ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၉) အီတလီစီးရီးအေပွဲစဉ်(၂၂)နှင့် စပိန်လာလီဂါပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်

 

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၁၉) အီတလီစီးရီးအေပွဲစဉ်(၂၂)နှင့် စပိန်လာလီဂါပွဲစဉ်(၂၂) ပွဲကြိုသုံးသပ်ချက်

စတုဂက်စ်  VS  လိုက်ပဇစ်

ကစားမည့်ရက်/အချိန်

(၂၇-၁-၂၀၂၄ ည ၉း၀၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          လိုက်ပဇစ်    ၅       -        ၁       စတုဂက်စ်

          လိုက်ပဇစ်    ၂        -        ၁       စတုဂက်စ်

          စတုဂက်စ်    ၁       -        ၁       လိုက်ပဇစ်

နောက်ဆုံးသုံးပွဲအနိုင်၊အရှုံးအခြေအနေ

စတုဂက်စ်    အိမ်(နိုင်)      ဝေး(ရှုံး)       ဝေး(ရှုံ့း)

လိုက်ပဇစ်    ဝေး(ရှုံး)       အိမ်(နိုင်)      အိမ်(သရေ)

စတုဂက်စ်အသင်းက အဓိကတိုက်စစ်ကစားသမားဂူရယ်ဆီနဲ့  အမ်ဘမ်ပါတို့ကို အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲအတွက် ဂိုင်ယာနာအသင်းနဲ့ကွန်ဂိုအသင်းတို့ထံ  စေလွှတ်ထားရလို့ နောက်ပိုင်းပွဲစဉ်တွေမှာ  အသင်းတိုက်စစ်ပိုင်းက  ဂိုးသွင်းအား သိသိသာသာကျဆင်းနေပြီး ရုန်းကန်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာလည်း စတုဂက်စ်အသင်း တိုက်စစ်ပိုင်းက တစ်ဂိုးသာသွင်းယူနိုင်ပြီး နှစ်ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ စတုဂက်စ်အသင်းက အိမ်ကွင်းကိုးပွဲကစားပြီးတဲ့အချိန်မှာ ခုနစ်ပွဲအနိုင်ရရှိထားပြီး တစ်ပွဲသရေရလဒ်နဲ့ တစ်ပွဲရှုံးနိမ့်ထားလို့ လေဗာကူဆင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပြီးရင် အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ စတုဂက်စ်အသင်းက နောက်ပိုင်းပွဲစဉ်တွေမှာတော့ အသင်းတိုက်စစ်ပိုင်း ကျဆင်းမှုနဲ့အတူ  အဓိကကစားသမားတွေကို လက်လွှတ်ထားရချိန်မှာ အသင်းကစားပုံ သိသိသာသာကျဆင်းမှုတွေ ရှိနေပါတယ်။ စတုဂက်စ်အသင်းက အသင်းသမိုင်းတစ်လျှောက် လိုက်ပဇစ်အသင်းနဲ့ ကစားတဲ့ပွဲစဉ်တိုင်း တစ်ကြိမ်မှ အနိုင်မရရှိခဲ့ဖူးတာကို သတိထားရမှာပါ။ စတုဂက်စ်အသင်း

ခံစစ်ပိုင်းကလည်း  အိမ်ကွင်းကိုးပွဲကစားပြီးချိန်မှာ ခုနစ်ဂိုးသာပေးခဲ့ရတယ်ဆိုပေမယ့် နောက်ပိုင်းပွဲစဉ် တွေမှာတော့ ပေးဂိုးတွေများနေပါတယ်။

