ဗီလာရီးယဲလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ယခုဘောလုံး ရာသီအကုန်တွင် အသင်းမှထွက်ခွာမည်ဟု ဘာစီလိုနာအသင်း နည်းပြဇာဗီ အတည်ပြု

 

ဗီလာရီးယဲလ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ယခုဘောလုံး ရာသီအကုန်တွင် အသင်းမှထွက်ခွာမည်ဟု ဘာစီလိုနာအသင်း နည်းပြဇာဗီ အတည်ပြု

 

    စပိန်လာလီဂါပွဲစဉ်(၂၂)အဖြစ် ကစားခဲ့သည့် ဗီလာရီးယဲလ်အသင်းနှင့်  ဘာစီလိုနာအသင်းတို့ ပွဲစဉ်တွင် ဘာစီလိုနာအသင်းအနေဖြင့် ၅ ဂိုး-၃ ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ခြေစွမ်းပိုင်း အသာဖြင့် ဖိအားပေး ကစားနိုင်သော်လည်း ပထမပိုင်းတွင်    ဗီလာရီးယဲလ်အသင်းက    နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ပြီး ဒုတိယပိုင်း၌  ဘာစီလိုနာအသင်းက ပွဲချိန် မိနစ် ၆၀ တွင် ဂန်ဒိုဂမ်၊ ပွဲချိန် ၆၈ မိနစ်တွင် ပက်ဒရီနှင့်   ပွဲချိန် ၇၁ မိနစ်တွင် ဗီလာရီးယဲလ်အသင်းမှ   ဘိုင်လီ၏   ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့သည့် သွင်းဂိုးတို့ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

သို့သော် ပွဲချိန် ၈၄မိနစ်တွင် ဂူဒက်က ဗီလာရီးယဲလ် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ပြီး ပွဲချိန် မိနစ်၉၀ အပြီး နာကျင်အချိန်ပို  ၈ မိနစ်တွင် ဆိုလွိုက်နှင့် ၁၁ မိနစ်တွင် မိုယာလက်က ဗီလာရီးယဲလ် အသင်းအတွက်     အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် ဘာစီလိုနာအသင်း အနေဖြင့် ၅ ဂိုး-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဘာစီလိုနာအသင်းကို စပိန်လာလီဂါဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့်    နည်းပြ ဇာဗီသည် ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည် ငြိမ်မှုများကြောင့်     ဖိအားများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်   စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ် ကစားခဲ့သည့်   ရီးယဲလ်မက်ဒရစ်အသင်းနှင့်   ပွဲစဉ်တွင် ၄ ဂိုး-၁  ဂိုးဖြင့်  ရှုံးနိမ့်ပြီးနောက်   နည်းပြဇာဗီ၏  အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။

ထို့နောက် စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘီလ်ဘာအို အသင်းနှင့်ပွဲစဉ်တွင် ၄ ဂိုး-၂ ဂိုးဖြင့် ဘာစီလိုနာအသင်းက  ထပ်မံရှုံးနိမ့်သကဲ့သို့  ဗီလာရီးယဲလ်အသင်းနှင့် ပွဲစဉ်တွင်လည်း    ၅ ဂိုး-၃ ဂိုး ဖြင့်   ထပ်မံရှုံးနိမ့်ခဲ့သည့်အတွက် နည်းပြဇာဗီကိုယ်တိုင်က ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှထွက်ခွာမည်ဟု ဗီလာရီးယဲလ် အသင်းနှင့်ပွဲစဉ်အပြီး၌ ပြောကြားခဲ့ကြောင်း  သိရသည်။