ပန်းနာရင်ကျပ်ရောဂါနှင့်ရှူဆေး

ယမန်နေ့မှအဆက်

အဲဒီကြားခံပစ္စည်းတွေကို  မြန်မာပြည်မှာ  ဝယ်လို့ရပါသလား ဆရာ။

ဝယ်လို့ရပါတယ်။ တကယ်လို့ ကြားခံပစ္စည်းဖိုး၁၀၀၀၀ လောက်မတတ်နိုင်ရင်လည်း ရေသန့်ဘူးခွံကိုကြားခံ ပစ္စည်းအဖြစ် သုံးလို့ရပါတယ်။ ရေသန့်ဘူးဖင်မှာ အပေါက်ဖောက် ဆေးညှစ်ထည့်ပြီး ရေသန့်ဘူးနှုတ်သီး ကနေ ရှူသွင်းခြင်းပါ။ Volumatic Spacer လောက်မကောင်းပေမယ့် အသုံးပြုလို့ရပါတယ်။ တချို့ရှူဆေး ဘူးကို တိုက်ရိုက်ရှူသွင်းဖို့ အခက်အခဲရှိတဲ့၊ မလုပ်တတ်တဲ့လူကြီးတွေလည်း ကြားခံပစ္စည်းကို သုံးသင့်ပါတယ်။ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါကာကွယ်ဖို့ စတီးရွိုက်ရှူဆေးသုံးတဲ့သူတိုင်းဟာ ကြားခံ ပစ္စည်းနဲ့ သုံးသင့်ပါတယ်။ စတီးရွိုက်ဆေးတွေဟာ ပါးစပ်ထဲမှာကျန်ခဲ့ဖို့ မသင့်ပါဘူး။ ဒီလိုကျန်ခဲ့ရင် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ပါးစပ်အနာပေါက်တာတို့၊ မှက္ခရုပေါက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူကြီးတွေလည်း ကြားခံပစ္စည်းကိုသုံးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ကြားခံပစ္စည်း (Spacer)ကို ကလေးအသက်ဘယ်လောက်ငယ်ငယ်အထိ သုံးလို့ရပါသလဲဆရာ။

ယေဘုယျအားဖြင့်တော့ ကြားခံပစ္စည်းနဲ့ ရှူဆေးဘူးတွဲသုံးတာကို ကလေးအသက်ခြောက်နှစ်နှင့် အထက်မှာ သုံးလို့ရပါတယ်။ အသက်ခြောက်နှစ်ထက်ငယ်တဲ့ ကလေးတွေကတော့ ကြားခံပစ္စည်းမှာပါတဲ့ ပါးစပ်ထဲ ထည့်တဲ့အပိုင်းကနေ ဆေးငွေ့ကိုရှူသွင်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် အသက်ခြောက်နှစ်အောက် ကလေးတွေမှာကျတော့ Spacer  နဲ့ Mask လို့ခေါ်တဲ့ နှာခေါင်း၊ ပါးစပ်အုပ်တဲ့ အုပ်ဆောင်းလေးနဲ့တွဲပြီး သုံးရပါတယ်။ Spacer နဲ့ Mask တွဲထားတဲ့ပြောင်းလေးတွေ ဝယ်လို့ရပါတယ်။ ရှူဆေးကိုပြောင်းထဲ ညှစ်ထည့်ပြီး Face Mask နဲ့ နှာခေါင်းနဲ့ပါးစပ်ကိုလုံအောင် ဖုံးအုပ်ထားရင် ကလေးငယ်တွေ အလွယ်တကူရှူ သွင်းနိုင်ပါတယ်။

တခြားနိုင်ငံတွေမှာရော သုံးပါသလား။

သုံးပါတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်လောက် (ယခုဆိုလျှင်အနှစ်သုံးဆယ်)ကတည်းကစသုံးလာတာ အခုဆိုရင် ဗြိတိန်နိုင်ငံ ရင်ခေါင်းရောဂါအဖွဲ့ရဲ့ ပန်းနာရင်ကျပ်ရောဂါ စံကုထုံးလမ်းညွှန်ထဲမှာ ရှူဆေးကိုထည့်သွင်း ဖောပြထားပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း ကျယ်ကျယ် ပြန့်ပြန့်လက်ခံကျင့်သုံးနေပါပြီ။

