(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ကျင်းပမည်

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ကျင်းပမည်

 

ရန်ကုန်  ဇန်နဝါရီ  ၃၀

    မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရိုးရာ မြင်းစီးအားကစား ကော်မတီ၏ ပံ့ပိုးမှုဖြင့်ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပြည်ထောင်စု တံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲကို   ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ အသားကျစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာဓားခုတ် (ငှက်ပျောပင်ခုတ်) စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံပစ် (စက်ပစ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံထိုး (စက်ထိုး) စီးနင်းပြိုင်ပွဲ၊ International Show Jamping ပြိုင်ပွဲ၊ International Dressage ပြိုင်ပွဲ၊ Children Pole Work ပြိုင်ပွဲ၊ Grooming သင်တန်းနှင့် အဖွဲ့လိုက် Grooming ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

ပြိုင်ပွဲသတ်မှတ်ချက်များ အနေဖြင့် မြန်မာ့ရိုးရာဒုန်းပြိုင်ပွဲ   အမျိုးအစား တစ်မျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်သော မြင်းအား အခြားမည်သည့်ပြိုင်ပွဲ အမျိုးအစားမျှ ထပ်မံယှဉ်ပြိုင်ခွင့် မပြုကြောင်း၊ အခြားသောပြိုင်ပွဲ အမျိုးအစားတစ်ခုခုတွင် ပါဝင်သော ပြိုင်ပွဲဝင် မြင်းတစ်ကောင်သည် နောက်ပြိုင်ပွဲနှစ်မျိုး စုစုပေါင်းသုံးမျိုးအထိ ယှဉ်ပြိုင်ခွင့်ပြုသော်လည်း အဖွဲ့ချုပ်တိ/ကုဆေးအဖွဲ့က စစ်ဆေးခွင့်ပြုမှသာ  ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ Show Jumping တွင်ပါဝင်သောမြင်းကို Dressage ပြိုင်ပွဲမှလွဲ၍ အခြားမည်သည့်ပြိုင်ပွဲ အမျိုးအစားတွင်မျှ ယှဉ်ပြိုင်ခွင့်မပြုကြောင်း၊ ပြိုင်ပွဲတစ်မျိုးတွင် အနည်းဆုံးပြိုင်ပွဲဝင် အတွဲလေးတွဲရှိမှသာ ပြိုင်ပွဲဖြစ် မည်ဖြစ်သော်လည်း တိုင်းဒေသကြီးတစ်ခုတည်း၊   ပြည်နယ်တစ်ခုတည်းမှ အတွဲလေးတွဲဖြစ်ပါကလည်း ပြိုင်ပွဲမဖြစ်ကြောင်း သတ်မှတ်ထားသည်။

အဆိုပါမြင်းစီးပွဲတော်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပ၍ ၅ ရက်မှ ၁၂ ရက်အထိ ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကာ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို   ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲများအပြီး မြင်းများ လေလံတင်ရောင်းချခြင်း အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။