အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ ပြီးဆုံးချိန်တွင် ချန်ပီယံဆုအတွက် ရေပန်းစားနေသည့် ဂျပန်အသင်း ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရ

 

အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ ပြီးဆုံးချိန်တွင် ချန်ပီယံဆုအတွက် ရေပန်းစားနေသည့် ဂျပန်အသင်း ကွာတားဖိုင်နယ် အဆင့်မှ ထွက်ခွာခဲ့ရ

 

    ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များပြီးဆုံးချိန်တွင်   ချန်ပီယံဆုအတွက် ရေပန်းစားနေသည့်  ဂျပန်အသင်း  ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရပြီး   လက်ရှိချန်ပီယံကာတာ အသင်းက ဆီမီးဖိုင်နယ်အဆင့်သို့   တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ပွဲစဉ်များ  အဖြစ် တာဂျစ်ကစ္စတန် အသင်းနှင့် ဂျော်ဒန်အသင်းတို့ ကစားခဲ့ရာ ဂျော်ဒန်အသင်းက ၁ ဂိုး - ဂိုးမရှိဖြင့်အနိုင် ရရှိသကဲ့သို့  သြစတြေးလျအသင်းနှင့်  တောင်ကိုရီးယားအသင်းတို့ ကစားရာတွင် တောင်ကိုရီးယားအသင်း က ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။

အလားတူ ချန်ပီယံဆုအတွက် ရေပန်းစားလျက်ရှိသည့်  ဂျပန်အသင်းနှင့်  အီရန်အသင်းတို့ ပွဲစဉ်တွင် ဂျပန်အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူခဲ့သည့် မိုရီတာ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၅၅ မိနစ်တွင် မိုဟီဘီက အီရန်အသင်းအတွက် ချေပ ဂိုးသွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် မိနစ်  ၉၀  အပြီး  နာကျင် အချိန်ပို ၆ မိနစ်တွင်  ဂျာဟန်ဘာချာက ပယ်နယ်တီ မှတစ်ဆင့် အီရန်အသင်းအတွက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သောကြောင့်  ဂျပန်အသင်းက  ၂  ဂိုး- ၁  ဂိုးဖြင့်  ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

အလားတူ   လက်ရှိချန်ပီယံ  ကာတာအသင်းနှင့် ဥဇဘတ်ကစ္စတန်အသင်းတို့ ပွဲစဉ်တွင်လည်း  ပွဲချိန် မိနစ် ၉၀ နှင့် အချိန်ပို မိနစ် ၃၀ တွင် တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သည့်အတွက်  ပယ်နယ်တီကစားရာ  ကာတာအသင်းက ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလားပြိုင်ပွဲ  ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များ အဖြစ် ဖေဖော်ဝါရီလ ၆ ရက်တွင် တောင်ကိုရီးယား နှင့် ဂျော်ဒန်အသင်း၊  ဖေဖော်ဝါရီလ  ၇  ရက်တွင် ကာတာအသင်းနှင့်  အီရန်အသင်းတို့  ကစားမည်ဖြစ်ကြောင်း သိရသည်။