AA အဖွဲ့ လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့်ပတ်သက်၍ ထွက်ဆိုချက်များ

 

AA အဖွဲ့ လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့်ပတ်သက်၍ ထွက်ဆိုချက်များ

 

    နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ်စု တစ်ခုလုံးကို အန္တရာယ်ဖြစ်စေတဲ့ မူးယစ်ဆေးဝါး  သယ်ဆောင်ရောင်းဝယ်မှုများကို ထိရောက်စွာတားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။  ဒါ့အပြင် မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိတဲ့ လမ်းကြောင်းများမှာ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့် လုပ်ဆောင်နေစဉ် အတွင်းမှာပဲ AA အဖွဲ့မှ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်းဖိုးရှိတဲ့ အိုက်စ်မက်အဖက်တမင်း ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုတို့ကို  ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်ကို ကုန်းလမ်းရေလမ်းတို့ဖြင့် အဆင့်ဆင့် သယ်ဆောင်ရောင်းဝယ်မှု ပြုလုပ်နေသူများကို မူးယစ်ဆေးဝါးများနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့၏ထွက်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့  မူးယစ်ဆေးဝါးများ   သယ်ဆောင်ပေးခဲ့သူ AA မှ မအိအိခင်(ခေါ်)မအိ၏ ဝန်ခံထွက်ဆိုမှု

        ကျွန်မတို့ လားရှိုးမှာ မောင်နိုင်ဆိုတဲ့ လူကို နန်းရွှေဖြူနဲ့ကျွန်မနဲ့ သွားတွေ့တယ် ဒီလုပ်ငန်းကိုစပြီးတော့။  အလုပ်လည်း မရှိဘူး၊   အဆင်လည်း မပြေဘူးဆိုပြီး အလုပ်ရှိတယ်၊ လုပ်မလားဆိုတော့ ကျွန်မနဲ့ နန်းရွှေဖြူ  အဲဒီမှာ သွားတွေ့ဖြစ်တယ်။ သွားတွေ့ဖြစ်တဲ့အချိန်မှာ သူက သိန်း ၁၀၀ ရမယ်၊ အားလုံးအပြီးအစီးပေါ့နော်။ အဲဒါနဲ့ ကျွန်မတို့လည်း စီးပွားရေးကျပ်နေတော့ လက်ခံလိုက်တယ်။   မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘိန်းဖြူလား၊ ဘိန်းမည်းလားလို့ မေးသေးတယ်။ အဲဒါတွေ မဟုတ်ပါဘူးတဲ့။ သေချာထုပ်ပိုးပြီးမှ အားလုံးစီစဉ် ပေးလိုက်မယ်တဲ့။ အဆင်သင့် ကားပေါ်တင်သွားရုံပဲတဲ့။ နန်းရွှေဖြူက တောထဲမှာပစ္စည်း သွားယူတယ်။ သွားယူပြီးတော့ ကျွန်မတို့ လားရှိုးမှာ ကားကယ်ရီငှားတယ်။  ငှားပြီးတော့ အဲဒီကားမှာတင်တယ်။ သူ့ကားမှာလည်း တင်တယ်။ ကျွန်မကားမှာလည်းတင်တယ်။ ၂ စီးတင်ပြီးတော့ ကျွန်မတို့ အောင်ပန်းအထိကို အဲဒီကားနဲ့လာခဲ့တယ်။  အဲဒီကားကို ၆ သိန်းနဲ့ငှားပေးတယ်။ ကျွန်မတို့ အရင်တစ်ခေါက်က လမ်းကြောင်းကြည့်ရင်းနဲ့  အနည်းအကျဉ်း သယ်ခဲ့ဖူးတယ်။  နန်းရွှေဖြူနဲ့အတူတူပေါ့။    အန္တရာယ်မဖြစ်ဘူးဆိုတော့ ကျွန်မတို့ ဒီတစ်ခေါက် ထပ်သယ်တာပေါ့။

ကျွန်မတို့ ရန်ကုန်ရောက်လာတဲ့အချိန် ညကြီးရောက်တာပေါ့ မနက်မိုးလင်း ရောက်တော့ နန်းရွှေဖြူက ဖုန်းကချိတ်ပြီးသွားပြီ၊ ပြီးတော့ သူကထွက်သွားတယ်။ ဘယ်ရောက်သွားပြီလဲမေးတော့ ၁၀ မိုင်ကုန်းမှာ ပစ္စည်းသွားပို့နေတယ်တဲ့။ အဲဒီအချိန်မှာ ကျွန်မက သူထသွားတဲ့အချိန်  ကျွန်မနဲ့ရန်ဖြစ်လို့  ကျွန်မကို မခေါ်သွားတော့ဘူး။ ခဏနေကျ ကျွန်မပြန်ဆက်လိုက်တော့  လိုက်သွားလိုက်ပါဦးမယ် ဆိုပြီး ဖုန်းဆက်လိုက်တော့ ၁၀ မိုင်ကုန်းမဟုတ်ဘူး၊ ဓညင်းကုန်းဘက် ရောက်သွားပြီတဲ့။ ဓညင်းကုန်းမှာသွားပို့တယ်တဲ့။ ဓညင်းကုန်းဈေးကို လိုက်ခဲ့ဆိုလို့ ကျွန်မ တက္ကစီနဲ့လိုက်သွားတယ်။

ကျွန်မတို့ လားရှိုးကနေ ထွက်လာတယ်။ နမ်ပေါင်လမ်းက   မိုင်းရယ်- နမ်ပေါင်-အင်တော-ကျောက်ဂူ-ရပ်စောက်၊ ရပ်စောက် မရောက်ခင်တောထဲမှာ ထမင်းဆိုင်ရှိတဲ့ ရေပူစမ်းရှိတဲ့နေရာမှာ တစ်ညအိပ်သေးတယ်။  တစ်ညအိပ်ပြီး မနက်ကျတော့ ရပ်စောက်ကိုဖြတ်ပြီး အောင်ပန်းကို ရောက်တယ်။ အောင်ပန်းရောက်တော့ ရန်ကုန်က တစ်ညကြိုစောင့်နေတဲ့ ကားရှိတယ်။ အဲဒီကားနဲ့ ကျွန်မတို့ ချိန်းပြီးတော့ ဆက်လာခဲ့တယ်။ ကားဆရာက ရန်နိုင်စိုးပါ၊ မနက်ကျမှပဲ ကိုနိုင့်ဘက်က ဖုန်းဆက်လာတယ်... အေး ရောက်ပြီ၊ ညက ကားဘီးကပေါက်လို့ မိုးလည်း အရမ်းချုပ်တာနဲ့ အိပ်လိုက်တယ်။

