နည်းပြဂျာဂန်ကလော့၏ လီဗာပူးအသင်း နည်းပြဘ၀ နောက်ဆုံးပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်

 

နည်းပြဂျာဂန်ကလော့၏ လီဗာပူးအသင်း နည်းပြဘ၀ နောက်ဆုံးပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်

 

လီဗာပူးအသင်းနည်းပြ  ဂျာဂန်ကလော့က  ယခု ဘောလုံးရာသီအကုန်တွင်  အသင်းမှထွက်ခွာမည်ဟု အတည်ပြု ပြောကြားပြီးနောက် နည်းပြဂျာဂန်ကလော့၏   နည်းပြဘဝ နောက်ဆုံးပွဲစဉ်အတွက်  လက်မှတ်ဈေးနှုန်းများ  အဆမတန်မြင့်တက်လာကြောင်း  သိရသည်။

နည်းပြဂျာဂန်ကလော့သည်   ၂၀၁၅   ခုနှစ်က ဒေါ့မွန်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့လာ သူဖြစ်ပြီး  အသင်းနှင့်အတူ  ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကလပ်ကမ္ဘာ့ ဖလား၊ ကာရာဘောင်းဖလား၊ ကွန်မြူနတီဒိုင်း စသည့် ဆုဖလားများစွာကို ဆွတ်ခူးပေးနိုင်ခဲ့ကာ အအောင်မြင်ဆုံး နည်းပြအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။

လီဗာပူးအသင်းနှင့်  နည်းပြဂျာဂန်ကလော့တို့၏ စာချုပ်သက်တမ်းမှာ  ၂၀၂၅  ခုနှစ်မှသာ  ကုန်ဆုံးမည်ဖြစ်သော်လည်း   အံ့အားသင့်ဖွယ် ဆုံးဖြတ်ခဲ့ပြီး ယခုဘောလုံးရာသီ အကုန်တွင်ပင် အသင်းမှထွက်ခွာမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်ကာ ၎င်း၏လီဗာပူးအသင်း နည်းပြဘဝ နောက်ဆုံးပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းများ အဆမတန်  မြင့်တက်လာခြင်းဖြစ်သည်။

အစောပိုင်းက  လီဗာပူးအသင်း၏ နောက်ဆုံးပွဲစဉ် အတွက်  လက်မှတ်ခများမှာ  စတာလင်ပေါင်  ၆၀ သာရှိသော်လည်း ယခုအခါ စတာလင်ပေါင် ၂၄၄၈၀ အထိမြင့်တက်လာပြီး ယခင်ဈေးနှုန်းထက် အဆပေါင်း ၄၀၀ ကျော်  မြင့်တက်လာကြောင်း သိရသည်။