၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကြိုတင်ပြင်ဆင် ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကြိုတင်ပြင်ဆင် ထားရှိမှုများအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ  ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊  သက်ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူ များနှင့်အတူ ယနေ့ညနေပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) သို့သွားရောက်ပြီး ၂၀၂၃ ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၁)တွင် တည်ဆောက်လျက်ရှိသော ရုပ်ရှင်အနုပညာရှင်များအတွက် ကြိုဆိုရေး မုခ်ဦး၊ ဂုဏ်ပြုခံလျှောက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ရုပ်ရှင်အနုပညာရှင်များ အတွက် ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး၊ တွေ့ဆုံမေးမြန်းရေး ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ဖျော်ဖြေရေး၊ ဆုများချီးမြှင့်ရေးနှင့် မီး၊ အသံစနစ်များ ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ရွှေကြိုမောင်မယ်များနှင့်  ပါဝင်ဖျော်ဖြေ တင်ဆက်ကြမည့်  အနုပညာရှင်များကို  ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

၂၀၂၃   ခုနှစ်အတွက်    မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၁)၌  ကျင်းပမည်ဖြစ်ပြီး  အခမ်းအနားသို့ ရုပ်ရှင်အနုပညာရှင်၊ အတတ် ပညာရှင် တစ်ထောင်ကျော် တက်ရောက်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသထားသည့် ရုပ်ရှင်ဇာတ်ကားများမှ    အကောင်းဆုံး အနုပညာရှင်၊ အတတ်ပညာရှင်များကို ရုပ်ရှင်ထူးချွန်ဆုများ   ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။