နှစ်တစ်ရာပြည့် ရန်ကုန်တက္ကသိုလ် ဂုဏ်ပြုကြိုဆို

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်တည်ရှိခြင်း နှစ်တစ်ရာပြည့်သောနေ့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သည် ပညာရှင်များမွေးထုတ်ပေးရာဌာနဖြစ်သည်။ ထိုပညာရှင်များသည် နိုင်ငံတော်တွင် ကျရာတာဝန်ထမ်းဆောင်ကြရသည်။ အချို့က ပညာရေးနယ်ပယ်၊ အချို့က ကာကွယ်ရေးနယ်ပယ်၊ အချို့က စီးပွားရေးနယ်ပယ်၊ အချို့က နိုင်ငံရေးနယ်ပယ် စသည်ဖြင့်နိုင်ငံ အကျိုးသယ်ပိုးကြရသည်။ အဟောင်း အဟောင်းတို့နေရာတွင် အသစ်အသစ်တို့ မွေးဖွားလာခြင်းသည် လောကနိယာမတရားဖြစ်သည်။ ဤတက္ကသိုလ်ကို စတင်တည်ထောင်စဉ်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရရှိသေးပေ။

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင်   ရန်ကုန်တက္ကသိုလ်ဥပဒေပြဋ္ဌာန်းပြီး  ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာ ၁ ရက်တွင်ပင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကိုပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်အဖြစ် ဖွဲ့စည်းတည် ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ စသောအသင်းအဖွဲ့များ၊ နိုင်ငံရေး သမားများ၊ ဆရာတော်များ၊ သတင်းစာဆရာများ၊ ကျောင်းသား၊ ကျောင်းသူများက တက္ကသိုလ် ဥပဒေကို မကြိုက်သည့်အတွက် ကျောင်းသားအများစု ဆန္ဒပြသပိတ်မှောက်ခဲ့သည်မှာလည်း မမေ့နိုင်စရာဖြစ်ခဲ့ ပေသည်။

ထိုစဉ်က တက္ကသိုလ်ကျောင်းသားများသည် နိုင်ငံ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထဲထဲဝင်ဝင်ပါဝင်ခဲ့ကြသည်။ ထင်ရှားသောလွတ်လပ်ရေး ကြိုးပမ်းမှုခေါင်းဆောင်များသည် ရန်ကုန်တက္ကသိုလ်မှမွေးထုတ်ပေးခဲ့ကြသူ များဖြစ်သည်။ သခင်အောင်ဆန်း၊ သခင်နု၊ သခင်ရှုမောင် အစရှိသည့်အမည်နာမအားဖြင့် ဖော်ပြ၍မကုန် နိုင်အောင်ပင်ရှိချေသည်။  မြန်မာလူမျိုးထဲမှ  ပထမဦးဆုံးသော  ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး၏ အမည်ကိုလည်း မှတ်တမ်းတင်သင့်သည်။ ထိုပုဂ္ဂိုလ်မှာ ဦးဖေမောင်တင်ဖြစ်သည်။ ထိုအချိန်က မြန်မာတွေကို အစိုးရဌာနတွေမှာ အကြီးအကဲခန့်တာ အင်မတန်ရှားပါးသည်။ ဆရာကြီးသည် မြန်မာစာပေသမိုင်း၊  မြန်မာ သဒ္ဒါ၊ မြန်မာဝါကျဖွဲ့ထုံးကျမ်း၊ ဘာသာလောကကျမ်း၊ မြန်မာဝတ္ထုတိုသမိုင်းအစနှင့် သုတေသနစာတမ်းများ  အစရှိသောမြန်မာဘာသာ၊ မြန်မာစာပေဆိုင်ရာ စာအုပ်စာတမ်းပေါင်းများစွာ ရေးခဲ့သူဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ဟုဆိုလိုက်သည်နှင့်  အင်းလျားကန်ကြီးနှင့်အတူ တက္ကသိုလ်ပရိဝုဏ်ကြီးအတွင်းမှ ဘွဲ့နှင်း သဘင်ခန်းမကြီး၊ အဓိပတိလမ်းမကြီး၊ စိန်ပန်း၊ ကံ့ကော်တို့နှင့်အလှဆင်ထားသောကျောင်းဆောင်ကြီးများ၊ လမ်းသွယ်ကလေးများ၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ခန်းမ၊ အာရ်စီအဆောင်၊ တက္ကသိုလ်စာကြည့်တိုက်ကြီး၊ တက္ကသိုလ်ဓမ္မာရုံ စသည်တို့ဖြင့် အလှတရားများဝန်းရံနေသည့်မြင်ကွင်းကို ရှုမဆုံးမြင်တွေ့ရမည်ဖြစ်သည်။ အလှပေါင်းစုံနေသောတက္ကသိုလ်ပရိဝုဏ်သည်ကား လူငယ်မောင်မယ်တို့၏အလှ၊ စာပေအမွေအနှစ်တို့၏ မြတ်နိုးဖွယ်အလှနှင့် အထူးခြားဆုံးသောအလှမှာ တက္ကသိုလ်အနုပညာအသင်း၊ အားကစားအသင်းတို့ ရှိနေခြင်းပင်ဖြစ်ပေသည်။

ရန်ကုန်တက္ကသိုလ်ကြီးမှာ မြန်မာ့သမိုင်းနှင့်အတူ ရှည်လျားသောသမိုင်းနောက်ခံရှိသော တက္ကသိုလ်ဖြစ်သည်။ စစ်ကြိုခေတ်နှင့် လွတ်လပ်ရေးရပြီးကာလ၌ ရန်ကုန်တက္ကသိုလ်သည် ပညာအရာတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့သည်။ ထို့ကြောင့် အရှေ့တောင်အာရှတွင် ပညာရှင်များလေးစား ရသော တက္ကသိုလ်ကြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံသာမက ကမ္ဘာကြီးအတွက်ပါ တန်ဖိုးရှိသောပညာရှင်များ မွေးထုတ် ပေးရာပညာ့ဗိမာန်ကြီး ဖြစ်ပေသည်။

မြန်မာနိုင်ငံ၏ သမိုင်းနှင့် ရန်ကုန်တက္ကသိုလ်သမိုင်းမှာ ခွဲခြား၍ရမည်မဟုတ်ပေ။ မြန်မာ့ပညာရေးနှင့် မြန်မာ နိုင်ငံသားတို့၏ တိုးတက်ဖြစ်ထွန်းမှုများကိုပြောလျှင် ရန်ကုန်တက္ကသိုလ်ကို ချန်လှပ်ထား၍ရမည်မဟုတ်ပေ။  ရန်ကုန်တက္ကသိုလ်၏ ကြီးမားသည့်သမိုင်းအစဉ်အလာများမှာ ပြန်လည်ထုတ်ဖော်၍ မဆုံးနိုင်ပေ။ ပြောပြ၍ မကုန်နိုင်ပေ။ တုနှိုင်းမမီသော ရန်ကုန်တက္ကသိုလ်ကြီးပါပေဟု ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့် သဘင်ကိုကြိုဆိုလိုက်ရပေသည်။    ။