ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တက်ရောက်

 

ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တက်ရောက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂

    အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံး နည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။  

 သင်တန်းဖွင့်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ခြင်းလုံးခတ်ပညာသည်  မြန်မာလူမျိုးများ၏  မူပိုင်အားကစားတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာ့အလယ်တွင် ခြင်းလုံးပညာကို ပြိုင်ပွဲအသွင်နှင့် နည်းစနစ်မှန်ကန်စွာ  ခတ်ကစားပြသခဲ့ပြီး   ဆက်လက်တိုးတက် ပြန့်ပွားနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ပြိုင်ပွဲများတွင် ထည့်သွင်းကျင်းပနိုင်ရေး စည်းရုံးဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊   နိုင်ငံတော်မှလည်း လိုအပ်သည့်ပံ့ပိုး ကူညီမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   သင်တန်းသား၊  သင်တန်းသူများ အနေဖြင့်  သင်တန်းဆရာများမှ   သင်ကြားပို့ချပေးသည့် စာတွေ့/လက်တွေ့ သင်ခန်းစာများကို ဂရုတစိုက်လေ့လာ မှတ်သားလိုက်နာ ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။

ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းကို ဖေဖော်ဝါရီလ  ၂  ရက်မှ ၉ ရက်အထိ   နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း Multipurpose  Hall  ၌  သင်တန်းသား၊ သင်တန်းသူ  ၄၈  ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။