ငါလည်း ပြန်မဆက်တော့ဘူးပေါ့။ အဲလို ပြောလိုက်တော့ အင်း... ဟုတ်ပြီတဲ့၊ အစ်မရောက်ပြီဆိုရင် ဖုန်းတစ်လုံးပေးမယ်နော်တဲ့ပြီး ဖုန်းတစ်လုံး ပေးတယ်၊ အဲ့ဖုန်းကို ဆက်လိုက်တဲ့၊  အဲ့ဖုန်းကိုဆက်လိုက်တော့ ကျွန်မကိုနောက်ထပ် ဖုန်းတစ်လုံးထပ်ပေးတယ်။ အဲ့ဖုန်းက နောနော် ဆိုတဲ့ ရခိုင်လေး ဖုန်းပေါ့ အဲ့ဖုန်းကိုဆက်ပြီးတော့ ပစ္စည်းလာယူခိုင်းတယ်၊   ဓညင်းကုန်း လမ်းဆုံမှာပေါ့၊ နောင်တရတယ် ၊ အိမ်က မိသားစုတွေ သိသွားတော့ ပိုဆိုးတာပေါ့၊ အခုလိုမျိုးဖြစ်သွားတော့ နောင်တ အရမ်းရတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးများကို လက်ခံရန်နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ရန် လိုအပ်သည့် စီစဉ်ညွှန်ကြားမှုများကို လုပ်ဆောင်ပေးခဲ့သည့် AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး(ခ) သားသား (ခ) ဝေသာထွန်းရဲ့ သူငယ်ချင်းဖြစ်သူ ဦးလှဝင်း(ခ)သားကြီးရဲ့ ဝန်ခံထွက်ဆိုမှု

        AA တပ်ဖွဲ့ဝင်  ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) သားသားရဲ့ ခိုင်းစေချက်အရ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ပို့မယ့် မူးယစ်ဆေးဝါးတွေကို တာဝန်ယူပြီးတော့ ပို့ဆောင်ပေးရပါတယ်။ ကျော်မြတ်ဦး (ခ) သားသားနဲ့ ကျွန်တော်နဲ့ငယ်ငယ်တုန်းက အိမ်နီးနားချင်း သူငယ်ချင်းတွေပါ။ ၂၀၂၃  သြဂုတ်လ ပထမပတ်မှာ ကျော်မြတ်ဦး (ခ) သားသားကနေ ဖုန်းဆက်သွယ်လာပါတယ်။ မူးယစ်ဆေးဝါးတွေ ရောက်တော့မယ်ဆိုပြီးတော့ ပြောပါတယ်။   AA အဖွဲ့မှ သူ့တပည့်  ဒုဗိုလ်နောနော် ဖုန်းနံပါတ် ပေးပါတယ်။ သူဆက်သွယ် လာလိမ့်မယ်လို့လည်း ပြောပါတယ်။ နောနော် ဖုန်းဆက် ပြီးတော့ ကျွန်တော်နဲ့ အချိတ်အဆက်ရပါတယ်။ ကားသမားတွေ ဖုန်းဆက်လာပါတယ်။ အဲဒီမှာ ကျွန်တော့်ကားသမားတွေနဲ့ AA အဖွဲ့မှ ဒုဗိုလ်နောနော်နဲ့ ချိတ်ဆက်ပေးလိုက်ပါတယ်။   ဒုဗိုလ်နောနော်က မူးယစ်ဆေးဝါးတွေ သွားယူပါတယ်။ ဂိုဒေါင်ကိုရောက်တဲ့ အချိန်မှာသူ ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ အိုက်စ်မူးယစ်ဆေးဝါး ၂၅ အိတ် ဂိုဒေါင်ထဲရောက်ပြီဆိုပြီး ပြောပါတယ်။ ကျော်မြတ်ဦး (ခ) သားသား မှာထားတဲ့အတိုင်း အိုက်စ် မူးယစ်ဆေးဝါး ၁ ကီလိုထုပ်တွေကို ဂျပ်ဖာကနေပြီးတော့ သေချာထုပ်ပိုးဖို့   AA အဖွဲ့မှ  ဒုဗိုလ် နောနော်ကို ကျွန်တော် ပြန်ပြောပြလိုက်ပါတယ်။ နောက် ဒုတိယအကြိမ်အဖြစ် ၂၀၂၃ သြဂုတ်လ တတိယအပတ်မှာ သားသား(ခ)ကျော်မြတ်ဦးက မူးယစ်ဆေးဝါးတွေ  ထပ်ရောက်ဖို့ဆိုပြီးတော့ ဖုန်းဆက်လာပါတယ်။ ဒုဗိုလ်နောနော်က နေပြီးတော့ အဲ့ကားသမားနဲ့ ဖုန်းဆက်ပြီးတော့ ပစ္စည်းသွားယူပါတယ်။ ဂိုဒေါင်ရောက်တဲ့အချိန်မှာ ကျွန်တော့်ကိုဖုန်းပြန်ဆက်ပါတယ်။ အိုက်စ် မူးယစ်ဆေးဝါး ၁၆ အိတ် လက်ခံရရှိတယ်ဆိုပြီးတော့ ပြောပါတယ်။ သြဂုတ်လ စတုတ္ထအပတ်မှာ ကျော်မြတ်ဦး (ခ) သားသားက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။ ဂိုဒေါင်မှ ပစ္စည်းတွေကို တနင်္သာရီ သင်္ဘောပေါ်ကို ချပေးဖို့ပြောပါတယ်။ ကျွန်တော်က ဒုဗိုလ်နောနော်ကို ဖုန်းဆက်ပြီးတော့ ဂိုဒေါင်ထဲကပစ္စည်းတွေကို ရွှေပြည်သာရှိ မုတ္တမ ဆိပ်ကမ်းကို ချဖို့အတွက် ကျွန်တော်ပြောပါတယ်။ ကားငှားပြီး ချပေးလိုက်လို့ပြောပါတယ်။ သူချပေးပြီးတဲ့ အချိန်ကျတော့ ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ပစ္စည်းတွေ ချပေးပြီးပြီဆိုပြီးတော့၊ အဲဒီအချိန်မှ AA ကနေ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ကျော်မြတ်ဦး (ခ) သားသားက လူကြုံနဲ့ ကျွန်တော့်ကို ပိုက်ဆံ သိန်း ၁၀၀ ပေးခိုင်းပါတယ်။ ဒီ သြဂုတ်လအတွက် လုပ်ဆောင်ချက်ဆိုပြီးတော့ ပြောပါတယ်။ ၂၀၂၃  နိုဝင်ဘာလ ပထမအပတ်မှာ သားသား (ခ) ကျော်မြတ်ဦးက ကျွန်တော့်ကို ထပ်ပြီး ဆက်သွယ်လာပါတယ်။ မူးယစ်ဆေးဝါးတွေ ထပ်ရောက်မယ်ဆိုပြီး ပြောပါတယ်။ ကားသမားဖုန်းနံပါတ်လည်း ပေးပါတယ်။  အဲဒီအချိန်မှာ ကားသမားဖုန်းနံပါတ်နဲ့    ကျွန်တော့် ကားသမားနဲ့ အဆက်အသွယ်ရပါတယ်။

၉ မိုင် Ocean နားမှ ပစ္စည်းပေးဖို့ ပြောပါတယ်။ ကျွန်တော် ဗဗ အဖွဲ့က ဒုဗိုလ် နောနော်ကို ဖုန်းဆက်ပြီးတော့ ၉ မိုင် Ocean  နားကို ခေါ်လိုက်ပါတယ်။ ဟိုတယ်ကိုတော့ မမှတ်မိပါဘူး။ မြေအောက် ကားပါကင်မှာ နေပြီးတော့ ကားရှိတယ်ဆိုပြီး ပြောပါတယ်။ လူတော့မတွေ့ရပါဘူး။    နောနော်ကို ကျွန်တော်အဲဒီမှာ ကား  Super Custom ကားတစ်စီး သွားယူလိုက်ဆိုပြီးတော့ နောနော် ကားကို ယူသွားပါတယ်။ အိုက်စ်မူးယစ်ဆေးဝါး ပီနံအိတ် ၅၇ အိတ် ရရှိတယ်ဆိုပြီး ပြောပါတယ်။  နိုဝင်ဘာလ ဒုတိယအပတ်မှာ AA အဖွဲ့မှ ဒုဗိုလ်နောနော် ကနေပြီးတော့ ဖုန်းဆက်ပြီးတော့ ပီနံအိတ် ၄၀ လက်ခံ ရရှိကြောင်းကို ကျွန်တော့်ကိုပြောပါတယ်။