လိုက်ပဇစ်အသင်းကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ လေဗာကူဆင်အသင်းကို နှစ်ကြိမ်အထိ ဦးဆောင်နိုင်ပြီးမှ နောက်ကျသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရတယ်ဆိုပေမယ့် ခြေစွမ်းပိုင်းကတော့ ကောင်းမွန်နေဆဲပါ။ လိုက်ပဇစ် အသင်းက ဘွန်ဒက်စ်လီဂါမှာ နှစ်ပွဲဆက်ရှုံးပွဲကြုံထားလို့ အခုပွဲစဉ်မှာတော့ အဝေးကွင်းဆိုပေမယ့် မဖြစ်မနေနိုင်ပွဲပြန်လည်ရရှိဖို့ အကောင်းဆုံးဖိအားပေးလာပါလိမ့်မယ်။  လိုက်ပဇစ်အသင်းက စတုဂက်စ် အသင်းနဲ့တွေ့ဆုံတိုင်း  အမြဲရလဒ်ကောင်းလေ့ရှိပြီး အနိမ့်ဆုံးကတော့ သရေရလဒ်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ    စတုဂက်စ် အသင်းက  တစ်ကြိမ်မှ  အနိုင်ရယူနိုင်ခြင်းမရှိဘဲ  စုစုပေါင်း ၁၁ ကြိမ်တွေ့ဆုံထားရာမှာ လိုက်ပဇစ်အသင်းက ကိုးကြိမ်အထိအနိုင်ရရှိထားပြီး နှစ်ကြိမ်သရေရလဒ် ထွက်ပေါ်ထားလို့  ထိပ်တိုက်တွေ့ဆုံမှုပိုင်းမှာတော့  လိုက်ပဇစ်အသင်းက  အသာစီးရရှိထားပါတယ်။  ဒါ့ပြင်  အဓိက ကစားသမားတွေကို လက်လွှတ်ထားရတဲ့     စတုဂက်စ်အသင်းကြောင့် လိုက်ပဇစ်အသင်းပဲ နိုင်ပွဲပြန်လည်ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်- စတုဂက်စ်  ၁ - ၃ လိုက်ပဇစ်

          အတ္တလန္တာ   VS     အူဒီးနိစ်

ကစားမည့်ရက်/အချိန်

(၂၇-၁-၂၀၂၄ ည ၈း၃၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အူဒီးနိစ်       ၁       -        ၁       အတ္တလန္တာ

          အတ္တလန္တာ   ဝ       -        ဝ       အူဒီးနိစ်

          အူဒီးနိစ်       ၂        -        ၂        အတ္တလန္တာ

နောက်ဆုံးသုံးပွဲအနိုင်၊အရှုံးအခြေအနေ

အတ္တလန္တာ   ဝေး(နိုင်)      ဝေး(နိုင်)      အိမ်(နိုင်)

အူဒီးနိစ်       အိမ်(ရှုံး)       ဝေး(သရေ)  အိမ်(ရှုံး)

အဆင့်(၄)နေရာအတွင်း   ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အတ္တလန္တာအသင်းက အိမ်ကွင်းမှာ ရမှတ်အပြည့် ရရှိဖို့အတွက် အမှားခံမှာမဟုတ်ပါဘူး။ အတ္တလန္တာအသင်းက နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ  ရိုးမားအသင်းနဲ့  တစ်ပွဲသာ   သရေရလဒ်ထွက်ပေါ်ခဲ့ပြီး ကျန်လေးပွဲစလုံး အနိုင်ရရှိထားလို့ ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိနေပါတယ်။ အတ္တလန္တာ အသင်းတိုက်စစ်ပိုင်းကလည်း နောက်ဆုံးကစားတဲ့ငါးပွဲမှာ ၁၂ ဂိုးအထိရရှိထားလို့ အူဒီးနိစ်အသင်းခံစစ်ပိုင်းကို ကောင်းကောင်းအလုပ်ရှုပ်စေမှာပါ။အတ္တလန္တာအသင်းက အိမ်ကွင်း ၁၀ ပွဲကစားပြီးချိန်မှာ  ခုနစ်ပွဲအနိုင်ရရှိထားပြီး  တစ်ပွဲသရေရလဒ်နဲ့ နာပိုလီအသင်း၊ အင်တာမီလန်အသင်းတို့နဲ့ ကစားခဲ့တဲ့နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ အတ္တလန္တာအသင်းတိုက်စစ်ပိုင်းက အိမ်ကွင်း ၁၀ ပွဲမှာ သွင်းဂိုး ၂၂ဂိုးသွင်းယူထားလို့ တစ်ပွဲမှာနှစ်ဂိုးနှုန်းသွင်းယူထားပြီး အိမ်ကွင်းမှာဆိုရင်    အင်တာမီလန်အသင်းပြီးရင် တိုက်စစ်ပိုင်း အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေလို့  အူဒီးနိစ်အသင်းအတွက် ခက်ခဲမှာပါ။  ဒါ့ပြင်  အတ္တလန္တာအသင်းရဲ့ အိမ်ကွင်းခံစစ်ပိုင်းကလည်း  ၁၀ ပွဲမှာ  ခုနစ်ဂိုးသာ ခွင့်ပြုထားရလို့  အိမ်ကွင်းခံစစ်ပိုင်း အကောင်းဆုံးအသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပါတယ်။