တခြားဘယ်လိုနည်းနဲ့ရှူဆေးကိုသုံးလို့ရပါသေးသလဲ။

သုံးလို့ရပါတယ်။ ရှူဆေးကို စက်နဲ့ရှူခိုင်းတာပါ။ Nebulizer လို့ခေါ်ပါတယ်။ ရှူဆေးအရည်ကိုထည့်ပြီး လျှပ်စစ်မီးနဲ့စက်ကိုမောင်းတဲ့အခါ ဆေးက အငွေ့ဖြစ်သွားပြီး ပါးစပ်နဲ့နှာခေါင်းအုပ်ကိရိယာမှတစ်ဆင့် ရှူရတာပါ။ စက်က အလွယ်တကူဝယ်ပြီး သုံးလို့ရပါတယ်။ ခက်ခက်ခဲခဲမဟုတ်ပါဘူး။ တစ်ခါတလေ ရှူဆေးဘူး ဒါမှမဟုတ် ကြားခံပစ္စည်းကိုသုံးပြီး ရှူတာကို လက်မခံတဲ့အချိန်မှာ ဒီစက်ကိုသုံး၍ရပါတယ်။ ကုန်ကျစရိတ်တော့ရှိပါတယ်။ စက်ရဲ့တန်ဖိုးက ငါးသောင်းကနေ တစ်သိန်းလောက်ရှိပြီး စက်ထဲထည့်တဲ့ ဆေးရည်လည်း ဝယ်ရပါမယ်။

ဒါဆိုရင် ဆရာ့အနေနဲ့ ပန်းနာရင်ကျပ်ရောဂါသည်တွေကို ရှူဆေးသုံးဖို့အကြံပြုလိုပါသလား။

ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ကုသတဲ့နေရာမှာ ရှူဆေးသုံးတာဟာ ဆေးရုံ၊ ဆေးခန်းတွေမှာ နေ့စဉ် လုပ်နေကျ လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုဖြစ်နေပါပြီ။ ဘယ်လိုရှူဆေး  ငှားသုံးရမလဲဆိုတာတော့ ရောဂါပြင်း ထန်မှုအဆင့်ပေါ်မှာ မူတည်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါထတဲ့အခါ ဘယ်လိုရှူဆေးမျိုးကို အသုံးပြုပါသလဲဆရာ။

ရင်ကျပ်ရောဂါထလာတဲ့အချိန်မှာ ချက်ချင်းသက်သာအောင် လေပြွန်လေးတွေကျယ်တဲ့ဆေးကို သုံးရပါ တယ်။ ရှူဆေးဘူး သို့မဟုတ် ဆေးရည်တွေကို ရှူဆေးဘူးကောက်နဲ့ တိုက်ရိုက်ပဲဖြစ်ဖြစ်၊ Spacer နဲ့တွဲ၍ ဖြစ်ဖြစ် လိုအပ်ရင်ပါးစပ်နဲ့ နှာခေါင်းအုပ်ကိရိယာနဲ့တွဲ၍ ဖြစ်ဖြစ်သုံး၊ Nebulizer စက်နဲ့ဖြစ်ဖြစ် သုံးရပါမယ်။

လေပြွန်လေးတွေကျယ်တဲ့ဆေးကတော့ Salbutamol ဆေးပါ။ ကုမ္ပဏီတွေမှာတော့ Ventolin, Asthalin, Asmazol, Darihaler စသဖြင့် အမည်အမျိုးမျိုးနဲ့ရှိပါတယ်။  ဒီလိုရှူလိုက်ရင် အခုနက ကျွန်တော်ပြောခဲ့သလို သုံးမိနစ်အတွင်း ရင်ကျပ်သက်သာသွားပါမယ်။

ဆေးပမာဏက ဘယ်လောက်သုံးရပါသလဲဆရာ။

Salbutamol ရှူဆေးက တစ်ခါညှစ်ရင် 100 microgram ထွက်ပါတယ်။ ဒါဟာ သောက်ဆေး (Salbutamol)ဆေးပြားရဲ့ အပုံ ၂၀ ပုံ ၁ ပုံလောက်ပဲရှိပါတယ်။ ဘယ်လောက်ညှစ်ရမလဲဆိုတာ ကလေး အသက်နဲ့ ခန္ဓာကိုယ်အလေးချိန်ပေါ်မှာ မူတည်ပါတယ်။ ရှူဆေးဆယ်ခါညှစ်မှ ဆေးပြားတစ်ဝက်ရဲ့ ပမာဏနဲ့တူပါတယ်။ တခြားအသုံးဝင်တဲ့ဆေးကတော Tarbutaline ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အလွယ်တကူဝယ်လို့မရပါဘူး။