နောက် တစ်ရက် နှစ်ရက်နေတော့ နောနော် ကနေပြီးတော့  ရွှေပြည်သာ စက်မှုဇုန် ကော်မတီကနေပြီးတော့ ဂိုဒေါင်တွေကို ဝင်ပြီး စစ်ဆေးရေး လုပ်မယ်ဆိုပြီး ဖုန်းဆက်ပါတယ်။ ကျွန်တော်ကနေ သားသားကို ဖုန်းဆက်ပြီး  အကြောင်းကြားပါတယ်။ နောနော်ကတော့ ဂိုဒေါင်ထဲမှာ ဘိလပ်မြေတွေ ထည့်ထားချင်တဲ့ အကြောင်း ပစ္စည်းတွေကို ကားပေါ်မှာတင်ထားပြီး ရွှေ့ထားချင်တဲ့အကြောင်း ပြောပါတယ်။ သားသားကို ပြောလိုက်တဲ့အခါကျတော့ သားသားက ကားဝယ်လိုက်လို့ ပြောပါတယ်။ ဘိလပ်မြေ  လည်း ဝယ်ပေးလိုက်လို့ပြောပါတယ်။ ကျွန်တော်က ကားရှာပြီး Canter အမျိုး အစား Box ကား အမျိုးအစားတစ်စီး ရှာလိုက်ပါတယ်။ သိန်း ၃၂၀ ကျပါတယ်။ ဘိလပ်မြေက ၄၉ သိန်းကျပါတယ်။ အဲဒီ ပိုက်ဆံတွေကိုတော့ သားသား ဖုန်းအဆက် အသွယ်နဲ့ ဆက်သွယ်ပေးပြီး အင်းစိန် ဈေးနားမှာ ငွေသား လာပေးပါတယ်။ အခု ဝယ်ထားတဲ့ Canter အမျိုးအစား Box ကားပေါ်ကို  အဲဒီမူးယစ်ဆေးဝါးတွေ၊  ဂျပ်ဖာတွေ ရောက်နေတဲ့ပစ္စည်းတွေကို တင်လိုက်ပါတယ်။ တင်ခိုင်းပြီးတော့ လမ်းမတော်ဘက်ကို မောင်းခိုင်းပါတယ်။ လမ်းမတော်မှာ ၇ ရက်၊ လမ်းမတော်ကနေ အခြား ပန်းဘဲတန်းဘက်မှာ ၇ ရက်နဲ့ အဲလို ရွှေ့ပြီး ကားက ကလပ်မကောင်းတော့ တောင်ဥက္ကလာရဲ့ မေတ္တာလမ်းက ဝပ်ရှော့ တစ်ခုမှာ ကလပ်သွားပြင်ပါတယ်။ အဲဒီမှာပဲ ဖမ်းမိသွားပါတယ်။ ဒါပေမဲ့ နောနော်ရဲ့ ပြောကြားချက်အရတော့ အဲဒီလထဲမှာ သူ ၃ ကြိမ် လက်ခံထားတာ ပီနံအိတ် ၃၈ အိတ် လက်ခံရရှိတယ်လို့ ပြောပါတယ်။ နိုဝင်ဘာလ ဒုတိယပတ်မှာ AA အဖွဲ့က ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ သားသား(ခ) ကျော်မြတ်ဦးက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။ AA အဖွဲ့မှ ဒုဗိုလ် နောနော်တို့နဲ့ ဆက်သွယ်ပြီး နောနော်တို့နဲ့အတူ လက်တွဲလုပ်ဖို့အတွက်ကို စိုးထွန်းကို လွှတ်လိုက်မယ်ဆိုပြီး ပြောပါတယ်။ စိုးထွန်း ကို အိမ်တစ်လုံးငှားပေးဖို့ ကျွန်တော်နဲ့ စိုးထွန်းနဲ့ မြောက်ဒဂုံမှာ သွားရှာပြီး ၃၄ ရပ်ကွက်မှာ စိုးထွန်း ကြိုက်တဲ့အိမ်ကို တွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ အဲဒီမှာ ၁ လကို ၆ သိန်းခွဲနဲ့ ၁ နှစ် စာချုပ်ချုပ်ဖို့အတွက် သားသားဆီကနေ ပိုက်ဆံ လူကြုံနဲ့ လာပေးပါတယ်။ ၂၀၂၂  ဖေဖော်ဝါရီလမှာ သားသား(ခ)ကျော်မြတ်ဦးက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။ မူးယစ်ဆေးဝါးတွေ ရေကြောင်းက သယ်မယ့်အကြောင်း ပြောပါတယ်။ အဲဒီအချိန်မှာ သူက သင်္ဘောလိုတယ်ဆို သင်္ဘောဝယ်လိုက်လို့ ပြောပါတယ်။ လူကိုလည်း လွှတ်ပေးမယ်လို့ပြောပါတယ်။ တနင်္သာရီအမည်ရှိ သင်္ဘော ၁ စင်း အဆက်အသွယ်ရပါတယ်။ စက်လှေကတော့ သိန်း ၈၀၀ တောင်းပါတယ်။ သူ လူကြုံနဲ့ သူ့အဆက်အသွယ်နဲ့ ကျွန်တော့်ကို ပိုက်ဆံသိန်း ၈၀၀ လာပေးပါတယ်။ ၂၀၂၃ သြဂုတ်လထဲမှာပဲ ဒီတနင်္သာရီအမည်ရှိ သင်္ဘောနဲ့ ပထမဦးဆုံး အကြိမ် မူးယစ်ဆေးဝါးတစ်ကြိမ် ပို့ပြီးသွား ပါပြီ။ AA တပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးဝါး ထားမယ့် ဂိုဒေါင်တွေ ရွှေ့ပြောင်းမယ့် Box ကားတွေ AA တပ်ဖွဲ့ဝင်တွေနေမယ့်အိမ် တွေ သင်္ဘောတွေ ဝယ်မယ့် ပိုက်ဆံကိုရော ကျွန်တော့်အတွက် အကျိုးဆောင်ခသိန်း ၁၀၀ ကိုရော AA စီးပွားရေးတာဝန်ခံ ကျော်မြတ်ဦး(ခ)သားသားက ပေးပါတယ်။ ဒီ AA ရဲ့ မူးယစ်ဆေးဝါး ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုတော့ သူတို့အဖွဲ့ရဲ့ လက်နက် ခဲယမ်းတွေ၊ လူတွေစုဆောင်းတယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ AA အဖွဲ့နဲ့ ပူးပေါင်းပြီး သယ်ဆောင်တဲ့ကိစ္စတစ်ခုမှာ တိုင်းပြည်နဲ့လူငယ်တွေအတွက် ကျွန်တော် များစွာ နောင်တရမိပါတယ်။

AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး အဆင့်ရှိ ကျော်မြတ်ဦး (ခ)သားသား(ခ) ဝေသာထွန်းရဲ့ တိုက်ရိုက်စေခိုင်းမှုနဲ့ ရန်ကုန် မြို့ကိုရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးများ ကို သွားရောက်ယူဆောင်မှုများနဲ့ ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင်နိုင်ရေး တို့ကို ကိုယ်တိုင်ဆောင်ရွက်ခဲ့သည့် AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ ကျော်စိုး(ခ) နေလင်းထွန်း(ခ)နောနော်ရဲ့ ဝန်ခံထွက်ဆိုမှု

       ကျွန်တော် AA တပ်ဖွဲ့ဝင် ဒုဗိုလ်အဆင့် ကျော်စိုး(ခ) နေလင်းထွန်း(ခ) နောနော် ဖြစ်ပါတယ်။   ကိုယ်ပိုင်အမှတ်၊   ၀၁၀၄ ဖြစ်ပါတယ်။ AA အဖွဲ့ကို   ရောက်ခဲ့ကတည်းက ၂၀၁၀ ပြည့်နှစ်မှာ စစ်ပညာသင်တန်း ၄၅ ရက်တက်ခဲ့ပါတယ်။ ပြီးတော့ တာဝန်တွေ က တပ်စိတ်ထဲမှာ ရဲဘော်ဘဝနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော် စိန်ယုဘုံ  တောင်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ဖို့ လိုက်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အထိ AA တပ်စခန်းမှာ စိုက်ပျိုးမွေးမြူရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ AA တပ်ဖွဲ့ဝင် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး သားသား(ခ) ကျော်မြတ်ဦး(ခ)ဝေသာထွန်းက ကျွန်တော့် ကို  ရန်ကုန်မှာ  မူးယစ်ဆေးဝါး လုပ်ဖို့ အတွက် လွှတ်လိုက်ပါတယ်။ AA တပ်ဖွဲ့ ဗိုလ်မှူးကြီး သားသား(ခ)ကျော်မြတ်ဦး(ခ)ဝေသာထွန်းက ကျွန်တော့်ကို ရွှေပြည်သာ  မှာ ဂိုဒေါင်တစ်လုံးကို ငှားပြီးတော့ မူးယစ်ဆေးဝါး လုပ်ရမယ်လို့ ကျွန်တော်တို့ကိုပြော ခဲ့ပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမှာ ဂိုဒေါင်ကို တစ်လ ၂၅ သိန်းနဲ့ငှားပြီးတော့  ဂိုဒေါင်မှာ မူးယစ်ဆေးဝါးကို သိုလှောင်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးကို ဂိုဒေါင်ထဲမှာ လှောင်ပြီးတော့ ကျွန်တော်တို့က ရွှေပြည်သာမြို့နယ် မုတ္တမဆိပ်ကမ်းကို သင်္ဘော ရောက်တာနဲ့ ဂိုဒေါင်ထဲက မူးယစ်ဆေးဝါးကို သင်္ဘောထဲမှာချခဲ့ပါတယ်။ AA စီးပွား ရေးတာဝန်ခံ ဗိုလ်မှူးကြီး သားသား(ခ) ကျော်မြတ်ဦး (ခ)ဝေသာထွန်းက သန်းဝင်း (ခ)ရန်နိုင်က တစ်ဆင့် မူးယစ်ဆေးဝါးကို  လက်ခံရမယ်လို့ ပြောပါတယ်။ ၈ လပိုင်း ၅ ရက်နေ့ ဓညင်းကုန်းလမ်းဆုံမှာ ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး ၆၂၀ တစ်ကြိမ်၊ သြဂုတ်လ ၁၅ ရက်မှာ ဓညင်းကုန်းလမ်းဆုံ မှာ အိုက်စ်မူးယစ်ဆေးဝါး အထုပ် ၁ ကီလို ပါအထုပ် ၄၀၀ တစ်ကြိမ်၊ နိုဝင်ဘာလ ၇ ရက် နေ့ AA စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီး သားသား (ခ)ကျော်မြတ်ဦး (ခ) ဝေသာထွန်း က ဖုန်းဆက်ခဲ့ပြီးတော့ ၉ မိုင် Ocean ဟိုတယ် ကားပါကင်ထားတဲ့နေရာမှာ ကျွန်တော်မူးယစ်ဆေးဝါး ၁ ကီလိုပါ အထုပ် ၁၄၀ တစ်ကြိမ်၊ နိုဝင်ဘာလ ၁၀ ရက် နေ့ ဓညင်းကုန်း လမ်းဆုံဈေးနားမှာ မူးယစ် ဆေးဝါးပီနံအိတ် ၄၀ တစ်ကြိမ်၊ နိုဝင်ဘာ လ၂၃ ရက်နေ့ ဓညင်းကုန်းလမ်းဆုံမှာ ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး ၁၇၅ ထုပ် ၁ ကြိမ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဓညင်း ကုန်းလမ်းဆုံမှာ ၁ ကီလိုပါ အိုက်စ်မူးယစ် ဆေးဝါး အထုပ် ၉၀ တစ်ကြိမ်၊ နိုဝင်ဘာ လ၂၅ ရက်နေ့ ဓညင်းကုန်းလမ်းဆုံမှာပဲ ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး ၆၀၀ ထုပ် တစ်ကြိမ်၊ စုစုပေါင်း ၇ ကြိမ် ၁ ကီလိုပါ မူးယစ်ဆေးဝါး အိုက်စ် ၃၀၂၅ ထုပ်နဲ့ မူးယစ်ဆေးဝါး ပီနံအိတ် ၄၀ ကိုသွားယူပြီးတော့ ဂိုဒေါင်ထဲမှာ သိုလှောင်ခဲ့ပါတယ်။

