တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ စက်မှုကုန်ကြမ်း ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ စက်မှုကုန်ကြမ်း ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၇

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂၂)လမ်း၊ အမှတ်(၁၉)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Jagermeister (၄၆၈)ပုလင်း အပါအဝင် ကုန်ပစ္စည်း(၁၀)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၄၀၀၀၀)ကို လည်းကောင်း၊ ဒဂုံအရှေ့ မြို့နယ်၊ သံချပ်ဝန်ဦးမြူလမ်း၊ (၁၁၈)ရပ်ကွက်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   စက်မှုကုန်ကြမ်း(ဘေထုပ်) (၃၁၂၅)ထုပ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၃၂၅၀၀၀၀)ကို လည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် White Offset Paper ကီလိုဂရမ် (၆၀၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆၁၆၈၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁၂၀၆၈၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ ဇီးခြံ ကျေးရွာအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့် စက်မှုကုန်ကြမ်း (ဘေထုပ်) (၁၅၈)ထုပ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၂၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   ဖေဖော်ဝါရီလ ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ   တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ခံတွင်းကုသမှုဆိုင်ရာ ပစ္စည်းများဖြစ်သည့် Kris Algin Hight Precision Alginate (၉၉)ဘူး အပါအဝင် ဆေးဝါး(၁၀)မျိုး စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၀၃၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီလ ၆ ရက်တွင် ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ သာမညမြို့မှ ကျောက်ဆည်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ  သွင်းကုန်ကြေညာလွှာတွင်  ကြေညာထားခြင်း မရှိသည့်  Double Rhino Woven Polypropylene  Bags ကီလိုဂရမ် (၅၁၀၀)   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀၀)နှင့်  အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Volvo Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၇၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဒိုက်ဦးမြို့နယ်၌ လိုင်စင်မဲ့ Toyota Succeed မော်တော်ယာဉ်(၁)စီးနှင့် Toyota Probox မော်တော်ယာဉ်(၃)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊ ဖေဖော်ဝါရီလ ၇ ရက်တွင် နတ္တလင်းခရိုင် အတွင်း၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၇၉၀)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၆၆၄)ကို  သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၅၈၂၀၆၆၄)ကို   ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တို့တွင်  ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊  (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၄၈၁၃၁၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှသိရသည်။