မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ပဒုမ္မာဆပ်ပြာစက်ရုံ (ပေါင်မြို့နယ်)မှ ကိုယ်တိုက်ဆပ်ပြာ စက်လိုင်းအသစ် ဖွင့်လှစ်

နေပြည်တော်  သြဂုတ်  ၁၂

မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ပဒုမ္မာဆပ်ပြာ စက်ရုံ(ပေါင်မြို့နယ်)မှ ကိုယ်တိုက်ဆပ်ပြာ စက်လိုင်းအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဒုတိယမန်နေးဂျင်း ဒါရိုက်တာ ဦးစိုးသိန်းနှင့် ဌာနကြီးမှူးများ၊ မွန်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးအောင်မိုး(အငြိမ်းစား)နှင့်  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ   အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုမောင်၊ မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်မှု လုပ်ငန်းများ  ဌာနကြီးမှူး ဦးသန့်စင်နှင့် ပဒုမ္မာဆပ်ပြာစက်ရုံ စက်ရုံမှူး ဦးဇော်နိုင်ဦးတို့က မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်   ပဒုမ္မာဆပ်ပြာစက်ရုံ ကိုယ်တိုက်ဆပ်ပြာစက်လိုင်း အသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ပဒုမ္မာဆပ်ပြာ စက်ရုံ ကိုယ်တိုက်ဆပ်ပြာ စက်လိုင်းအသစ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည် ပက်ဖျန်းပေးသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါပဒုမ္မာ ကိုယ်တိုက်ဆပ်ပြာစက်လိုင်း အသစ်အား မူလပင်မစက်ရုံအတွင်း၌ ၈- ၁၁-၂ဝ၁၉ ရက်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်သည်။ အဆိုပါပဒုမ္မာဆပ်ပြာ စက်ရုံအား စစ်မှုထမ်းဟောင်း မိသားစုများ

နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ပြည်သူများ ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန်နှင့် ပြည်တွင်းသုံး ကုန်ပစ္စည်း လိုအပ်ချက်ကို အထောက်အကူပြုစေရန်ရည်ရွယ်၍ အရည်အသွေးကောင်းမွန်သော   ပဒုမ္မာအဝတ်လျှော်ဆပ်ပြာ

အတောင့်၊ အခဲနှင့် ကိုယ်တိုက်ဆပ်ပြာများအား သက်သာသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရေးတို့ အတွက်  တည်ဆောက်ခဲ့ခြင်းဖြစ်သည်။  ပဒုမ္မာဆပ်ပြာ စက်ရုံ(ပေါင်မြို့နယ်)မှ    PADONMAR အမှတ်တံဆိပ်ဖြင့် လက်ရှိထုတ်လုပ်လျက်ရှိသည့်  အဝတ်လျှော်ဆပ်ပြာများ အပြင် ကိုယ်တိုက်ဆပ်ပြာ ၁၁ဝ ဂရမ်၊ ၈ဝ ဂရမ်၊ ၆ဝ ဂရမ်တို့အား   စံပယ်ရနံ့၊  သံပရာရနံ့၊  ရှားစောင်းလက်ပပ် ရနံ့သုံးမျိုးဖြင့် အရောင်သုံးမျိုး ထုတ်လုပ်ပြီး Hotel Soap ၁ဝ ဂရမ်တို့ကိုလည်း ထုတ်လုပ်ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။