ဂိုဒေါင်ထဲမှာရောက်ရှိလာတဲ့ မူးယစ်ဆေး ဝါးတွေကို ဗိုလ်မှူးကြီး သားသား (ခ) ကျော်မြတ်ဦး(ခ)ဝေသာထွန်း ခိုင်းတဲ့အတိုင်း မူးယစ်ဆေးဝါးအထုပ်ကို ဂျပ်ဖာထဲထည့်ပြီး တော့ ဂိုဒေါင်ထဲမှာ သိုလှောင်ခဲ့ပါတယ်။ ဂိုဒေါင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဗိုလ်မှူးကြီး သားသား (ခ) ကျော်မြတ်ဦး (ခ)ဝေသာထွန်းက ဖုန်းဆက်လာပြီးတော့ ကျွန်တော့်ကို   ရွှေပြည်သာ မုတ္တမ ဆိပ်ကမ်းကို မူးယစ်ဆေးဝါး ၅၁ ဖာကို ပို့ပေးရမယ်လို့ပြောပါတယ်။  အဲဒါနဲ့ ကျွန်တော် အဲဒီမူးယစ်ဆေးဝါး ၅၁ ဖာပို့ပေးဖို့အတွက် Hijet ကားတစ်စီး ငှားခဲ့ပါ တယ်။ ကား ၁ စီးငှားပြီးတော့  မူးယစ် ဆေးဝါး ၅၁ ဖာကို ကျွန်တော်ကားပေါ် တင်ပြီးတော့ တနင်္သာရီသင်္ဘောပေါ်ကို မုတ္တမဆိပ်ကမ်းမှာ ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် တနင်္သာရီသင်္ဘောပေါ်မှာရှိတဲ့ စိုးပိုင်(ခ)စိုးစိုးကို ပြောပြီးတော့ တနင်္သာရီ သင်္ဘောထဲမှာ မူးယစ်ဆေးဝါး ၅၁ ဖာကို ချပေးခဲ့ပါတယ်။  ဗိုလ်မှူးကြီး သားသား(ခ) ဝေသာထွန်းက ကျွန်တော်တို့ကို ရန်ကုန်မှာ မူးယစ်ဆေးဝါး လုပ်ဖို့အတွက် တိုက်ရိုက် ခိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါး လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ကို တစ်လ ၃ သိန်းပေးပါ တယ်။ အရင်တုန်းက ကျွန်တော်တို့ လစာ မရခဲ့ပါဘူး။ ဒီမူးယစ်ဆေးဝါး လုပ်တဲ့အချိန်မှာပဲ ကျွန်တော်တို့ကို တစ်လ ၃ သိန်းပေးပါတယ်။ ကျွန်တော်တို့ AA အဖွဲ့ရဲ့ မူးယစ် ဆေးဝါးလုပ်နေတာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင် လည်း သိပါတယ်။ သူခိုင်းလို့လုပ်ရတာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ တခြားနိုင်ငံဒေသတွေကိုလည်း မူးယစ် ဆေးဝါးပို့ဆောင်တာလည်း ရှိပါတယ်။

ကျွန်တော်တို့ကို မဖမ်းမိခင်တုန်းက မလေးရှားနိုင်ငံကို ပို့မယ့် မူးယစ်ဆေးဝါးတွေ သွားတုန်းမှာ ဖမ်းမိတဲ့သတင်းကိုလည်း ကျွန်တော်တို့ကြားပါတယ်။ ရေကြောင်းက ပို့တာမိတာပါ။ ကျွန်တော်တို့ AA အဖွဲ့က လုပ်ဆောင်တာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်အနေနဲ့ မူးယစ်ဆေးဝါး ရောင်းရတဲ့ ပိုက်ဆံတွေကို ကျွန်တော်တို့ သုံးစွဲနေရတာ ကျွန်တော်တို့  စိတ်မလုံပါဘူး။ ပထမတစ်ကြိမ် ရေကြောင်းက ပို့လိုက်တဲ့ မူးယစ်ဆေးဝါးကို စစ်တွေကို ပို့လိုက်ရတဲ့အတွက် ကျွန်တော့်အနေနဲ့စိတ်မကောင်း ဖြစ်မိပါတယ်။ နောင်တလည်း ရမိပါတယ်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို  ရေလမ်းမှ သယ်ဆောင်ပေးခဲ့ကြတဲ့   ပဲ့ထိန်း  စိုးပိုင်(ခ)စိုးစိုးရဲ့ဝန်ခံထွက်ဆိုမှု

    ၂၀၂၂ ခုနှစ် လေးလပိုင်းလောက်မှာမှစပြီးတော့ ကိုသားကြီးကနေပြီးတော့ ကျွန်တော့်ကို ရန်ကုန်မှာ အလုပ်လုပ်ဖို့ဆိုပြီး သင်္ဘောမောင်းဖို့ဆိုပြီး ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ပြီးတော့ ကျွန်တော်ရန်ကုန်ကို ၅ လပိုင်းထဲမှာ ရောက်လာပါတယ်။ ၅ လပိုင်းမှာရောက်တာနဲ့   ကျွန်တော်နဲ့ ကိုကျော်ဟန်ဆိုတဲ့   တစ်ယောက်ကို ကျွန်တော်နဲ့   ဆက်သွယ်ပေးပြီးတော့ ကျွန်တော်တို့ သင်္ဘောဆီကိုစပြီးတော့ သွားပါတယ်။ သင်္ဘောကိုရောက်တဲ့အချိန်မှာ သင်္ဘောမှာ အစောင့် ၃ ယောက်ရှိပါတယ်။ ကျွန်တော်တို့ရောက်တာနဲ့သူတို့က ပြန်သွားပါတယ်။ နောက်ရက်တွေမှာ ကျတော့ ကိုကျော်ဟန်ရယ်၊ ကိုသားကြီးရယ် သူတို့ရဲ့အဆက်အသွယ်တွေနဲ့ နောက်သင်္ဘော သားတွေကို ဆက်သွယ်ပြီးတော့ သင်္ဘောပေါ်ရောက်လာပါတယ်။

 သူတို့ရဲ့ အဆက်အသွယ်နဲ့၊ ကျွန်တော့်လစာက တစ်လကို ငါးသိန်းဖြစ်ပါတယ်။ ကြားထဲမှာ အသုံးလိုလို့ရှိရင် ကြိုတင်ငွေအဖြစ် သုံးသိန်းလိုလို၊   ငါးသိန်းလိုလို လိုအပ်ရင် ထုတ်ပေးတာတွေရှိပါတယ်။    တနင်္သာရီ (၁)သင်္ဘောနဲ့ ကျွန်တော်ရန်ကုန်နဲ့ စစ်တွေ ခရီးစဉ်စုစုပေါင်း ၇ ခေါက်သွားပြီးပါပြီ။ 

၆ ကြိမ်အထိ ဘိလပ်မြေအိတ် ၅၀၀၀ တင်ပြီးတော့ ရန်ကုန်-စစ်တွေ သွားခဲ့ပါတယ်။ ၇ ခေါက်မြောက်သွားတဲ့အခါမှာတော့  ရွှေပြည်သာဆိပ်ကမ်းကနေပြီးတော့ ဆန် ၄၆၀ အိတ်တင်ပါတယ်။ ပြီးရင် ရွှေပြည်သာဆိပ်ရဲ့အနီး   မိဘမေတ္တာဆိပ်ကမ်းကနေပြီးတော့   နောက်ထပ် ဘိလပ်မြေတွေ တင်ပါတယ်။ ဘိလပ်မြေတွေ တင်ပြီးတော့ ဂျပ်ဖာ ၅၁ ဖာကိုပါ အဲ့ဒီဆိပ်ကမ်းကနေပဲ တင်လာပါတယ်။ ဂျပ်ဖာတင်မယ့် အချိန်မှာတော့ ကိုသားကြီးက ကျွန်တော့်ကိုဆက်သွယ်ပြီးတော့ ဒီဂျပ်ဖာလေးတွေက နည်းနည်းအရေးကြီးတယ်။ ဒီဂျပ်ဖာလေးတွေ နည်းနည်းဂရုစိုက်ပါ။ ဂျပ်ဖာလေးတွေ လာပို့မယ့် တစ်ယောက်ကို ကျွန်တော့်  ဖုန်းနံပါတ်ပေးထားတယ်။ သူဆက်သွယ် လာလိမ့်မယ်ဆိုပြီး ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော်နောက်မှ သိရတဲ့ နောနော်ဆိုတဲ့တစ်ယောက်  ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့ ဂျပ်ဖာ ၅၁ ဖာကို Hijet နဲ့  ပို့ပေးသွားပါတယ်။  ဒီခရီးစဉ်ပြီးလို့ရှိရင် ကိုသားကြီးကတော့ ကျွန်တော့်ကို  ပိုက်ဆံသိန်း(၅၀) ပေးမယ်လို့တော့ ပြောပါတယ်။ ရန်ကုန်ကနေစစ်တွေကို သွားလို့ရှိရင် ကျွန်တော်က ရန်ကုန်မြစ်ထဲကနေ ဆိပ်ကြီးခနောင်ချောင်းထဲမှာ စပြီး ကျောက်ချနေပြီးတော့ ရေအတက်လေးနဲ့ ဆိပ်ကြီးခနောင်ကနေ တွံတေးတူးမြောင်း

