နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် မြန်မာဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန်ဖူဆယ် အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်

 

နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် မြန်မာဖူဆယ် အသင်းနှင့် အာဖဂန်နစ္စတန်ဖူဆယ် အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ကစားမည်

 

ရန်ကုန်  ဇန်နဝါရီ  ၂၅

    မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ၏ကြိုတင်ပြင်ဆင်မှု တစ်ရပ်အနေဖြင့် ရန်ကုန်မြို့ရှိ MFF Futsal Stadium တွင် ခြေစမ်းပွဲနှစ်ပွဲအဖြစ် အာဖဂန်နစ္စတန် ဖူဆယ်အသင်းနှင့် ရန်ကုန်မြို့တွင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။   

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ်အသင်းတို့ ပွဲစဉ်ကို မတ်လ ၃၀ နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးနှင့် ကျင်းပမည့်အချိန်များကို  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ထပ်မံထုတ်ပြန် ပေးသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာ ဖူဆယ်ပြိုင်ပွဲများကို  ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ကျင်းပခဲ့သော AFF Futsal Club Championship ၂၀၁၆ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့  သုဝဏ္ဏကွင်း အတွင်းတွင် တည်ဆောက်ထားသော   နိုင်ငံတကာ အဆင့်မီ  ဖူဆယ်ကွင်းဖြစ်သော  MFF Futsal Stadium တွင် ပထမဆုံး ကျင်းပသည့်  နိုင်ငံတကာ ဖူဆယ်ပွဲစဉ် ဖြစ်လာမည်ဖြစ်သည်။

အာဖဂန်နစ္စတန်ဖူဆယ် အသင်းသည် လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှု ၅၃ တွင် ရပ်တည်နေသော အသင်းဖြစ်ပြီး ၂၀၀၇ ခုနှစ် ၎င်းတို့၏ ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ကာ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သော CAFA Futsal Championship ပြိုင်ပွဲတွင် ဒုတိယဆု ရယူနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန် ဖူဆယ်အသင်းတို့သည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော Continental Futsal Championship ၂၀၂၃ ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် တွေ့ဆုံခဲ့ဖူးပြီး အာဖဂန်နစ္စတန် အသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲနှင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ် များအတွက် ဇန်နဝါရီလ ၂၂ရက်စတင်ပြီး ပဏာမ ကစားသမားများဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိနေပြီး နိုင်ငံတကာခြေစမ်းပွဲစဉ်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာ ခြေစမ်းပွဲစဉ်များအဖြစ် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၉ ရက်တို့တွင် အင်ဒိုနီးရှား ဖူဆယ် ချန်ပီယံ Bintang Timur အသင်းနှင့်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် Regional East Java အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲစဉ်များ အသီးသီး ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲတွင် အုပ်စု (က)၌ အိမ်ရှင်  ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊ တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း   သိရသည်။