ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၂၇

ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများသည်  ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လာရောက် ဖူးမြော် ကြည်ညိုကြသည်။

ဉီးစွာ  ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ကျွမ်းကျင် ပညာရှင်များက မာရဝိဇယဘုရား ကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု၊ လက်ရှိ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနာ ကြီးများ စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို  ပြသသည်။

ထို့နောက် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများက ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေ ချောမွေ့စွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကိုအသေးစိတ် ရှင်းလင်း ပြောကြားပေးမှုများအပေါ် ကျေးဇူးတင် စကားများ ပြောကြားကြသည်။

ဆက်လက်၍ ဘုရားဖူးလာအဖွဲ့များ သည်ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ဘုရားဂေါပကအဖွဲ့တာဝန် ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ဘုရားဖူးလာအဖွဲ့များသည် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှုကြသည်။

ယင်းနောက်  ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားရှိသည့် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ် ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဟာမင်္ဂလာ အခမ်းအနားများတွင် အသုံးပြုခဲ့သည့်ပစ္စည်းများ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာ ဓာတ်တော်များ ထည့်သွင်း ပူဇော်ခဲ့သည့် ရွှေဖလားများ၊ မာရဝိဇယဆင်းတု တော်ကြီးအား အစိတ်အပိုင်း(၄)ပိုင်းခွဲ၍ တည်ဆောက်ထားသော ဆင်းတုတော် ပုံစံငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံ ငယ်များ၊ ရုပ်ပွားတော်မြတ်ကြီး တည်ထား ပူဇော်မှု မှတ်တမ်းတင် ဓာတ်ပုံများနှင့် အခြားလေ့လာ သင့်သည်များကို လှည့်လည် ကြည့်ရှု ကြသည်။

ဆက်လက်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့မခန်းဗိသုကာ လက်ရာများဖြင့် ခမ်းနား ထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက် စာရုံစေတီတော်များနှင့်  အခြားသာသနိက အဆောက်အဉီများအား ဆက်လက်ဖူးမြော် လေ့လာ ကြည်ညိုခဲ့ကြသည်။

အလားတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများလည်း လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြကြောင်း သိရှိရသည်။     

ယနေ့တွင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ခဲ့ကြသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီးမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ရင်တွင်း စကားသံများအားယခုလိုကြားသိခဲ့ရပါတယ် -

