လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေး ကောက်ခံရာ ပေးဆောင်ခြင်းမရှိ၍ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

 

လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား KIO/KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဆက်ကြေး ကောက်ခံရာ ပေးဆောင်ခြင်းမရှိ၍ အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

          လက်နက်ကိုင်သောင်းကျန်းသူများ၊ အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများနှင့် ရိုးသားစွာ စီးပွားရှာဖွေ လုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား လက်နက်အားကိုး၍ နိုင့်ထက် စီးနင်းပြုကာ အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက် ဓါးပြတိုက်ခြင်းနှင့် အခွန်ကောက်ခံသည်ဟု အကြောင်းပြကာ မတရားဆက်ကြေး ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ လိုလားချက်အပေါ် လိုက်ပါ ဆောင်ရွက်ခြင်း မရှိပါက လူပြန်ပေးဆွဲခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းနှင့် မိုင်းထောင် ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။    

          ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ် ရှေ့တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် အဆိုပါဟိုတယ်မှ လုံခြုံရေး ဝန်ထမ်းဖြစ်သူ  ဦးဆေးပလယ်(၂၇)နှစ်၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၀)နေသူတွင် ယာလက်ကောက်ဝတ် မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသူ မချောစုအောင်(၁၈)နှစ်၊ ရပ်ကွက်(၅)၊ နယ်မြေ(၄)နေသူတွင် လည်ပင်းအရှေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ညိုသကြီးဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပါသည်။

          ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်နှင့် လုံခြုံရေးအထောက်အကူပြု မှတ်တမ်းများအား စိစစ်ချက်အရ အမျိုးသား ၂ ဦးသည် KENBO 110 ဆိုင်ကယ်ဖြင့် ဟိုတယ်ရှေ့သို့ ရောက်ရှိလာပြီး ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထား ခဲ့ကာ ၎င်းတို့ ၂ ဦးပြန်လည် ထွက်ခွာသွားပြီးမကြာမီ အဆိုပါ ဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

          စိစစ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီလ ၅ ရက်နေ့မတိုင်မီ အခွန်ငွေအား မပျက်မကွက် လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်း ကြားစာအား လာရောက်ပေးပို့ခဲ့ပြီး ဟိုတယ်မှပေးသွင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ KIO/ KIA လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။