ရေရှည်သုံးစွဲလို့ရော ရှူဆေးတွေရဲ့ကဏ္ဍက ဘယ်လိုရှိပါသလဲဆရာ။

ရှူဆေးများကို ရောဂါထလာတဲ့အခါ သက်သာအောင်ကုသတဲ့ ဆေးအနေနဲ့သာမက ကာကွယ်တဲ့ အနေနဲ့ လည်း သုံးနိုင်ပါတယ်။ အထိရောက်ဆုံးကတော့ စတီးရွိုက်ဟော်မုန်းပါတဲ့ ရှူဆေးတွေဖြစ်ပြီး ကုမ္ပဏီတွေမှာ အမည်အမျိုးမျိုးနဲ့ဝယ်လို့ရပါတယ်။ ဒီဆေးတွေက လေပြွန်လေးတွေရောင်ရမ်းတာကို ကျစေလို့ရင်ကျပ် ရောဂါမထအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကုသဆေးနဲ့ကာကွယ်ဆေး နှစ်မျိုးလုံးပေါင်းထားတဲ့ ရှူဆေးတွေရော ရှိပါသလားဆရာ။

ရှိပါတယ်။ တချို့ရှူဆေးတွေဟာ ရောဂါထတဲ့အချိန်မှာ ရောဂါသက်သာလာအောင် လုပ်ပေးနိုင်ရုံတင်မကဘူး နောင်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အာနိသင်ရှည်တဲ့ကုဆေးနဲ့ ကာကွယ်ဆေးတွေ တွဲထား တာပါ။

စတီးရွိုက်ဟော်မုန်းပါတဲ့ဆေးတွေကို ကြာကြာစွဲသုံးရင် အန္တရာယ်ရှိပါသလားဆရာ။

တော်တော်ကောင်း တဲ့မေးခွန်းပဲ။ ကျွန်တော်အဖြေချင်ဆုံး မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။ စတီးရွိုက် ဟော်မုန်းဆေးတွေဟာ အသွားနှစ်ဖက်ပါတဲ့ဓားလိုပဲ။ တစ်ဖက်က အာနိသင်အများကြီးရှိသလို၊ တစ်ဖက် ကလည်း ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒါကို ဆရာဝန်၊ ဆရာမများ သာမကလူနာများပါ သိထားဖို့လိုပါတယ်။ ဒါပေမဲ့ ကျွန်တော်အခုနကပြောခဲ့သလိုပဲ စတီးရွိုက်ဟော်မုန်းကို ရှူဆေးအနေနဲ့သုံးရင် သောက်ဆေးထက်စာရင် ဆေးပမာဏနည်းနည်းလေးသာလိုတာကြောင့် ရေရှည်စွဲ သုံးတဲ့အခါမှာလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ မပြောပလောက်ရုံပဲရှိပါတယ်။ ဒါက ရှူဆေးကိုသုံးလို့ရမယ့် အဓိကအကျိုးကျေးဇူးဖြစ်ပါတယ်။

ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်အောင်ကုလို့ရပါသလား။

မရပါဘူး။ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်တဲ့ဆေး မရှိသေးပါဘူး။ ကုသ ပေးတဲ့ ရည်ရွယ်ချက်ကိုက ပန်းနာရင်ကျပ်ရောဂါမထအောင် ထိန်းချုပ်ထားနိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုသာ ထိန်းချုပ် ပေးထားနိုင်ရင် ကလေးဟာ အခြားကလေးတွေလိုပဲ ဆော့နိုင်၊ ပြေးနိုင်လွှားနိုင်ပြီး ပုံမှန်ဖွံ့ဖြိုးကြီးထွား နိုင်ပါမယ်။  ကာကွယ်ဆေးတွေကို အမြဲစွဲသုံးဖို့လိုပါတယ်။ အလွယ်တကူ ဖြတ်မပစ်ရပါဘူး။ တစ်ခု သတိထား ရမှာက ဆေးကကောင်းတယ်၊ နည်းနည်းလေးပဲသုံးရတယ်ဆိုပြီး  မြန်မြန်သက်သာအောင် ညွှန်ကြားထား တာထက်ပိုပြီး ဆေးပမာဏကိုမသုံးဖို့ပါ။