ဘုရားကြီးရဲ့ထုလုပ်ထားတဲ့ပုံသဏ္ဍန်ဟာ ရတနာပုံခေတ်နဲ့အညီ ဗိသုကာပညာရှင် များရဲ့ လမ်းညွှန်မှုနဲ့အညီ တည်ဆောက်ထားတဲ့အတွက် လက်ရာအပြည့်စုံဆုံး၊ အထူးခြားဆုံး၊ အပြောင်မြောက်ဆုံးဆင်းတုတော်ကြီးဖြစ်ပါတယ်ခင်ဗျ။ ဗုဒ္ဓဘာသာအနုပညာ လက်ရာတွေကို အံ့မခန်းတွေ့ရှိရပါတယ်။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် စတဲ့ခေတ်အဆက်ဆက်က ဗိသုကာလက်ရာများကို စုံလင်စွာဖူးမြော်တွေ့ ရှိရတဲ့အတွက် ဒီဘုရားထက်ပြည့်စုံသော ဗုဒ္ဓဗိသုကာအနုပညာလက်ရာ မရှိဘူးဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ရဲ့ဝမ်းသာပီတိကတော့ အတိုင်းမသိပါပဲ။။ အခုလို လာရောက်ဖူးမြော်ခွင့်ရတဲ့ ကျွန်တော်တို့ ဆရာကြီး၊ ဆရာမကြီးတွေအားလုံးရဲ့ရင်ထဲမှာ ဒီလိုထူးခြားသပ္ပာယ်တဲ့ဆင်းတုတော်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဗုဒ္ဓ ဘာသာနဲ့ပတ်သက်တဲ့ ယုံကြည်မှု၊ ကိုးကွယ်မှု၊ ဘာသာတရားလေ့လာလိုက်စားမှုကို ယခင်ကထက်ပိုပြီး လေးလေးနက်နက်ကြည်ညိုကိုးကွယ်ပူဇော်ချင်တဲ့ စိတ်ထားတွေဖြစ် ပေါ်လာပါတယ်ခင်ဗျ။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာမှုဗိသုကာ လက်ရာများနဲ့သာမက နိုင်ငံတကာအဆင့်မီ၊ ကမ္ဘာ့အဆင့်မီစက်ကြီးများနဲ့ပါ ထုဆစ်ပူဇော်ထားတာဖြစ်တဲ့ အတွက် ဒီဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အင်မတန်မှကျက်သရေရှိစွာ သပ္ပာယ်လှစွာနဲ့ ဖူးမြင်ရတဲ့အတွက်ကြောင့် ရင်ထဲမှာပီတိဖြစ်ရပါတယ်။ နောက်ခံမိုးတိမ်နဲ့ ဒီဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို လက်အုပ်ချီပြီး တစိမ့်စိမ့်အပေါ်ကိုမော့ကြည့်ပြီး ဖူးမြော်ရတဲ့အချိန် ရင်ထဲမှာပေါ်လာတဲ့ ကျွန်မတို့ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ ပီတိနဲ့သဒ္ဓါတရားရဲ့အဟုန်က စကားလုံးနဲ့ ဖော်မပြနိုင်လောက်အောင်ပါဘဲ။ အဲဒါတွေအကုန်လုံးကို မြန်မာမှုအနုပညာ  လက်ရာတွေအပါအဝင်ပေါ့ ကမ္ဘာ့အဆင့်မီစက်ကြီးတွေကိုအသုံးပြုပြီး ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး တာရှည်ခံအောင်၊ နှစ်ပေါင်းများစွာအဓွန့်ရှည်တည်တံ့အောင် ဆောင်ရွက် ထားတယ်ဆိုတာကိုလည်း သိခဲ့ရပါတယ်။ အဲဒါတွေကို ဖူးမြော်ရတဲ့အချိန်မှာ ရင်ထဲမှာရှိတဲ့ပီတိက “အယ် ဒီလောက်လက်ရာမြောက်အောင် ဘယ်လိုများလုပ်ထား ပါလိမ့်” ဆိုတဲ့ မေးခွန်းလေးတွေလည်း ပေါ်လာပါတယ်။ ပီတိနဲ့သဒ္ဓါတရားကလည်း အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရခြင်းက ကျွန်မတို့အတွက် ကုသိုလ်ထူးလို့ပဲလို့ ယူဆရပါတယ်။ ဒီဘုရားကြီးကို ကျွန်မအနေနဲ့ လာရောက်ဖူးမြော်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်ရှိပါပြီ။

ခေတ်အဆက်ဆက်က  အနုပညာတွေကို ကျွန်တော်တို့မြင်တွေ့ရပါတယ်။ ရှင်း လင်းဆောင်မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ရှင်းပြတဲ့အခါ ရင်ထဲမှာဘယ်လိုမှမဖော်ပြနိုင်တဲ့ ကြည်နူးမှုတွေဖြစ်လာပါတယ်။ အခက်အခဲတွေကြားထဲကဆောင်ရွက်ရတဲ့ ဒီဘုရားကြီး ဖြစ်ပေါ်လာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အင်မတန်ဂုဏ်ယူပါတယ်။ ကျော်စာရုံစေတီ တွေကအစ တန်ဆာဆင်ထားတဲ့အနုပညာလက်ရာတွေက ဘယ်တုန်းကမှ ကျွန်တော်တို့ မမြင်ဖူးမတွေ့ဖူးတဲ့ လက်ရာတွေဖြစ်တာကြောင့် ကျွန်‌တော်တို့အနေနဲ့ အင်မတန်မှ လာရောက်ရကျိုးနပ်တယ်လို့ ပြောလိုပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်လိုက်တဲ့အချိန်မှာ ရရှိတဲ့ ကြည်နူးမှုလောက် ဝမ်းမြောက်ဝမ်းသာဖြစ်တာ မရှိပါဘူး။ ဒါကြောင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်အကြီးအကဲများနဲ့တကွ တာဝန်ရှိ သူများအားလုံး၊ အခုလိုထိန်းသိမ်းစောင့်ရှာက်နေကြတဲ့ပုဂ္ဂိုလ်များအားလုံးကို ကျွန်တော့် အနေနဲ့ လှိုက်လှိုက်လဲလဲ မေတ္တာပို့သပါတယ်။