ကိုဖြတ်ပါတယ်။ တွံတေးတူးမြောင်းကနေ မအူပင်-ဝါးခယ်မ- မြောင်းမြ-ငပုတော အောက်နားလေးက ဖြတ်ပြီးတော့ ဟိုင်းကြီး၊ ပြီးရင် မော်တင်စွန်း အပြင်ဘက်ကနေပြီးတော့ ငရုတ်ကောင်းအပြင် ချောင်းသာအပြင် ဂွအပြင် ကမ်းရိုးတန်း တစ်လျှောက်သွားပြီးမှ စစ်တွေကိုတစ်လျှောက် မောင်းသွား ပါတယ်။ ကျွန်တော် ဟိုးအရင် ငယ်ငယ်တည်းကလည်း ၂၀၀၃ ခုနှစ်လောက်ကစပြီး တောင်ကုတ်မှာ သင်္ဘောတွေကို ရိုးရိုးသားသား အေးအေးဆေးဆေးနဲ့ပဲမောင်းပြီး နေလာခဲ့တာပါ။ အလုပ်တွေရှားလာတဲ့ အချိန်ကျမှ ကိုသားကြီးရဲ့ အဆက်အသွယ်နဲ့ ဒီကိုရောက်လာပြီးတော့ ဒီလိုအေးအေးဆေးဆေးလေး တရားဝင်ပစ္စည်းလေးတွေ သယ်ပြီးတော့  သွားရမယ်ဆိုပြီးတော့ ကျွန်တော်ရောက်လာပြီး လုပ်ဖြစ်ခဲ့တာပါ။ ဒီလိုမျိုး တရားမဝင်ပစ္စည်းတွေ တင်ပြီးသွားမယ်ဆိုရင် တကယ်ကျွန်တော်လုပ်ဖြစ်ခဲ့မှာမဟုတ်ပါဘူး။ အခုမှဒီလိုမျိုး AA တပ်ဖွဲ့ဝင်တွေလည်းပါတယ်။ တရားမဝင်ပစ္စည်းတွေလည်းပါတယ်ဆိုတာကို အခုမှသိရတဲ့အခါကျတော့ ကျွန်တော်တကယ် စိတ်မကောင်းဖြစ်ရပါတယ်။  ကျွန်တော့်မှာ သားလေး နှစ်ယောက်ရှိပါတယ်။ ဘဝရပ်တည်ရေး အတွက် သူတို့ရှေ့ရေးအတွက် ကျွန်တော်တွေးပြီး တော်တော်ကြီး စိတ်မကောင်းဖြစ်ရပါတယ်။ တရားဝင် ဘိလပ်မြေလေးတွေ တင်ပြီးတော့ တရားဝင် အေးအေးဆေးဆေး သွားမယ်ဆိုပြီး ပြောထားပြီးမှ နောက်ဆုံး ဒီလိုမူးယစ်ဆေးဝါးတွေ  ပါမယ်ဆိုတာလည်း ဘာမှမသိရဘဲနဲ့ ဒီလိုမျိုးဖြစ်လာပြီးမှ သိရတဲ့အခါကျတော့ လူတစ်ယောက်ကို သက်သက် အသုံးချသွားတာလို့ပဲ ပြောရမှာပေါ့။ ကျွန်တော်ရဲ့လုပ်တာ၊ ကိုင်တာလေးတွေကို သက်သက်အသုံးချသွားတယ်လို့ပဲ ပြောရမှာပေါ့။   ဒီလိုမျိုးပစ္စည်းတွေကို မသိဘဲနဲ့ ကျွန်တော်ပို့ပေးခဲ့မိတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်။  ရခိုင်က လူငယ်တွေနဲ့ မိဘတွေကိုလည်း ကျွန်တော် အများကြီး တောင်းပန်ပါတယ်။ ဒီလိုမျိုး ပစ္စည်းမျိုးတွေကို မသုံးမိဖို့အတွက် ပြောချင်ပါတယ်။ စစ်တွေကနေပြီးတော့ ဒီပစ္စည်းတွေကို ကျွန်တော်ထင်တာကတော့ နယ်စပ်ကနေတစ်ဆင့်   တစ်ဖက်နိုင်ငံတွေကို ပို့မယ်လို့ထင်ပါတယ်။ နယ်စပ်ဘက်တွေမှာလည်း  မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ သတင်းမျိုးတွေ ကြားဖူးပါတယ်။ AA အနေနဲ့လည်း မူးယစ်ဆေးဝါးကရတဲ့ ငွေတွေနဲ့ ရခိုင်လူငယ်တွေကို လက်နက်ခဲယမ်းတွေအတွက် အသုံးမပြုသင့်ဘူးလို့တော့ ထင်ပါတယ်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို ရေလမ်းမှ သယ်ဆောင်ပေးခဲ့ကြတဲ့ AA အဖွဲ့မှ  တပ်ကြပ်ကြီးအဆင့်ရှိ ကျော်ဟန်(ခ)ဆံရှည်ရဲ့ ဝန်ခံထွက်ဆိုမှု