ဒီလိုပိုသုံးရင်တော့ ဘေးထွက်ဆိုးကျိုးဒဏ်တွေခံရပါမယ်။ နောက်တစ်ချက်ကတော့ ရှူဆေးရှူပြီးရင် ပါးစပ် ထဲမှာကျန်တဲ့ဆေးတွေကို အာလုတ်ကျင်းပြီးထွေးထုတ်ပစ်ရပါမယ်။ ဒါမှ ပါးစပ်အနာဖြစ်တာတို့၊ တခြား ဘေးထွက်ဆိုးကျိုးတို့ မခံစားရမှာဖြစ်ပါတယ်။ ကျွန်တော်အခုနကပြောသလို ရှူဆေးကိုမှန်မှန်နဲ့ စနစ်တကျ သုံးမယ်ဆိုရင် ရင်ကျပ်ရောဂါရှိတဲ့ ကလေးတစ်ယောက်ရဲ့ဘဝဟာ ပိုပြီး ကျန်းမာပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။

သောက်ဆေးတွေကို ကာကွယ်ဆေးအနေနဲ့ရောသုံးလို့ရပါ့မလား။

ရပါတယ်။ စတီးရွိုက်ဟော်မုန်းဆေးပြားတွေပါ။ဒါကို ရေရှည်စွဲသောက်ရင် အန္တရာယ်အလွန်များပါတယ်။ တခြားဆေးကတော့ Montelukast သောက်ဆေးတွေဖြစ်ပါတယ်။ ရှူဆေးတစ်ခုတည်းနဲ့မလုံလောက် ရင် တွဲသုံးပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆရာဘာများပြောချင်ပါသလဲဆရာ။

နိဂုံးချုပ်အနေနဲ့ကတော့

  • ပန်းနာရင်ကျပ်ရောဂါဟာ ကလေးတွေမှာအဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တယ်။ တချို့လေ့လာချက်အရ ၁၀ ရာခိုင်နှုန်းလောက် ကလေး ၁၀ ယောက်မှာ တစ်ယောက်လောက် အထိဖြစ်တတ်တယ်။
  • လုံးဝပျောက်ကင်းအောင်ကုလို့မရပေမယ့် စနစ်တကျကာကွယ်ကုသမှုပေးရင်  တခြားကလေးတွေလို လှုပ်ရှားသွားလာကျောင်းတက်နိုင်အောင်ရောဂါမထအောင် ထိန်းထားလို့ရတယ်။ ပန်းနာ ရင်ကျပ် ရောဂါကာကွယ်ကုသရာမှာ သောက်ဆေး၊ ရှူဆေး၊ ထိုးဆေးတွေရှိတဲ့နေရာမှာ ရှူဆေးကို ဦးစားပေး သုံးသင့်တယ်။ ရှူဆေးဟာ ဆေးပြင်းတယ်။ ဆေးဆုံးဖြစ်တယ်ဆိုတဲ့ အယူအဆဟာမှားတယ်။ ရောဂါနုတဲ့အချိန်မှာသာ ရှူဆေးကိုသုံးပြီး ရှူဆေးနဲ့မရမှ ရောဂါရင့်မှသောက်ဆေးတို့၊ ထိုးဆေးတို့ သုံးတာဖြစ်တယ်။ ရှူဆေးဟာမထိရောက်ဘူးဆိုတဲ့ အယူအဆဟာလည်း မှားတယ်။ ထိရောက်မှု မရှိတာဟာ ရှူပုံရှူနည်းမမှန်တာရယ်၊ ကြားခံပစ္စည်းတွေကို စနစ်တကျအသုံး မပြုတတ်တာ တွေကြောင့်သာဖြစ်တယ်။ ရှူဆေးရဲ့အဓိကအားသာချက်တွေကတော့ ဆေးနည်းနည်း ပဲသုံးဖို့လို တယ်။ အချိန်တိုအတွင်း ဆေးအာနိသင်ပြတယ်။ ဒါကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေ မရှိသလောက်နည်းပြီး မြန်မြန်သက်သာစေတယ်။ ရှူဆေးရဲ့အားနည်းချက်ကတော့ သောက်ဆေး ထက်စာရင် ဆေးဖိုး၊ ကြားခံပစ္စည်းကိရိယာဖိုးတွေကြောင့် ငွေကုန်ကြေးကျပိုများတယ်။ ပန်းနာ ရင်ကျပ်ရောဂါလို့ထင်ရင် တတ်ကျွမ်းတဲ့သူနဲ့ပြပြီး စနစ်တကျစစ်ဆေးပြီး ရေရှည်ကုသမှုခံ ယူဖို့လိုတယ်လို့ ပြောကြားလိုပါတယ်။   ။

ပါမောက္ခဒေါက်တာစောဝင်း

(ကလေးကျန်းမာရေး)