အူဒီးနိစ်အသင်းကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး နောက်ဆုံးကစား ခဲ့တဲ့ငါးပွဲမှာ ဘိုလော့ဂ်နာအသင်းတစ်သင်းကိုသာ အနိုင်ရရှိခဲ့ပြီး နှစ်ပွဲသရေရလဒ်နဲ့ နှစ်ပွဲရှုံးနိမ့်ထား ပါတယ်။ အူဒီးနိစ်အသင်းက အတ္တလန္တာအသင်းနဲ့  တွေ့ဆုံခဲ့တဲ့နောက်ပိုင်းပွဲစဉ်တွေမှာ    အကောင်းဆုံး တုံ့ပြန်ကစားနိုင်တယ်ဆိုပေမယ့် ဒီဘောလုံးရာသီ ခြေစွမ်းပိုင်းကြောင့်  အခုပွဲစဉ်မှာတော့  အခက်တွေ့ နေမှာပါ။  အူဒီးနိစ်အသင်းက  စီးရီးအေ  ၂၁ ပွဲ ကစားပြီးချိန်မှာ  ရမှတ်  ၁၈  မှတ်သာရရှိထားလို့ တန်းဆင်းဇုန်ကအသင်းနဲ့ တစ်မှတ်သာကွာတဲ့အထိ ခြေစွမ်းပိုင်းဆိုးရွားနေပါတယ်။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့တဲ့  ၂၈ ကြိမ်မှာ အတ္တလန္တာအသင်းက ၁၀ ကြိမ်အနိုင်ရရှိထားပါတယ်။   အူဒီးနိစ်အသင်းက ခြောက်ကြိမ်ပြန်လည်အနိုင်ရရှိထားပြီး  ၁၂  ကြိမ်  သရေရလဒ်ရရှိထားပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ရာသီနှစ်ကျော့စလုံးမှာလည်း  သရေရလဒ်သာထွက်ပေါ်ခဲ့ပြီး ဒီပွဲမှာ လက်ရှိခြေစွမ်းပိုင်းတွေကြောင့်  အတ္တလန္တာအသင်းကပဲ အိမ်ကွင်းမှာ နိုင်ပွဲရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်         -အတ္တလန္တာ  ၂       -၁      အူဒီးနိစ်

          ဘာစီလိုနာ   VS    ဗီလာရီးယဲလ်

ကစားမည့်ရက်/အချိန်

(၂၇-၁-၂၀၂၄ ည ၁၂:၀၀ နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ဗီလာရီးယဲလ်         ၃       -        ၄       ဘာစီလိုနာ

          ဗီလာရီးယဲလ်         ဝ       -        ၁       ဘာစီလိုနာ

          ဘာစီလိုနာ   ၃       -        ဝ       ဗီလာရီးယဲလ်

နောက်ဆုံးသုံးပွဲအနိုင်၊အရှုံးအခြေအနေ

ဘာစီလိုနာ   ဝေး(နိုင်)      ဝေး(နိုင်)      ဝေး(ရှုံး)

ဗီလာရီးယဲလ်         ဝေး(သရေ)  ဝေး(ရှုံး)       အိမ်(သရေ)

