ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကျင်းပ

 

ပြည်နယ်နှင့်တိုင်း ဒေသကြီး ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကျင်းပ

 

နေပြည်တော် ဇန်နဝါရီ ၃၀

    ဘတ်စကက်ဘော အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး တို့ကို ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (၅_၅) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ 

ယနေ့ ဘတ်စကက်ဘော(အမျိုးသား/အမျိုးသမီး) (၅_၅) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပဲခူး တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ် အသင်းကို ရမှတ် ၅၉ မှတ်၊ ၅၆ မှတ်ဖြင့် လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ရမှတ် ၈၆ မှတ်၊ ၂၂ မှတ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ရမှတ် ၈၃ မှတ်၊ ၃၃ မှတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ရမှတ် ၁၀၀ မှတ်၊ ၇၉ မှတ်ဖြင့် လည်းကောင်း၊ (အမျိုးသမီး) ပြိုင်ပွဲတွင်  စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို ရမှတ် ၇၁ မှတ်၊ ၃၂ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ရမှတ် ၅၆ မှတ်၊ ၃၁ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကိုရမှတ် ၅၂ မှတ်၊ ၂၅ မှတ်ဖြင့် လည်းကောင်း၊  မကွေးတိုင်းဒေသကြီး အသင်းက ကရင်ပြည်အသင်းကို ရမှတ်၆၃ မှတ်၊ ၁၆ မှတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးကြသည်။ 

၂၀၂၄  ခုနှစ်  ဇန်နဝါရီလ  ၃၁  ရက် (ယနေ့)  နံနက် ၈ နာရီမှစတင်၍ ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) (၅_၅)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဘတ်စကက်ဘော (အမျိုးသား/အမျိုးသမီး) (၃_၃)ပြိုင်ပွဲ တတိယလုပွဲ၊ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ပြီး အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။