    ကျွန်တော် AA တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ AA ၀၂၈၇ တပ်ကြပ်ကြီး ကျော်ဟန်ဖြစ်ပါတယ်။ ကျွန်တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ ကျွန်တော့်ကို AA တပ်ဖွဲ့ဝင်တစ်ယောက်က လာခေါ်တယ်။ ပြီးတော့ကျောက်တော်မြို့နယ်မှာ ကျွန်တော့်ကို  သင်တန်းတက်ခိုင်းတယ်။ ၅ လပိုင်းကျော်ကျော်လောက်မှာ ပြီးတယ်။ သင်တန်းပြီးတော့ ကိုယ်ပိုင်နံပါတ်ပေးတယ်။ မီးဝါးစခန်းမှာထားတယ်။  အဲဒီစခန်းမှာ စိုက်ခင်းတွေလုပ်ရတယ်။ ၂၀၁၆ ခုနှစ် မေလပေါ့  ၅ လပိုင်းလောက်မှာ ကျောက်တော်မြို့နယ် မီးဝါးစခန်း မှာနေပြီးတော့ ကျွန်တော်တို့စခန်းတွေ တည်ဆောက်ကြတယ်။ ပိတောက်နားမှာ တိုးချဲ့လာတော့ စခန်းတည်ဆောက်နေတဲ့  အချိန်ပေါ့။ မြန်မာတပ်မတော် စစ်ကြောင်းဝင်လာတော့ ထိပ်တိုက်စစ်ဖြစ်ကြတယ်။ စစ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က တပ်သားရဲဘော်နှစ်ဦးလောက် ကျဆုံးသွားတယ်။ အဲ့ဒီထဲကနေ   ကျွန်တော်တို့  ဘာမှန်းမသိလို့ ထွက်ပြေးလာတယ်။ ကျွန်တော်အဲ့ဒီက ထွက်ပြေးလာတော့ ကိုယ့်ဆီကိုရောက်သွားတယ်။ မြောက်ဦးမြို့နယ်ပေါ့၊ အဲ့ဒီမှာနေတယ်။  သူများဆီမှာ  အငှားလုပ်တယ်။ ကိုယ့်မှာ ဘာမှအလုပ်အကိုင်မရှိလို့၊ သူများဆီမှာ နေရင်းနဲ့ ပေါက်တောမြို့နယ်ဘက်ပြောင်းလာခဲ့တာ၊ အဲ့ဒီမှာတိမ်းရှောင်နေတာပေါ့။ အဲ့ဒီမှာတော့ ကျွန်တော် သဲအုတ်တွေ၊ ကျောက်အုတ်တွေ လိုက်စီတယ်။ ၂၀၂၁ ခုနှစ်မှာ ကျွန်တော့်ကို အောင်ဆန်းဦး ဆိုတဲ့လူက အဆက်အသွယ်လုပ်ပြီးတော့ အလုပ်လုပ် ချင်လားလို့မေးတော့ လုပ်မယ်လို့၊ သင်္ဘောစီးရမယ်၊ AA က ကုန်ပစ္စည်းပို့တဲ့ သင်္ဘောစီးရမယ်ဆိုပြီးတော့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း လုပ်မယ်ဆိုပြီး ကျွန်တော့်ကို ပိုက်ဆံနှစ်သိန်းပေးပြီးတော့ ရန်ကုန်ကို လွှတ်တယ်။ ကျွန်တော် ရန်ကုန်ကို ရောက်လာတော့ ဆိပ်ကြီး-ခနောင်ဘက်ကို ပို့ပေးခဲ့တာပါ။ တနင်္သာရီ(၁)သင်္ဘောကို ပို့ပေးခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော်စပြီး အလုပ်လုပ်တာ။ ကျွန်တော်တို့ အဲ့ဒီသင်္ဘောနဲ့ ကုန်ပို့တာတို့  ရန်ကုန်နဲ့စစ်တွေ နောက်ဆုံးပို့တဲ့ ထဲမှာတော့ ဘိလပ်မြေ ၇၀၀၀၊ ဆန်အိတ် ၄၆၀ ပြီးတော့ မူးယစ်ဆေးဝါးဖာ ၅၁ ဖာပေါ့ အဲ့ဒီကိုချတယ်။ ဒီကချတဲ့အခါတော့ ရွှေပြည်သာမုတ္တမ ဆိပ်ကမ်းပေါ့၊ အဲ့ဒီဆိပ်ကမ်းကချတယ်။ အဲ့ဒီမှာပဲချတာ၊  စစ်တွေရောက်တော့ ရေထဲမှာမော်တော် ဘုတ်တွေနဲ့ ပဲ့ထောင်တွေနဲ့ပဲ AA အဖွဲ့တွေက လာယူသွားကြတယ်။ မူးယစ်ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေကတော့ AA ရဲ့ ကုန်ပစ္စည်းတွေဖြစ်တယ်။ ၄ ညနဲ့ ၅  ရက်ပေါ့  စစ်တွေကို မောင်းတာအဲ့လောက် ကြာတယ်။    

AA အဖွဲ့မှ      စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်းမှ   မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများ  ပြုလုပ်ရန် တိုက်ရိုက်စေခိုင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးများ ကိုယ်တိုင်ပို့ခဲ့သူ AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ စိုးထွန်းရဲ့ ဝန်ခံထွက်ဆိုမှု

    ကျွန်တော်က အရင် AA အဖွဲ့ဝင်ဖြစ်ပါတယ်။ ရဲဘော်နံပါတ်က AA ၀၁၇၈ ဖြစ်ပါတယ်။ အရာရှိနံပါတ်က AC 0304 ဖြစ်ပါတယ်။  ဒုဗိုလ်အဆင့်ရှိ စိုးထွန်းဖြစ်ပါတယ်။ သင်တန်းတက်တာက ၂၀၁၂ခုနှစ်၊ ၈ လပိုင်းမှာ        သင်တန်းစတက်ပြီး ၂၀၁၂ ခုနှစ်၊ ၁၀ လပိုင်းမှာ သင်တန်းဆင်းပါတယ်။  ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ တပ်ကြပ်အဆင့် ရာထူး တိုးခဲ့ပြီးတော့ AA ဌာနချုပ်ကို သားသား (ခ)ဗိုလ်မှူးကြီးအဆင့်ရှိ   ဝေသာထွန်း ခေါ်တွေ့ပြီး ကျွန်တော်တို့က မန္တလေးမှာ  မူးယစ်ဆေးဝါး လုပ်ရမယ်လို့ပြောပြီး ကျွန်တော်တို့ကိုလည်း လိုင်ဇာကနေ မန္တလေးကို မူးယစ်ဆေးဝါး လုပ်ဖို့လာခဲ့ပါတယ်။ ကျွန်တော်ရောက်လို့ ၁ ရက် ၂ ရက်နေပြီးတော့ AA အဖွဲ့က ကျော်မင်းဌေးဆိုတဲ့ တစ်ယောက်ရောက်လာတယ်။ အဲ့မှာနေပြီး မှ နောက်တော့   ၃/၄/၅ လပိုင်းလောက်မှာအဲ့မှာ ၁၂ ဘီးကားတွေနဲ့ မူးယစ်ဆေးဝါးတွေ ရောက်လာပါတယ်။ ကျွန်တော်တို့က အဲ့ဒီမှာ ပါလာတဲ့ မူးယစ်ဆေးတွေကိုဖွင့်ပြီး ဓာတ်ပုံရိုက်ပြီးတော့ we chat က သားသား (ခ)  ဗိုလ်မှူးကြီး ဝေသာထွန်းကို ပြရတာပေါ့နော်။ ပြပြီးမှ ကျွန်တော်တို့က ဒီမှာ ထပ်စစ်ရတာပေါ့။  ကျွန်တော်တို့ဆီကို ရောက်လာတော့ ၁၂ ဘီးကားတွေပေါ့နော်။ တစ်ခါတစ်ခါတော့ ဆီဘောက်ဆာကားတို့  (4 wheel)) ကားတို့ အဲ့လိုကားတွေနဲ့ လာကြတယ်။ ကျွန်တော်တို့က ၂၀၁၅/၂၀၁၆ လောက်မှာ ၁ လ တစ်ကြိမ် ၂ လ တစ်ကြိမ်လောက်ပေါ့နော်။ အဲ့မှာ အထုပ် ၂၀ လောက် အရင်ရောက်တယ်ပေါ့။ အရင်ရောက်တော့ ကျွန်တော်တို့အဲဒီဂိုဒေါင်မှာသိုလှောင်ထားတာပေါ့။ သားသား(ခ) ဗိုလ်မှူးကြီးဝေသာထွန်း စေခိုင်းချက်အရ ရခိုင်က မြောက်ဦးတို့၊ ကျောက်တော်တို့၊ စစ်တွေတို့ကို ကုန်တင်ကားတွေနဲ့ ပို့ရတာရှိပါတယ်။ ကျွန်တော်က ၂၀၁၉ ခုနှစ်မှာ ဒုဗိုလ်ရာထူးတိုး ခံရပြီးတော့ ၂၀၂၀ ပြည့်နှစ်လောက်မှာ ကျွန်တော်ရခိုင်မြောက်ပိုင်းကို သားသား(ခ) ဗိုလ်မှူးကြီးဝေသာထွန်း စေခိုင်းချက်အရ သွားရတာပေါ့။ မောင်တော မြောက်ဘက်ရောက်တော့ AA က နေရာချပေးပါတယ်။ နေရာချပြီးတော့ ကိုအောင်ကြီးတို့  ကိုနိုင်ရှည်တို့  ကိုပုတို့နဲ့ပူးပေါင်းပြီး လုပ်ကိုင်ခဲ့ရတာပေါ့။ အဲ့မှာ ကျွန်တော်တို့က ဘင်္ဂလားနယ်စပ်ကို ဆိုင်ကယ်ကယ်ရီနဲ့ မူးယစ်ဆေးဝါးကိုပို့ရတာပေါ့။ အဲ့လိုနဲ့ နယ်စပ်တွေကိုရောက်တာပေါ့။ ကျွန်တော်တို့က မင်္ဂလာလှေဆိပ်ကို ကျွန်တော်ပို့တာတော့  ၅ ခါလောက်ပို့ခဲ့ပါတယ်။ တစ်ခါပို့ရင် အချောင်း ၂၀၊ ၃၀ လောက်ပေါ့။ ကျွန်တော်တို့စကားနဲ့ဆို ၁ ပုံး၊ ၂ ပုံး၊ ၃ ပုံးပေါ့နော်။

