မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈  ကီလို ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈  ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၈

    မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ  ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂ ရက်တွင် မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ကျေးရွာမှ  ပျော်ဘွယ်မြို့နယ် တောင်ဂွကျေးရွာသို့ သွားသည့်  တောင်ကြားလမ်း ကျွဲကျကျေးရွာချောင်းအနီး၌ သတင်းအရ စောင့်ဆိုင်းနေစဉ်  ည  ၆  နာရီတွင် ကြိုတင်သတင်း ရရှိထားသည့် ကိုမျိုး၊ မျိုးမြင့်ထွန်းနှင့် ညွန့်ဝင်းတို့ ၃ ဦးသည် မော်တော်ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာ၍ ရှာဖွေရာ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဆပ်ပြာခွက် ၃၃၀၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူအလေးချိန် ၃၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘိန်းဖြူများ သယ်ဆောင်ခိုင်းသူ  ဆန်းဦးနှင့်  ပူးပေါင်းပါဝင်သူ အောင်ထွန်းလင်း(ခ)ချစ်သဲတို့အား ယင်းနေ့ ည ၈ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာတွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက် အရ ည ၈ နာရီခွဲတွင် သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ မြို့မကွက်သစ်ရပ်ရှိ ကိုမျိုး၏ နေအိမ်မှ ဆပ်ပြာခွက် ၂၁၇၈ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူအလေးချိန် ၂၁ ဒသမ ၇၈ ကီလိုအား ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၆၉၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၄ ဒသမ ၇၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက် ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၅ ရက် မွန်းလွဲ ၂ နာရီတွင်  ဘိန်းဖြူများ သယ်ဆောင်ခဲ့သည့်   ၂၂  ဘီးတွဲယာဉ် မောင်းနှင်သူ လွင်မိုးသူ(ခ)မိုးသူအောင်အား တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် ၎င်းယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ  ဘိန်းဖြူများအား  ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့  သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။