​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ ၂၄ ရက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စီစဉ် ဆောင်ရွက်နေမှုများကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့်တာဝန်ရှိသူများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်နှင့် (၅)ရပ်ကွက်အကြား တပင်ရွှေထီးလမ်းဖြတ် သာယာကုန်းချောင်းနှင့် ရန်ကုန်-ညောင်တုန်းလမ်း ရေစုကန်ရေမြောင်းမှ သာယာကုန်း ချောင်းတံတားများသို့ သွားရောက်၍ ရေစီးရေလာအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်-ညောင်တုန်းလမ်း  ရေစုကန်ရေမြောင်းမှ သာယာကုန်းချောင်းသို့ ဆက်လက် စီးဆင်းရာတွင် ပိတ်ဆို့မှု မရှိစေရေး ချောင်းအား စက်ယန္တရားများဖြင့် တူးဖော်ဆယ်ယူ ရှင်းလင်းရန်၊ ရေစုကန်ရေမြောင်းနှင့် သာယာကုန်းချောင်းအကြား ရေမြောင်းအတွင်း ပိတ်ဆို့ အမှိုက်များ ရှင်းလင်းရန်၊ချောင်း ဝဲ/ယာမြက်ပင်ချုံနွယ်များ ရှင်းလင်းရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊(၇)ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ ရေစုကန်ရေမြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ  7.5 KOBELCO မြေတူးစက်ဖြင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းပိတ်ဆို့မှုမရှိစေရေး မြစ်ထွက်ပေါက်ထိ  ဆက်လက် ရှင်းလင်းရန်၊ မြောင်းချေးများအား အပြောင်ဆယ်ယူရှင်းလင်းပြီး စနစ်တကျစွန့်ပစ်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ထန်းတပင်မြို့ နယ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ သွားရောက်၍  အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ပေ ၊အကျယ် ၁၁၀ ပေ၊ အနက် ၈ ပေရှိ ရေကန်အား တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အဓိပတိ(၂) လမ်းနှင့် စံကားဝါဆောင်အကြား ကွင်းပြင်နေရာအား မြေပြုပြင်ပြီး ကွင်းပတ်လည် တွင် အကျယ် ၅ ပေ၊အနက် ၅ပေရှိ ရေမြောင်းတူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် တက္ကသိုလ်ဝင်းအတွင်း ရေဝပ်မှုမရှိ စေရေး အလေးထားဆောင်ရွက်ရန်၊ ရေကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ပန်းအလှ ပင်များ စိုက်ပျိုးရန်၊ ကန်တူးဖော်ရာမှ ထွက်ရှိလာသည့် မြေသားများအား ကန်ပတ်ဝန်း ကျင်ရှိ မြေနိမ့်နေရာများတွင် ဖို့ပြီး မြေညှိပြုပြင်၍ မြေယာရှုခင်းဆောင်ရွက်ရန်၊ ရေကန်အတွင်း ရေဖြည့်သွင်းနိုင်ရန် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ  အဝီစိ တွင်းများ တူးဖော်နေမှုနှင့် ၈ လက်မ အဝီစိ(၂)တွင်းနှင့်  ရေကန်အတွင်းရှိ အလှဆင် ရေပန်း(၃)ခု မောင်းနှင်ရန်  လျှပ်စစ်ဓာတ်အား ၅၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည့် Solar System  နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက် တပ်ဆင်ရန် မြေပြုပြင် ဆောင်ရွက်နေမှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ နေရောင်ခြည်ကောင်းစွာ ရရှိစေရေး အုပ်မိုးသစ်ကိုင်းများအား ရှင်းလင်းရန်နှင့် လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။