နည်းပြကလော့ လီဗာပူးအသင်းမှ ထွက်ခွာရန် ကြေညာပြီးနောက် အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည့် အစီအစဉ်ကို ခံစစ်ကစားသမား ဗန်ဒိုက် ပြန်လည်ရပ်ဆိုင်း

 

နည်းပြကလော့ လီဗာပူးအသင်းမှ ထွက်ခွာရန် ကြေညာပြီးနောက် အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည့် အစီအစဉ်ကို ခံစစ်ကစားသမား ဗန်ဒိုက် ပြန်လည်ရပ်ဆိုင်း

 

    လီဗာပူးအသင်း အဓိက ခံစစ်ကစားသမား ဗန်ဒိုက်သည် အစောပိုင်းက အသင်းနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်  စီစဉ်ထားသော်လည်း  အသင်းနည်းပြ ကလော့က ယခုဘောလုံးရာသီ အကုန်တွင် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြု ကြေညာပြီးနောက်   ၎င်းကလည်း အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည့် အစီအစဉ်ကို ပြန်လည်ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် ဗန်ဒိုက်သည် ၂၀၁၈ ခုနှစ်က နည်းပြကလော့၏ ခေါ်ယူမှုနှင့်အတူ ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘောလုံးရာသီတိုင်းတွင် နည်းပြကလော့၏ အဓိက ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်သည်။

ဗန်ဒိုက်သည်   လီဗာပူးအသင်း  နောက်ပိုင်းနှစ်များတွင်   ဆုဖလားများ ပြန်လည်ဆွတ်ခူးနိုင်ခဲ့ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့ရာတွင် အဓိက ခံစစ်ကစားသမား တစ်ဦးအဖြစ် ပါဝင်ခဲ့သည့်အပြင် လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင်လည်း အကောင်းဆုံး ခံစစ်ကစားသမားများထဲတွင် တစ်ဦးအပါအဝင် ရပ်တည်လျက်ရှိသည်။

လက်ရှိ  လီဗာပူးအသင်းနှင့်   ဗန်ဒိုက်တို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက်   လီဗာပူးအသင်းက  မကြာမီ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်ထားသော်လည်း နည်းပြကလော့ ထွက်ခွာမှုမည်ဖြစ်၍ ဗန်ဒိုက်ကလည်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။