်ပါသည်။ ပညာဗဟုသုတကင်းမဲ့ သောစိတ်မျိုးမှာ အစာအာဟာရကင်းမဲ့သော ကိုယ်ခန္ဓာကဲ့သို့ အားအင်ချည့်နဲ့၍ အသုံးမဝင်ဖြစ်နေပေမည်။ စာပေဖတ်မှတ်လေ့လာမှသာ မိမိအတွက်ပညာရရှိမည်ဖြစ်သည်။ ပညာသည်လူ၏ ဉာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသည်မဟုတ်။ လူ၏စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေသည်။ လူ၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေသည်။ သိမ်မွေ့စေသည်။ လိမ္မာယဉ်ကျေးစေသည်။  ဆရာဇေယျ၏စာဖတ်ခြင်းအလေ့ တွင် “မိမိကိုယ်တိုင် ကမ္ဘာတစ်ပြင်လုံးကို အနှံ့အစပ်သွားရောက်၍ ဗဟုသုတအကြားအမြင်ကိုရှာဖွေလျှင် အဆန်းတကြယ်မှတ်သားဖွယ်ရာ အသစ်တို့ကို တွေ့မြင်မှတ်သားရရုံသာရှိချေသည်။ စာဖတ်ရှုခြင်းအလေ့ အထ၌မူကား အသစ်အသစ်သော အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ကို သိရှိရုံမျှသာမဟုတ်ဘဲ မိမိနှင့်ဉာဏ် ရည်တူ၊ မိမိထက်ဉာဏ်ပညာ ထက်မြက်စူးရှသူတို့၏ စိတ်ကူးအကြံဉာဏ်၊ ထင်မြင်ချက်၊ ဆုံးဖြတ်ချက်တို့ ကိုပါရရှိနိုင်သည်ဖြစ်၍ မိမိစိတ်ရင်း၊ ဉာဏ်ရင်းကိုနှိုးဆော်ကူပင့် တဖျင့်တပါး ကြီးမားထက်သန် လာစေ နိုင်သောကြောင့် ပညာဉာဏ်ကြီးမားသောအဖြစ်ကို ရရှိနိုင်ကြပေသည်ဖြစ်သဖြင့် စာဖတ်ခြင်းအလေ့ကို အမှုမဲ့စွန့်လွှတ်မထားဘဲ တတ်အားသရွေ့ပွားများ ဖြစ်ထွန်းစေအပ်သည်” ဟူ၍ရေးသားထားသည်။ သို့ဖြစ်ပါ၍ တိုးတက်ကြီးပွားလိုသူတိုင်း ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ ဟူ၍တိုက်တွန်းရေးသား လိုက်ရပေ သတည်း။   ။