တပ်မတော်တွင် ပဉ္စမအကြိမ်အသည်း အစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှု သတင်း

တပ်မတော်တွင် ပဉ္စမအကြိမ်အသည်း အစားထိုးခွဲစိတ်ကုသမှုလုပ်ငန်း ဆောင်ရွက်မှု သတင်း

(ပထမနေ့)

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၇

          တပ်မတော်တွင် ပထမအကြိမ်အသည်း အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ဦးဖြင့်အောင်မြင်စွာ ခွဲစိတ်ကုသဆောင်ရွက် နိုင်ခဲ့ပါသည်။ အသည်း အစားထိုး ခွဲစိတ်ကုသမှု အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ် ကုသဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါပဉ္စမအကြိမ်အသည်းအစား ထိုးခွဲ စိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်း အစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။

          အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစား ထိုးခွဲစိတ်ကုသမှု အဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှု အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လူနာ ဒုတိယဗိုလ်မှူးကြီး ဉာဏ်မြင့်အောင် (ငြိမ်း) ၏ဇနီး ဒေါ်အေးသီတာနှင့် တူဖြစ်သူ အသည်းအလှူရှင် ကိုသက်ကိုဦး တို့ကို ခွဲစိတ် ကုသခဲ့ခြင်းဖြစ်သည်။

          အသည်း အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီခွဲအချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသော အသည်းကို ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုး ခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်း ခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်း ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ် ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင် သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

          အသည်းအစားထိုး ခွဲစိတ်ကုသမှုကို တပ်မတော်မှ တာဝန်ရှိသူအရာရှိကြီးများ က ကြည့်ရှု အားပေးခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။