ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကျင်းပ

 

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကျင်းပ

 

နေပြည်တော် ဇန်နဝါရီ  ၂၈

        ဘတ်စကက်ဘော အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပသည့်  ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌    ကျင်းပသည်။

ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ   အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအသင်းက   တနင်္သာရီတိုင်းဒေသကြီးအသင်းကို ရမှတ် ၈၃ မှတ်၊ ၁၈ မှတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ရမှတ် ၄၄ မှတ်၊ ၃၈ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက  စစ်ကိုင်းတိုင်း ဒေသကြီး အသင်းကို ရမှတ် ၈၅ မှတ်၊ ၆၉ မှတ်ဖြင့်လည်းကောင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ် အသင်းကို ရမှတ် ၆၀ မှတ်၊၁၅ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ် အသင်းကို ရမှတ် ၇၀ မှတ်၊ ၂၇ မှတ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ရမှတ် ၆၀ မှတ်၊ ၃၂ မှတ်ဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင် ရရှိကြသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။

 ၂၀၂၄ ခုနှစ်  ဇန်နဝါရီလ ၂၉ ရက် (ယနေ့)   နံနက် ၈ နာရီမှစတင်၍ ဘတ်စကက်ဘော  (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ   အုပ်စုပတ်လည်ပွဲစဉ်များ အဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့်   ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အသင်း၊ ကရင်ပြည်နယ်အသင်းနှင့်   ပဲခူးတိုင်း ဒေသကြီးအသင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အသင်းတို့   ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။