၁၀ ချောင်းကို ၁ ပုံးလို့ခေါ်တယ်။ တစ်ခါပို့ရင် ၂၀ ပို့တာရှိတယ်။ ၃၀ ပို့တာရှိတယ်။ ဟိုဘက်ကတော့ နယ်စပ်ရောက်သွားရင်တော့ ဘင်္ဂလားက ကုလားပွဲစားတွေ လာယူတာပေါ့နော်။ အဲဒီလိုတော့ရှိခဲ့ပါတယ်။ အဲဒီရခိုင်မှာ မောင်တောမြောက်ပိုင်းမှာ နေတုန်းက ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဝါးပို့တဲ့ လုပ်ငန်း ၁ နှစ်လောက်  လုပ်ခဲ့ပါတယ်။ ၁ နှစ်လောက်လုပ်ပြီးတော့  နိုဝင်ဘာလလောက်မှာ သားသား(ခ) ဗိုလ်မှူးကြီးဝေသာထွန်းက ကျွန်တော့်ကိုဖုန်းဆက်ပြီးတော့ ရန်ကုန်ကို မူးယစ်ဆေးဝါး လုပ်ရမယ်ဆိုပြီးတော့ ပြောလာပါတယ်။  ရန်ကုန် ရောက်တော့ ကနောင်မင်းသားကြီးလမ်း၊ဇုန် ၁ က  ဒုဗိုလ်နောနော်တို့နေတဲ့ အဲဒီ ဂိုဒေါင်မှာ ဒုဗိုလ်ထွန်းလင်းရယ်၊ ဒုဗိုလ် နောနော်ရယ်၊ ကျွန်တော်ရယ် ၃ ယောက် နေခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဒုဗိုလ်နောနော်က အငှားယာဉ်နဲ့သွားပြီးတော့ မူးယစ်ဆေးဝါးအိုက်စ် ၁ ကီလို ၂၀ ထုပ်ပါ ပီနံအိတ် ၃ အိတ်၊ ၁၅ ထုပ်ပါ တစ်အိတ်၊ ၇၅ ထုပ်ကို ဂိုဒေါင်ထဲရောက်တယ်။ အဲဒါကို ဂိုဒေါင်ထဲမှာထည့်ပြီးတော့ စက္ကူဖာတွေနဲ့ တိပ်တွေနဲ့ပတ်ပြီး နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊ ကျွန်တော်ရယ် ၃ ယောက်ပေါင်းပြီးတော့ ထုပ်ကြတာပေါ့။ ကျွန်တော့်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ   နောနော်က ပုလဲလမ်းဆုံက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထားခဲ့တာပေါ့။ သူကတော့ မူးယစ်ဆေးဝါးကို ကား ၁ စီးနဲ့ ဂိုဒေါင်မှာချတယ်။  ချပြီးတော့မှ ကျွန်တော့်ကို အဲဒီကားနဲ့လာခေါ်တယ်။ လာခေါ်ပြီးတော့မှ ဘူတာကိုရောက်တယ်။ ဘူတာရောက်ပြီးတော့ နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊  ကျွန်တော်ရယ် ၁ ကီလိုပါ ၂၀ ထုပ် အထုပ် ၆၀၀ ပေါ့နော်။ စက္ကူတွေနဲ့လိပ်ပြီးတော့ ဂိုဒေါင်မှာသိမ်းခဲ့ပါတယ်။ ဒုဗိုလ်နောနော်ကို ပစ္စည်းလာပို့တဲ့ကားက ဖုန်းဆက်တာပေါ့နော်။ ပစ္စည်းရောက်နေပြီ အစ်ကိုတို့လာယူ၊ အဲဒီမှာကျွန်တော်တို့က Alphard ကားနဲ့သွားပြီးယူတာပေါ့။ အစတုန်းကတော့ သူတို့က ပုလဲလမ်းဆုံလို့ချိန်းတယ်။ ဒါပေမဲ့ ပုလဲလမ်းဆုံတော့မဟုတ်ဘူး။ နောက်မှ သူတို့က ၁၄ လမ်းဆုံဆိုပြီးချိန်းတယ်။ ၁၄ လမ်းဆုံကို ကျွန်တော်တို့သွားတာပေါ့။ သွားတဲ့အခါ သူတို့က ကားအမျိုးအစားနဲ့ ကားနံပါတ်ကိုမေးတာပေါ့။ ဒုဗိုလ်နောနော်က ကားအမျိုးအစား၊ ကားနံပါတ်တွေ ပြောလိုက်တာပေါ့။ အဲဒီမှာ ၁၄ လမ်းဆုံရောက်တော့ သူတို့က အရှေ့ကထွက်ပြီး လက်ကာပြပြီး ရပ်တာပေါ့နော်။ အဲဒီမှာကျွန်တော်တို့ ဆင်းတာနဲ့ ကားပေါ်ကဆင်းတာနဲ့ အဖမ်းခံရတာပေါ့။

    ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးကို အဓိကကြိုးကိုင်ပြီး လုပ်နေတာက  စီးပွားရေး တာဝန်ခံစစ်ရုံးချုပ်က   သားသား(ခ)  ဗိုလ်မှူးကြီးဝေသာထွန်းပေါ့။ ကျွန်တော်တို့ ဒီလိုမူးယစ်ဆေးဝါးတွေ  လုပ်နေတာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း မသိတာတော့ မရှိပါဘူး။ သူကတော့သိလောက်ပါတယ်။ ကျွန်တော်တို့က လုပ်တာတော့ လုပ်ပြီးသွားပြီ။  ဒါပေမဲ့  နောင်တတော့ ရတာပေါ့။ ညွှန်ကြားတဲ့အတိုင်း လုပ်ရတာပေါ့။ ကျွန်တော်တို့လည်း မလုပ်ချင်ပါဘူး။