SKY NET  ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်  Late Thone Kaung အသင်းနှင့် Apple အသင်းတို့ ပထမဆုရရှိ

 

SKY NET  ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်  Late Thone Kaung အသင်းနှင့် Apple အသင်းတို့ ပထမဆုရရှိ

 

ရန်ကုန်  ဇန်နဝါရီ  ၂၉

    မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်က ကြီးမှူး၍ ရွှေသံလွင်မီဒီယာက စီစဉ်ကျင်းပသည့် SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် Late Thone Kaung အသင်းနှင့် Apple အသင်းတို့ ပထမဆု ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။

ယင်းပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲစဉ်များ အဖြစ် ဇန်နဝါရီလ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး   တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင် အင်ဒိုးကွင်း၌ကျင်းပရာ   အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင်   Late  Thone Kaung အသင်းနှင့် Khit Kyaung Thar  အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  Late Thone Kaung  အသင်းက Khit Kyaung Thar အသင်းကို နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးရရှိသွားသည်။

ထို့အတူ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် Late Thone Kaung  အသင်းက Kyaung Sayar အသင်းကို နှစ်ပွဲတစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲတွင် Apple အသင်းက Huamei Myanmar အသင်းကို   နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပြီး ပထမဆု ဆွတ်ခူးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီး   ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် ရွှေသံလွင်မီဒီယာမှ   တာဝန်ရှိသူတို့က ပထမဆုနှင့်   ဒုတိယဆုရရှိကြသည့် အသင်းများအား တစ်ဦးချင်းဆုတံဆိပ်၊ ချီးမြှင့်ငွေနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ SKY NET ဖိတ်ခေါ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်   အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲများပါဝင်ပြီး အမျိုးသားသုံးယောက် တွဲပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် ၂၅ သိန်း၊    ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲအတွက် ပထမဆု ငွေကျပ်သိန်း ၃၀၊ ဒုတိယဆု ငွေကျပ်သိန်း ၂၀၊  အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲအတွက်  ပထမဆု ငွေကျပ် ၁၂ သိန်းနှင့် ဒုတိယဆုငွေကျပ် ရှစ်သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။