ဘာစီလိုနာအသင်းက  စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်မှာလည်း ဘီလ်ဘာအိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ပြိုင်ပွဲကနေထွက်ခဲ့ရလို့  နည်းပြဇာဗီအနေနဲ့ ဖိအားတွေအောက် ကျရောက်နေပါတယ်။ နည်းပြဇာဗီအတွက် လာမယ့်ပွဲစဉ်တွေမှာ ရလဒ်တွေဆိုးရွားနေမယ်ဆိုရင်  နည်းပြရာထူးအတွက်ပါ  ထိခိုက်လာနိုင်လို့ အခုအိမ်ကွင်းပွဲစဉ်မှာတော့ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ဘာစီလိုနာအသင်း မဖြစ်မနေနိုင်ပွဲပြန်လည် ရှာဖွေပါလိမ့်မယ်။ ဘာစီလိုနာအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့  ဂီရိုနာအသင်းနဲ့  ရမှတ်ရှစ်မှတ်ကွာဟနေလို့ အိမ်ကွင်းပွဲစဉ်တွေမှာတော့ ရမှတ်အပြည့်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး။   ဘာစီလိုနာအသင်းက ချန်ပီယံလိဂ်နဲ့  စပိန်လာလီဂါပြိုင်ပွဲနှစ်ခုပဲရှိတော့လို့  လက်ကျန်ပွဲစဉ်တွေကို အပြည့်အဝအာရုံစိုက်လာပါလိမ့်မယ်။

ဒီဘောလုံးရာသီမှာ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေကြောင့် တန်းဆင်းဇုန်ဖိအားနဲ့ ရင်ဆိုင်နေရပြီဖြစ် တဲ့ ဗီလာရီးယဲလ်အသင်းရဲ့ ခြေစွမ်းပိုင်းက အတော် လေးဆိုးရွားနေပါတယ်။  ဗီလာရီးယဲလ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း    တစ်ပွဲသာ အနိုင်ရရှိပြီး နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးရလဒ် ရရှိထားတဲ့အထိ ခြေစွမ်းပိုင်းကျဆင်းနေပါတယ်။  ဗီလာရီးယဲလ်အသင်းက   ဒီဘောလုံးရာသီ  အဝေးကွင်း  ၁၀  ပွဲကစားပြီးချိန်မှာ နှစ်ပွဲသာအနိုင်ရရှိပြီး  သုံးပွဲသရေနဲ့ ငါးပွဲရှုံးနိမ့်ထားသလို အသင်းခံစစ်ပိုင်းကလည်း ဂိုး ၂၀ အထိပေးထားရတာကြောင့် ခံစစ်ပိုင်းစွမ်းဆောင်ရည်ဆိုးရွားတဲ့ အသင်းတွေထဲမှာ ပါဝင်နေလို့  ဘာစီလိုနာအသင်း တိုက်စစ်ပိုင်းကိုတော့  ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ခက်ခဲမှာပါ။   ဒါ့ပြင်   ဗီလာရီးယဲလ်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ တာရက်စ်၊ ပါရီဂျိုနဲ့ ပီနိုတို့ ဒဏ်ရာရရှိနေချိန်မှာ အသင်းကစားပုံကလည်း သိသိသာသာကျဆင်းနေပါတယ်။

ဒီနှစ်သင်း စပိန်လာလီဂါမှာ ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာအသင်းက ၂၂ ကြိမ်အနိုင်ရရှိ ထားပါတယ်။ ဗီလာရီးယဲလ်အသင်းက တစ်ကြိမ်တည်းသာအနိုင်ရရှိထားပြီး လေးကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။  ဗီလာရီးရဲလ်အသင်းက ဘာစီလိုနာအသင်းကို ၂၀၂၃ ခုနှစ် မေလက  ကစားခဲ့တဲ့တစ်ပွဲပဲ  အနိုင်ရရှိထားပြီး လက်ရှိခြေစွမ်းပိုင်းအရလည်း ဘာစီလိုနာအသင်းက အသာစီးမှာရှိနေလို့ ဘာစီလိုနာအသင်းရဲ့ အနိုင်ရလဒ်က သေချာပါတယ်။

ခန့်မှန်းရလဒ်         - ဘာစီလိုနာ ၄       -၁ ဗီလာရီးယဲလ်